ဆိပ်ကမ်းသာလမ်းက Café Paradise 620 views


ဆိပ်ကမ်းသာလမ်းကို ရောက်တော့ သူငယ်ချင်း နှစ်ယောက် ဆိုင်တစ်ဆိုင်မှာ ထိုင်ရင်း တစ်ခုခု စားမယ် သောက်မယ် ဆိုပြီး ဒီနေရာလေးကို ရောက်ခဲ့တယ်။ ဆိုင်နာမည်က Café Paradise ပါ။ ဆိုင်အပြင်အဆင်က အေး အေးဆေးဆေးရှိပြီး လူရှင်းတယ်။

ဒီဆိုင်လေးက ကော်ဖီ နဲ့  စားသောက်ဆိုင်လေးပါ။ ကော်ဖီကောင်းကောင်းရတယ်။ ထမင်းဟင်းစားဖို့  စားသောက်စရာ ကောင်းကောင်းရတယ်။ ဆိုတော့ MyLann မိတ်ဆွေများကို မျှဝေပေးပါရစေ။

သိတဲ့ အတိုင်း ပန်းဆိုးတန်းတို့  ဆိပ်ကမ်းသာလမ်းတို့ က ကားတွေလည်း ပိတ်သလို ၊ လူလည်း တော်တော်ရှုပ်တဲ့ နေရာလေ။ မြို့ ပြရဲ့ တစ်နေ့ တာ ရှပ်ရှက်ခတ်ပြီး ပူလောင်အိုက်စပ်နေတဲ့ အချိန်မှာ ဒီနေရာက နေရာကောင်းလေးပါ ။ဆိုင်ထဲကို ရောက်သွားတော့ တိတ်ဆိတ်ပြီး သီချင်းသံတိုးတိုးလေး ဖွင့်ထားတယ်။

ကော်ဖီကောင်းကောင်းသောက်ဖို့ သင့်တော်တယ်

ဆိုင်လေးကို ရောက်သွားတော့ Espresso တစ်ခွက် မှာပြီး ဆိုင်အရှေ့  က ထိုင်ခုံတန်းလေးမှာ ထိုင်တယ်။ ဆိုင်ထဲကနေ တစ်ခုခု သောက်ရင်း လမ်းပေါ်မှာ သွားနေတဲ့ သူတွေကို ငေးကြည့်ရတာ ဖီလင်တစ်မျိုးနော်။ ရာသီဥတုလေးကလည်း နေပြင်းတော့ ကော်ဖီခါးခါးလေးကို ငြိမ်ငြိမ်လေး ထိုင်သောက် ရတာ ကိုယ့်အကြိုက်ပဲ။ ပါလာတဲ့ သူငယ်ချင်းကတော့ Paradise Juice သောက်တယ်။ အထဲမှာ အသီးလေးတွေကို စိတ်ပြီး ထည့်ထားပေးတယ်။ သူကတော့ အရမ်းကြိုက်တယ်တဲ့ ။

အစားအသောက်တွေ ကောင်းတယ်

ဒီဆိုင်လေးမှာ ပေါ့ပေါ့ပါးပါး စားစရာ Appetizer, အသုပ် Salads, အရည်သောက် Soup မျိုးစုံ , European Food, Korean Food တွေနဲ့ တစ်ခါပြင်ထားပေးတဲ့ Paradise One Plate စသဖြင့် အစုံရတယ်။ နောက်ပြီး Dessert ကို Pancake, Pizza နဲ့ ကိတ်မုန့်တွေလဲ ရတယ်။ ကိုယ်တွေ ဒီဆိုင်လေးမှာ စားဖြစ်တဲ့ ဟင်းအမယ်လေးတွေအကြောင်းလည်း နည်းနည်းရှဲပါရစေ။

ပထမဆုံးပြောပြချင်တာက ‪#‎ငါးခေါင်းဟင်းချို‬ ပါ။

ငါးတန်နဲ့ချက်ထားတာပါ…။ ငါးတန်ကိုမှ မျှစ်ချဉ်၊ ကြွက်နားရွက်၊ ပဲပြား၊ ပန်းဂေါ်ဖီတွေနဲ့ချက်ထားတာပါ။ ငါးရဲ့အရသာချိုချိုလေးကို မျှစ်ကချဉ်ချဉ်လေးနဲ့ရောလိုက်တော့ အရမ်းလဲမချဉ်ပဲနဲ့ ထမင်းနဲ့စား တကယ်ကိုကောင်းပါတယ်။ အဲ့ဒါက တစ်ပွဲကို (၄၅၀၀)ပါရှင်။

