Chinese Restaurant @PanWady 1207 views


ရန်ကင်းဘက်ရောက်ရင် အောင်ဇေယျလမ်းမကြီးမှာ စားသောက်ဆိုင်တွေကလည်း ပေါမှပေါနော်။ အဲ့ဒီ အောင်ဇေယျလမ်းဘက်ရောက်တုန်းလေး ပန်းဝတီဆိုတဲ့ အကင်နဲ့ တရုတ်စားသောက်ဆိုင်လေးမှာ သွားစားဖြစ်ခဲ့တဲ့ အကြောင်း ဖောက်သည်ချချင်ပါတယ်။

 

ဒီဆိုင်လေးက ဖွင့်ထားတာလည်း မကြာသေးဘူး ။ အဓိက က အကင် နဲ့ တရုတ်အစားအစာတွေ ရောင်းပါတယ်။ ကိုယ်တွေ ရောက်သွားတဲ့ အချိန်က နေ့ လည် ထမင်းစားချိန် ဆိုတော့ ထမင်းနဲ့ တွဲဖက် စားသောက်ဖို့ တရုတ်ဟင်းလျာတွေကို မှာကြတယ်ပေါ့ ။ မီနူးထဲမှာတော့ ဟင်းလျာတွေက အများကြီးပဲ ခင်ဗျ။ ရွေးစရာတွေကလည်း အများကြီး။ အပေါ်လှန် အောက်လှန်နဲ့  ( မီနူုးစာအုပ်ကို ) တော်တော်လေး ရွေးလိုက်ရတယ်။

 

ဘာလို့ လဲ ဆိုတော့ စားစရာအားလုံးကလည်း ကောင်းမဲ့ပုံ ဆိုတော့ ဟိုဟာလည်း စားချင် ဒီဟာလည်း စားချင် ဖြစ်နေသေးတယ်လေ။ ဒါနဲ့ နောက်ဆုံး

ငါးကြံမဆိုင်ဟင်းရည် ရယ် ၊ ငရုပ်စပ်ကြက်ကြော်ရယ် ၊ အာလူးပီဇာရယ် ၊ ပဲတောင့်ရှည် ခရုဆီ ကြော် တစ်ပွဲရယ် ထမင်းနဲ့  စားကြမယ် ဆိုပြီးရွေးလိုက်ရတယ်။ ဒါနဲ့ ကိုယ်တွေ မှာစားဖြစ်ခဲ့တဲ့ ဟင်းလျာလေးတွေကိုပဲ ဘယ်လို အရသာရှိတယ် ဆိုတာ မျှဝေပေးပါမယ်။

 

ငါးကြံမဆိုင်ဟင်းရည်

ငါးမြစ်ချင်း နဲ့ ချက်ထားတဲ့ ငါးကြံမဆိုင်ဟင်းရည် ချဉ်စပ်လေးပါ။ သူရဲ့ အရသာက ချဉ်ချိုစပ်လေးပါ ။ ငါးပါတဲ့ အတွက် ပိုချိုပါတယ်။ ပြီးတော့ လျှာမှာ စပ်ဖျင်းဖျင်းလေးနဲ့  အရသာတော်တော်လေး ကောင်းပါတယ်။

 

ငရုပ်စပ်ကြက်ကြော်

ငရုပ်သီး အပွနဲ့ ကြက်သားကို ရောကြော်ထားတာလေးပါ။ အရမ်းစပ်မှာထင်တာ အနေတော်လေးပါပဲ ။ အထဲမှာ တရုတ်ဟင်းခတ်အမွှေးအကြိုင်လေးတွေ ထည့်ထားတယ် ထင်တယ် အနံ့ လေးကလည်း မွှေးပြီး ကြက်သားကလည်း ကြော်ထားတာ ရွရွလေးပါ။

 

အာလူးပီဇာ

အာလူးပီဇာ ဆိုလို့  ပီဇာကို အာလူးထည့်ဖုတ်ထားတာ မျိုးတော့ မဟုတ်ပါဘူး ။ အားလူးအမျှင်မျှင်လေးတွေ ခြစ်ထားတာကို ပီဇာပုံစံ ဖြစ်အောင် အဝိုင်းလိုက်လေး ကြော်ထားတာပါ။ အမျှင်လေးတွေ လုပ်ပြီး ကြော်ထားတာ ဆိုပေမဲ့ ဆီလည်း သေသေချာချာ စစ်ထားပြီး မပျော့မမှာလေး နဲ့ စားရတာ အရသာရှိတယ်။

 

 

