ပါရမီစိန်ဂေဟာနားမှာ ‘Bombay Delight’ ဆိုတဲ့ချစ်တီးထမင်းဆိုင်အသစ်ဖွင့်ထားတယ်ဝေး…. 1209 views


လူမျိုးဘာသာမရွေးစားသုံးနိုင်တဲ့ ချစ်တီးထမင်းဆိုင်လေးက လှိုင်မြို့နယ်၊ ပါရမီစိန်ဂေဟာအနီးတဝိုက်မှာ အသစ်ဖွင့်ထားပါတယ်။ ချစ်တီးထမင်းကြိုက်တဲ့သူတွေအတွက်ရော၊ အိန္ဒိယအစားအစာ စားချင်ကြတဲ့သူတွေအတွက်ပါ သတိတရနဲ့ဒီဆိုင်လေးကို ပြန်ရှဲပေးချင်ပါတယ်။

 

ဒီဆိုင်လေးက ပါရမီစိန်ဂေဟာရဲ့ရှေ့ကလမ်းလေးထဲကိုဝင်ရတယ်ဆိုပေမယ့် လမ်းထိပ်လောက်ကနေတောင် မြင်ရတဲ့အနေအထားမှာတော့ရှိတယ်။ ခြံဝန်းထဲကိုဝင်လိုက်တာနဲ့ အပြင်ဘက်က Smoking Area နဲ့ အတွင်းဘက်ကAir Con နဲ့ Non-smoking Area ရှိနေပါတယ်။ ကိုယ်လည်း AirCon ခန်းလေးထဲပဲ ထိုင်လိုက်တယ်။ အဲ့ဒီမှာတစ်ခုသိသာတာက အခန်းထဲကိုဝင်လိုက်တာနဲ့ အိန္ဒိယရဲ့ရိုးရာအငွေ့အသက်လို့ ခေါ်မလား၊ ဟင်းနံ့လေးတွေပဲခေါ်မလား။ အဲ့ဒါတွေကသိသိသာသာရနေပါတယ်။

 

ကိုယ်လည်းလာချပေးတဲ့မီနူးလေးတွေကြည့်တော့ အိန္ဒိယအစားအစာလည်းအစုံရသလို၊ ဈေးနှုန်းတွေကလည်း အသင့်အတင့်ပဲ။ မနက်စာဆို (၇၀၀)ကနေ (၁၀၀၀)အတွင်း၊ အသားဟင်းနဲ့ထမင်းဆိုရင် (၂၅၀၀)ကနေ (၃၅၀၀)အတွင်း၊ အခြားCombo Set Menu တွေဘာတွေလည်းရှိတယ်၊ သူကတော့ (၂၀၀၀)ကနေ (၃၅၀၀)အတွင်းရှိတယ်။ ဆိုတော့ တစ်ဆိုင်လုံးအနေနဲ့ကြည့်မယ်ဆို ဈေးအများဆုံးကတော့ (၃၅၀၀)ကျပ်ပါ။

 

ဒီဆိုင်မှာ အမဲသားနဲ့ ဝက်သားမရောင်းသလို လူမျိုးဘာသာမရွေးလည်း စားသုံးနိုင်ပါတယ်။ ဒီကစားဖိုမှူးကိုယ်တိုင်ကလည်း အိန္ဒိယက Chef မို့ အရသာပိုင်းမှာရော ပုံစံပြင်ဆင်မှုအပိုင်းမှာပါ အိန္ဒိယရဲ့ ရိုးရာအငွေ့အသက်လေးတွေပါနေတာတွေ့ရတယ်။

 

အက်မင်သတိထားမိသလောက် အချို့ကလည်း အိန္ဒိယအစားအစာဆိုရင် မနက်စောစော မနက်စာလေးတွေ စားတတ်ကြတယ်။ ပူရီတို့၊ တိုရှည်တို့၊ ချာပါတီတို့ စသည်အားဖြင့်ပေါ့။ အချို့ကျတော့လည်း နေ့လည်နေ့ခင်း ချစ်တီးထမင်းစားရတာကြိုက်ကြတယ်။ အဲ့ဒီလူတွေအကုန်လုံးအတွက်ဆို ဆိုင်ကလည်းမနက် (၆)နာရီထဲကစဖွင့်လို့ မနက်စာလည်း စားလို့ရသလို တစ်နေကုန်လုံး ည(၈)နာရီအထိဆိုင်ဖွင့်ပါတယ်တဲ့။ အက်မင်တို့သွားခဲ့တုန်းကတော့ လူမျိုးပေါင်းစုံလာစားတာလည်းတွေ့ရသလို အနီးအနားက ပါဆယ်တွေလာလာဝယ်ကြတာလည်း တွေ့ရပါတယ်။ ဈေးနှုန်းကလည်းသင့်တင်တယ်၊ ဆိုင်မှာစားမယ်ဆိုလည်း အေးအေးဆေးဆေးရှိတယ်။

 

အရင်ဆုံးမနက်စာအနေနဲ့ မဆလာတိုရှည်ဆိုတာ - သူက မဆလာနဲ့အာလူးနဲ့ချက်ပြီး တိုရှည်ကြွပ်ကြွပ်လေး ဖြစ်အောင်လုပ်ထားတာ။ ရိုးရိုးပုံမှန်အရသာနဲ့တိုရှည်စားရတာ  ငြီးငွေ့နေသူတွေအတွက် အရသာအသစ်လေး။ တို့စားဖို့အတွက်လည်းအချဉ်သုပ်တို့၊ ပဲဟင်းလေးတွေထည့်ထားပေးပြီးသား။ သူကတစ်ပွဲကို (၁၀၀၀)ကျပ်။ ရိုးရိုးတိုရှည်ဆို (၇၀၀)တဲ့။

