အားလုံးပဲ သင်္ကြန်ပိတ်ရက်လေးမှာ အဆင်ပြေကြရဲ့ လား 720 views


ဒီပိတ်ရက်မှာ အက်မင် Fred ကတော့ နယ်ကျော်ပြီး ဘန်ကောက်ကို စားမယ် ဝါးမယ် ရောက်သွားခဲ့ပါတယ်  သိတဲ့ အတိုင်း ဘန်ကောက်က ဗီဇာလည်း မလိုတော့ဘူး ။ လေယာဉ်ခတွေကလည်း ကြိုဝယ်ရင် သက်သာတယ် ဆိုတော့ ပလန်တွေ ချပြီး အဲ့ဒီက အစားအသောက်လေးတွေ မြည်းစမ်းခဲ့ပါတယ်။

ထိုင်းစာတွေဆိုတော့ သိတဲ့ အတိုင်း အသုပ်တွေ ၊ အကင်တွေ ၊ ပင်လယ်စာတွေ တန်မှတန်ပေါ့ ။ ဒီထဲမှာမှ ခုတလော နာမည်ကြီးပြီး လူတော်တော်များများ သွားနေကြတဲ့ ညဈေး လေး တစ်ခုကို သွားခဲ့တာလေးကို မျှဝေပေးချင်ပါတယ်။

Train Night Market လို့ ခေါ်တဲ့ ညဈေးလေးပါ ။ အစားအသောက် ၊ အဝတ်အထည် ၊ ဖန်စီပစ္စည်း ၊ ကော့တေးလ် ဘားတွေ တစ်စုတစ်စည်ထဲ ရှိတဲ့ နေရာလေးပေါ့ ။ ဟိုရောက်ရင် စုံလွန်းလို့ ဟိုဟိုဒီဒီ သွားချင်မှာ အသေအချာပဲ ။ ဒီတော့ ကြိုတင် ပလန်ချစေချင်ပါတယ်။ စားစရာ အရင်စားပါ ။ ပြီးမှ ဈေးဝယ်တာ လျှောက်ကြည့်တာ လုပ်ပါ။

စားမယ် ဝါးမယ် ဆိုရင်

ထိုင်းအကင်တွေ တန်မှတန် ဘတ် ၁၀ မြန်မာငွေ ၃၅၀ ကျပ်လောက် နဲ့  ကြိုက်တာစားလို့ ရပါတယ်။ ပင်လယ်စာအကင်တွေရှိသလို အသားလုံးကင်တွေလည်း ရပါတယ်။ တို့ စားရတဲ့ အချဉ်တွေကလည်း ရှယ်ပဲ။

" Kung Tep Home Made Sea Food "

ပင်လယ်စာ အစုံအလင် ရောပြီး ချက်ထားတာလေးကို စားပွဲပေါ်မှာ ဆီခံစက္ကူလေး ခင်းပြီး ချစားရတာလေးပါ ။ ပုဇွန် ၊ ယောက်သွား ၊ ပြည်ကြီးငါး ၊ ကမာ ၊ ပြောင်းဖူး စတာတွေကို ရောပြီး ချက်ထားပါတယ်။လက်အိပ်စွတ်ပြီး အားရပါးရ ကိုင်ပြီး တွယ်ရပါတယ်။  အရသာလည်း တော်တောရှိပါတယ်။ ဟင်းအရည်တွေကိုလည်း ယောက်သွားခွံနဲ့ ခပ်စားရတဲ့အထိ ကောင်းပါတယ် ။ သူက ဈေးနှုန်း နှစ်ယောက်စား ဘတ် ၂၀၀ ကျော်ကနေ ဘတ် ၅၀၀ ကျော် ၆ယောက် အထိစားလို့ ရတဲ့ ပွဲအစားစာရှိပါတယ်။ ဆိုင်ကလည်း လူပြည့်နေတက်ပါတယ်။

"ငါးဆားကင် ၊ သင်္ဘောသီးထောင်း ၊ ပြောင်းဖူးထောင်း"

ချဉ်ချဉ်စပ်စပ် စားမယ်ဆိုရင်တော့ ဒါလေးတွေကလည်း ထိုင်းအစားအစာထဲမှာ မပါမဖြစ်ပေါ့။ ငါးဆားကင်က အပြင်ကို ဆားနဲ့ အုံထားပြီး အထဲမှာ အရွက်ထည့်ပြီး အုံကင်ပေးထားတော့ အရသာရှိမှရှိနော် ။ပြီးတော့ ငါးကင်ကို နည်းနည်းဖဲ့ပြီး ဆလပ်ရွက်နဲ့ တည် အချဉ်လေး ထည့်စားကြည့် ။ တော်တော် ကောင်းတယ်။ သင်္ဘောသီးထောင်းကတော့ ချိုချဉ်စပ်လေး ၊ ပြောင်းဖူးထောင်းကတော့ မြေပဲလေးတွေ ၊ ဆားငံကြက်ဥလေးတွေနဲ့ အရသာ ရှိမှရှိ ။