ပဲတောင့်ရှည် ခရုဆီကြော်

ပဲတောင့်ရှည် စိမ်းစိမ်းစိုစို ကို အရှည်လိုက် ခရုဆီနဲ့ ပုံစံမပျက်လေး ကြော်ထားတာပါ ။ ပဲတောင်ရှည်ရဲ့ အတွင်းသားအထိ အရသာရှိပြီး ခရုဆီနဲ့ ကြော်ထားတဲ့ အရည်လေးကလည်း ထမင်းနဲ့ နယ်စားလို့ တော်တော်ကောင်း။

ကဲ အားလုံး Overall ပြောရရင် ဟင်းပွဲတွေက လက်ရာလည်း ကောင်း အရသာလည်း ကောင်းပြီး ဟင်းတစ်ပွဲ တစ်ပွဲကို တော်တော်များလို့  မိသားစု လိုက် ၅ယောက်လောက် စားလို့  ရပါတယ်။ ကိုယ်တွေ နှစ်ယောက်လောက်စားတာတောင် မနည်းစားလိုက်ရတယ်။ :D

 

လက်ရာလေးလည်း တော်တော်ကောင်းတော့ ဆိုင်ရှင် အစ်မကြီးကို နည်းနည်းဗျူးခဲ့သေးတယ် ။ တရုတ်စားသောက်ဆိုင်ဆိုပေမဲ့ သူက စီးချွမ်းပြည်နယ် ဘက်က လက်ရာမျိုးပါတဲ့ ။ သုံးတဲ့ အမယ်တွေ ၊ ဟင်းပွဲ နာမည်တွေကလည်း နည်းနည်း ထူးဆန်းတယ် ။ အာလူးပီဇာတို့  ငရုပ်စပ်ကြက်ကြော်တို့  ပြီးတော တခြား နာမည်ထူးထူးဆန်းဆန်း ဟင်းအမယ်တွေလည်း ရှိသေးတယ်။ ဆီအရမ်းမသုံးဘဲ အရည်စက်စက်လေးတွေ ချက်ထားတာများတယ်။ အကြိုက်ဆုံးကတော့ အစားအစာတိုင်းမှာ ဟင်းသီးဟင်းရွက်လေးတွေ ရောချက်တာမျိုးပါ ။ ကိုယ်တွေလို အသားနဲ့ အရွက် မျှမျှတတ ရောစားရ တာ ကြိုက်တဲ့ သူတွေ အတွက် ရှယ်ပဲ။

 

ပြီးတော့ ဈေးနှုန်းတွေကလည်း မိသားစုလိုက် ၊ သူငယ်ချင်းတွေ အဖွဲ့ လိုက် စားမယ်ဆိုရင် တော်တော်တန်တဲ့ ဈေးနှုန်းလေးတွေပါ။ ဒီတော့ ဈေးနှုန်းလေးတွေ နဲ့ ဆိုင်ရဲ့ အထူး ပရိုမိုးရှင်းလေးတွေ ရှိတယ်ဆိုတာကို မျှဝေပေးပါမယ်။

 

ငါးကြံမဆိုင်ဟင်းရည် - ၉၈၀၀ကျပ်

ငရုပ်သီးစပ် ကြက်ကြော် (ဗမာကြက်သာ သုံးသည် ) - ၉၈၀၀ကျပ်

ပဲတောင့်ရှည် ခရုဆီကြော် - ၃၅၀၀ကျပ်

အာလူးပီဇာ - ၃၀၀၀ကျပ်

 

အထူးပရိုမိုးရှင်း အနေနဲ့  ကျပ် ၂သောင်းဖိုး ပြည့်ရင် ဆိုင်မှ ဟင်းပွဲတစ်ပွဲ လက်ဆောင်ပေးပါမယ်တဲ့။ မတ်လ တစ်လလုံး ဖြစ်ပါတယ်တဲ့ ။

ဟုတ်ကဲ့ ဆိုင်လိပ်စာကတော့ - ပန်းဝတီ အကင်နှင့် တရုတ်စားသောက်ဆိုင်

အမှတ် (၃၁/က) ၊ အောင်ဇေယျလမ်း ၊ ရန်ကင်းမြို့ နယ် ၊ ဖုန်းနံပါတ်ကတော့ ၀၉ ၂၅၂၅၈၆၁၆၆ ပါတဲ့။

 

တရုတ်အစားအသောက် ကောင်းကောင်း စားချင်သူများအတွက် အဆင်ပြေပြီး ညပိုင်းဆိုရင်လည်း သူငယ်ချင်းတွေနဲ့  အကင်တွေ ဘာတွေ စားချင်တယ် ဆိုရင် ပန်းဝတီ အကင် နဲ့ တရုတ်စားသောက်ဆိုင်လေးကို ညွန်းလိုက်ပါတယ်လို့  ။

 

Fred ( MyLann )