‪#‎ပုစွန်အစိမ်းသုပ်‬

လတ်ဆတ်တဲ့ ပုဇွန် အစိမ်းကို ရေလေး နည်းနည်းဖျောပြီး အပေါ်ကနေ ငရုတ်၊နံနံ ၊ ကြက်သွန်တို့  ထောင်းထားတာလေးနဲ့  တန်ဆာဆင်ပေးထားတယ်။ ပုဇွန်က ရှစ်ကောင်ပါတယ်။ စားရတာ ခံတွင်းတွေ့ တယ်။ ကိုယ်က ပုဇွန်ကြိုက်တော့ အံကိုက်ပဲ ။ တစ်ပွဲကို ၄၀၀၀ ကျပ်ပါ။

ပြီးတော့ ‪#‎ဂျပန်တို့ဟူးချိုချဉ်‬ အဲ့ဒါက ဂျပန်တို့ဟူးအ၀ါလေးတွေကို ကြက်သား၊ သခွားသီး၊ နာနာတ်သီ၊ မုန်လာဥနီ၊ Baby Corn အဲ့ဒါလေးတွေနဲ့ရောပြီး သပ်သပ်လုပ်ထားတဲ့ Sauce နဲ့ အားဖြည့်ပေးထားတယ်။ စားရတာ ချိုချဉ်လေးပါ။ သီးစုံကြော်ထားသလိုပါပဲ ။ ထမင်းနဲ့ စားရတာ အဆင်ပြေတယ်။ တစ်ပွဲကို (၃၈၀၀)ပါ…။

ဒါတွေ အားလုံးကို လူ ၂ယောက်ကတော့ ၃ယောက် အထိစားလို့ ရတယ်။ ကိုယ်တွေကတော့ နှစ်ယောက်ထဲ ဆိုတော့ မနည်းစားရတယ်။ ဘော်ဒါတွေ များများနဲ့ သာ လာစားရင် တန်မှတန်ပါ။

ဒါနဲ ဆိုင်လေးကို သဘောကျမိတော့ ဆိုင်က အစ်မတစ်ယောက်ကို သိချင်တာလေးတွေစပ်စုကြည့်တယ်။ ဒီဆိုင်မှာ ဟင်းပွဲတွေကို အချိုမှုန့်လုံးဝမသုံးပဲ သကြား၊ ကြက်ပြုတ်ရည်တို့နဲ့ အရသာကိုထိန်းထားပါတယ်တဲ့။ ပြီးတော့လတစ်လရဲ့ ပထမအပတ် လဆန်းရက်တိုင်းမှာ လေးယောက်စားလို့ ရတဲ့ တစ်ဝိုင်းစား Menu Set လေးတွေလုပ်ပြီး Discount ပေးတာတွေ လုပ်ပေးပါတယ်တဲ့။ ဆိုင်က ပြင်ဆင်ထားပေးတဲ့ Set ကို ကိုယ်နှစ်သက်ရာ ရွေးချယ်စားလို့ ရတာပေါ့။ သူငယ်ချင်း နည်းနည်းနဲ့  မွေးနေ့ ပွဲတွေ လုပ်ချင်ရင်ပဲ ဖြစ်ဖြစ် ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး စားဖို့  စဉ်းစားနေရင်ပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ Wifi လည်း ရတယ်။ လူလည်းသိပ်မရှုပ်ဘူး ။ ဆိုတာ့ ဒီနေရာလေးကို ညွန်းချင်ပါတယ်။

ဆိုင်လိပ်စာက

Café paradise
အမှတ် (၂၄၀/၂၄၂) ဘီ၊ ဆိပ်ကမ်းသာလမ်း၊ အပေါ်ဘလောက်၊ ကျောက်တံတားမြို့နယ်မှာပါ။ပန်းဆိုးတန်းမှတ်တိုင် အနား ဆိပ်ကမ်းသာလမ်းအပေါ်ဘလောက်ကို ဝင်ဝင်ချင်း လမ်းလေးမှာပါ။

ကျောက်တံတားနဲ့အနီးတစ်ဝိုက်ကို Free Delivery ပို့ဆောင်ပေးပါတယ်….။ နောက်ပြီး အခြားမြို့နယ်တွေကမှာရင်လဲ မြို့နယ်အလိုက် Delivery Charges ပေးပြီးမှာလို့ရတယ်ဆိုတော့ အိမ်ကနေပဲဖြစ်ဖြစ် ရုံးကနေ ပဲဖြစ်ဖြစ် အပြင်မထွက်ချင်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

Delivery မှာမယ်ဆိုရင် ဆက်သွယ်ဖို့  ဖုန်းနံပါတ် က 01 378001 ပါ။ စားဖော်သောက်ဖက်အမျိုးတို့လဲ ရှုပ်ရှပ်ခက်နေတဲ့ မြို့ထဲမှာ အေးအေးဆေးဆေးလေးထိုင်ချင်ရင် ဒီဆိုင်လေးကိုမမေ့ကြနဲ့နော်။

Honey ( MyLann)