 

နောက် ခြောင်းမိန်းခေါက်ဆွဲကြော် - ဒါကတော့ ပန်းသေးခေါက်ဆွဲကြော်လိုပဲ။ အိန္ဒိယစတိုင်ကြော်ထားတာ။ ခေါက်ဆွဲအလုံးသေးသေးလေးတွေကိုမှ အသီးအရွက်၊ အသားနဲ့ အစပ်ပုံစံလေး။ တစ်ပွဲဆိုအများကြီးပါတယ်။ ဈေးနှုန်းက (၂၀၀၀)ကျပ်ပဲ။

 

Spinach omlette - သူက ကြက်ဥ၊ ဟင်းနုနွယ်နဲ့ မုန်ညင်းရွက်တွေကိုကြော်ထားတာ။ အကြော်လေးက စီးစီးလေးနဲ့။ ထမင်းနဲ့တွဲစားလည်းလိုက်ဖက်တယ်။ သူကတော့တစ်ပွဲကို (၁၅၀၀)ကျပ်။

 

နောက်ထပ်တစ်ခုကထမင်းကြိုက်တဲ့သူတွေအတွက် ဆိတ်သားမဆလာဟင်း လာပါပြီ။ သူက ထမင်း၊ ပဲဟင်း၊ အချဉ်ဘာညာနဲ့ ဆိတ်သားဟင်းတစ်ပွဲ။ ဆိတ်သားက(၅)တုံးလောက်ပါတယ်။ ဟင်းရည်နဲ့ထမင်းလည်း လိုသလောက်ထပ်ထည့်ပေးတယ်။ သူလည်းအိန္ဒိယစတိုင်ချက်ထားတာဆိုတော့ ဆိတ်သားဟင်းအစ ပဲဟင်းအစုံ စားရတာလိုက်ဖက်မှုရှိတယ်။ ဆိတ်သားလေးကိုလည်း အိအိလေးနဲ့မဆလာအနံ့လည်း မွှေးမွှေးလေးနဲ့ပဲ။ ဈေးနှုန်းကတော့တစ်ပွဲကို (၃၅၀၀)ကျပ်ပဲ

 

ကြက်ဥမဆလာဟင်း - သူကပုံမှန်ဘဲဥဟင်းနဲ့မတူပဲ ဘဲဥကိုကြော်ပြီးမှပြန်ချက်ထားတာ။ သူ့ရဲ့အနှစ်လေးက လည်း မဆလာနံ့ မွှေးမွှေးလေးနဲ့။ သူ့ရဲ့အနှစ်လေးတွေကလည်း ထမင်းနဲ့နယ်စားလို့သိပ်ကောင်းတယ်။ သူ့မှာလည်း ထမင်း၊ ပဲဟင်းနဲ့အခြားအချဉ်လေးဘာလေး အဲ့ဒါတွေကိုမှ (၂၅၀၀)ကျပ်ပါ။

 

Thali Combo - ချာပါတီကြိုက်တဲ့သူတွေတော့ ဒါလေးစားကြည့်။ သူနဲ့တွဲစားတဲ့ဆော့စ်လေးတွေ၊ အချဉ်လေးတွေနဲ့ အရံဟင်းလေးတွေကလည်း သူ့ဟာလေးနဲ့သူအရသာရှိပြီးသား။ ဆော့စ်ချဉ်လေးဆိုလည်း ပူစီနံ၊ နံနံပင်နဲ့ ငရုတ်သီးလေးတွေစပ်ထားတာ အဲ့ဒါဆိုတော့ အရသာက ချဉ်ချဉ်၊ စပ်စပ်၊ အေးပြီးတော့ မွှေးနေတဲ့ပုံစံမျိုးလေ။  သူကတစ် Set လုံးကိုက (၃၅၀၀)ကျပ်ပါ။

 

ဒီမှာလက်ဖက်ရည်တွေဘာတွေလည်းရတယ်။ လက်ဖက်ရည်မှာဆိုရင်လည်း Ginger Tea ဆိုတာ အိန္ဒိယဘက်ကရိုးရာလက်ဖက်ရည်ပုံစံမျိုးတဲ့။ ပုံမှန်လက်ဖက်ရည်ဆို အီသလိုလိုရှိတယ်။ သူကကျတော့ မအီတဲ့အပြင် မိန်းခလေးတွေအတွက်လည်းသောက်သင့်တဲ့ Tea တစ်မျိုးလေး။ ကျန်းမာရေးနဲ့လည်း သင့်တော်တယ်။ တစ်ခွက်ကို (၅၀၀)ကျပ်။ ရိုးရိုးလက်ဖက်ရည်နဲ့ မဆလာလက်ဖက်ရည်လည်းရတယ်တဲ့။

 

ဒီဆိုင်လေးက အမှတ် (၄၄၊အေ)၊ ဦးဖိုးမှန်လမ်း၊ လှိုင်မြို့နယ်။ (ပါရမီစိန်ဂေဟာရှေ့ကလမ်းကြားလေးထဲဝင် သွားရင် ညာဘက်လမ်းချိုးလေးထိပ်မှာပဲ။ အများကြီးမဝင်ရဘူး။) သူကဆိုင်အနီးတဝိုက်ဆို Delivery ရှိတယ်။ တစ်ခုခုဆိုလည်း 09-769368252 ကိုဆက်သွယ်လို့ရတယ်။

 

Honey (MyLann )
#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Foods

#Bombay_Delight #Chit_Tee_Restaurant #Indian_Restaurant