ဒီတစ်ခေါက်တော့ Myanmar Plaza က Snow House ဆိုတဲ့ဆိုင်လေးအကြောင်းပြောပြပေးမယ်နော့ 1061 views


မြန်မာပလာဇာရောက်တုန်း ဒုတိထပ်ကို ရောက်တော့ ဒီဆိုင်လေးမှာ လူတွေအုံနေတာနဲ့  ဘာဆိုင်ပါလိမ့်ဆိုပြီး သွားကြည့်မိရင်းကနေ စားဖူးသွားတဲ့ Snow House Taiwan ရေခဲမုန့် နဲ့ ရေခဲချောင်းပါ။

ကိုယ်က အရင်ကထဲက ရေခဲချောင်းဆိုရင် အချိုများတယ် ။ ချွဲကြပ်တယ် ဆိုပြီး ရှောင်ထားတာ ဒီတစ်ခုစားကြည့်မှ တော်တော်လေး သဘောကျသွားတယ်။ သူက ရေခဲချောင်းကို သဘာဝ သစ်သီးတွေနဲ့  လုပ်ထားတာလေးပါ။ အချိုပေါ့တယ်။ သစ်သီးအရသာ အတိုင်းပါ။ ပိုပြီး ကြိုက်သွားတာက ရေခဲချောင်းကို အရသာတွေ စပ်ပေးထားတာ ။ ဥပမာ နင်္ဂါးမောက်သီးနဲ့ သရက်သီးကို တစ်ဝက်စီ ရောပြီး ခဲထားတဲ့ ရေခဲချောင်းတို့  ။ ဒီလိုပဲ တခြား ရာသီပေါ် သစ်သီးတွေကို စပ်ပြီး လုပ်ထားတာ။ နာနတ်သီး ၊ ဖရဲသီး ၊ သရက် ၊ စတော်ဘယ်ရီ စတာတွေနဲ့  စားလို့ ကောင်းတယ်။ အထဲမှာလည်း အသီးကြိတ်ထားတဲ့ အဖက်လေးတွေပါတယ်။ ချွဲလည်းမကြပ်ဘူး ။ ဆိုတော့ ဘော်ဒါတွေကို ထပ်ရှယ်တာပေါ့လေ။
ရေခဲမုန့် ကလည်း ကောင်းတယ်။ စတော်ဘယ်ရီ ရေခဲမုန့် ဆိုရင် စတော်ဘယ်ရီသီးလေးတွေ စိတ်ပြီး ထည့်ပေးထားတယ်။ စတော်ဘယ်ရီနဲ့ လုပ်ထားတဲ့ ရေခဲမုန့် လည်း စားရတယ်။ ဒီတော့ သဘာဝအသီး အရသာတွေကို ချိုချိုအေးအေးလေး စားရတယ်။

ကိုယ် စားနေတုန်း သတိထားမိတာက ရေခဲမုန့် တို့  ရေခဲချောင်းတို့ ဆိုတော့ ကလေး ပရိသတ်တွေပဲများတယ် ထင်တာ။ ဒီဆိုင်မှာတော့ လူကြီး လူငယ် ပေါက်စလေးတွေကော အစုံပဲ တွေ့ ရတယ် ။ အရသာလည်း ကောင်းလို့ ထင်ပါတယ်။ အဲ သစ်သီးရေခဲချောင်းကတော့ တစ်ချောင်း (၂၀၀၀) ပါတဲ့ ဗျ။

ကိုယ်တွေလို ချွေတာတဲ့ သူတွေအဖို့ များတယ်လို့ ထင်ပေမဲ့ သစ်သီးအရသာ စစ်စစ် စားသုံးနိုင်ပြီး အရသာလေးတွေကို ရောစပ်ပေးထားတော့ စားရတာ တန်တယ်လို့ တွက်လိုက်ပါတယ်။ ပြီးတော့ တခါတလေ စားတာ ဆိုတော့လည်း ကိုယ့်စိတ်ကို နည်းနည်းတော့ လွတ်ပေးလိုက်မိတယ် :P

တခြား စားလို့ ကောင်းတာလေးတွေလည်း သိရအောင် မီနူးကိုပါ ပုံရိုက်ပြီး ရှဲပေးလိုက်တယ်။ ဆိုင်ထဲမှာ ပလာဇာ လမ်းဘက်ကို လှည့်ပေးထားတဲ့ ထိုင်ခုံတန်းလေးလည်း ရှိတယ်။ အဲ့မှာ ထိုင်စားရင်း ပလာဇာကို လာတဲ့ အလန်းလေးတွေကိုလည်း ငေးလို့ ရတယ်နော် :P မြန်မာပလာဇာ ရောက်တုန်း ကြုံရင် စားကြည့်ပါလို့ ။

Fred ( MyLann)

‪#‎MyLann‬ ‪#‎Foodinyangon‬ ‪#‎FoodieMyanmar‬ ‪#‎SnowHouse‬ ‪#‎popsicle‬ ‪#‎icecream‬