"သစ်သီးဖျော်ရည်စုံ "

ဒီက သစ်သီးဖျော်ရည်လေးတွေက အသီးအနှံ အစစ်ကို ကျိတ်ဖျော်ပြီး ဘူးလေးတွေနဲ့ လတ်လတ်ဆတ်ဆတ် ထည့်ပေးထားတာ ၊ ရေခဲလည်း စိမ်ထားပေးတော့ အစပ်စားပြီး သောက်ကြည့် ဂွတ်မှဂွတ်ပဲ ။ ဘတ် ၂၀ လောက် ပဲရှိတယ်။

"ထိုင်းပေါ့ကင်"

ဟော့ပေါ့ အိုးလေးတွေနဲ့ အကင်စားရတာ ကြိုက်တဲ့သူတွေအတွက် ထိုင်းပေါ့ကင်လည်း ရှိပါတယ်။ ဝက်သားနဲ့  စားကြတာများပါတယ်။ ပူပူလောင်လောင်လေး ကင်ပြီး စားကြတော့ ခံတွင်းပိုမှိန်တယ်လေ။

ကိုယ်တွေ ဒီ ညဈေးကို ရောက်တော့ သောင်ပြင်ထဲ လွတ်လိုက်တဲ့ ဟင်္သာလေးတွေ ပမာ ဝဲကာပျံကာ ပတ်လို့  ကို မပြီးနိုင်တော့ပါဘူး ။ စားစရာတွေက ည ၁၁ နာရီ လောက် ဆို ကုန်ပါတယ်။ ဒါကြောင့် အစားအစာအားလုံးကို အရသာ မခံလိုက်ရ မရှိလေအောင် စောစော စားခိုင်းတာပါ။ ပြီးမှာ ဈေးဝယ်တာ လျှောက်ကြည့်တာ ဘားထိုင်တာ လုပ်သင့်ပါတယ်။ စားစရာ ထည့်ထားတဲ့ ဘူးလေး ကိုင်စားပြီး လျှောက်ကြည့်တာလည်း ဖီလ်း တစ်မျိုးလေးပါ။

ဘော်ဒါတွေနဲ့  အဖွဲ့ လိုက်လာ စုပြီးစားရင် မြန်မာငွေ တစ်သောင်းဝန်းကျင်လောက် သုံးရုံနဲ့  တော်တော်များများ စားရပါတယ်။ ကိုယ်တွေ့ 
ဘားတွေ ဘာတွေ ထိုင်ရင်တော့ နည်းနည်းတော့ ပိုကုန်မှာပါ။ ဒါပေမဲ့ ကိုယ်တွေလို လူငယ်တွေချည်း ဆိုတော့ ဟိုငေး ဒီငေးလုပ် စကားလေး ပြောရင် အချိန်ကုန်ရတာ လည်း အရသာတစ်မျိုးလေးပါပဲ။

ဒီညဈေးက ညနေ ၅နာရီဆိုရင် စခင်းပါတယ်။ ည ၁၂ လောက် ဆိုရင် ဆိုင်တွေ စသိမ်းပြီး ၁နာရီဆိုရင် ပိတ်ပါတယ်။ အင်္ဂါနေ့ ကနေ တနင်္ဂနွေနေ့ အထိ ဖွင့်ပြီး တနင်္လာနေ့ ပိတ်ပါတယ်။ သွားမယ် ဆိုရင် တက်စီနဲ့ လာရင်လည်း အဆင်ပြေပါတယ်။ Train Night Market Ratchada လို့ ပြောပြီး သွားလို့ ရပါတယ်။ ပိုသေချာချင်ရင်တော့ နေရာအတိအကျကို Location Check in ဝင်ထားပေးတဲ့ အတွက် နှိပ်ပြီး Google Map ကနေ ရှာကြည့်ရင် ကိုယ်ရောက်နေတဲ့ နေရာကနေ လမ်းမှတ်ပြီး သွားလို့ ရပါတယ်။

ပျော်ရွင်ဖွယ်ရာ ပိတ်ရက် ဖြစ်ပါစေ

Fred ( MyLann)