စတာပါ… နောက်တာပါ…။ လကုန်ခါနီးလေးဆိုတော့ ဘယ်သွားကြမယ်၊ ဘာစားကြမယ် စသဖြင့် ပလန်ချနေသူတို့အတွက် နေရာကောင်းလေးတစ်ခုပါပါသွားအောင်ပါ..။ City Mall ကဖွင့်တာလည်း မကြာသေးဖူး။အက်မင်တောင်အခုမှရောက်တယ်ဆို ယုံလိုက်ပါ.. :3 ရောက်တော့ဘာလုပ်မလဲ… သုံးလွှာက မုန့်ဈေးတန်းလေးဆီအရောက်သွားခဲ့တယ်ပေါ့။ သွားတဲ့နေ့တုန်းကလည်း MyLann ကဘော်ဒါတွေကို Live လွှင့်ပေးခဲ့ပါသေးတယ်။ မရောက်ဖြစ်သေးတဲ့သူတွေလည်း လေ့လာလို့ရအောင်ပါ…။ အခုတော့ Review လေး ပြန်ရေးပေးမယ်လေနော်…. တူတူသွားမယ့်ဘော်ဒါတွေကို Tag ဖို့သာပြင်ထားကြ…။
မုန့်ဈေးတန်းက CityMall ရဲ့ သုံးလွှာမှာရှိပါတယ်။ ဆိုင်ကတော့ (၉)ဆိုင်လောက်တော့ရှိတယ်ဗျ…။ စ စားမယ်ဆိုရင် ကဒ်ကောင်တာမှာ ငွေအရင်ဖြည့်ရပါတယ်။ ကိုယ်စားမယ့်အမောင့်ကိုချိန်ပြီးထည့်လို့ရတယ်။ ထည့်ရင် ကဒ်ဖိုးတစ်ထောင်တော့ Deposit လုပ်ရပါတယ်။ ဥပမာတစ်သောင်းထည့်ရင် ကိုးထောင်သုံးခွင့်ရှိတယ်။ အကယ်၍၀ယ်လို့ခြမ်းလို့ပြီးပြီ ကဒ်ပြန်ပေးမယ်ဆိုရင်တော့ စောစောကတစ်ထောင်ပြန်ပေးပါလိမ့်မယ်။ ကိုယ်ထည့်ထားသလောက်အကုန်မသုံးပဲ ကျန်နေရင်လဲ အဲ့ဒါပြန်ထုတ်ပေါ့.. အဲ့လို အဲ့လိုလေးရှိပါတယ်။
မုန့်ဈေးတန်းရဲ့အနေအထားလေးက လူများများနဲ့အုပ်စုတောင့်တောင့်လေးလာမယ်ဆို ပိုပျော်ဖို့ကောင်းမယ်။ မိသားစုလိုက်လာတာတွေ၊ ဘော်ဒါအပေါင်းသင်းတွေနဲ့လာတာတွေများတယ်။ စုံတွဲလေးတွေလည်းတွေ့ရပေမယ့် နည်းနည်းတော့နည်းတယ်။ AirCon အေးအေးလေးနဲ့လည်းထိုင်လို့ရသလို ရွှေတိဂုံဘုရားကြီးကို မြင်နေရတဲ့ Outdoor Area လေးလည်းရှိတယ်။ အဲ့ဒီမှာထိုင်ချင်လည်း ခုံတွေ တော်တော်များများချပေးထားတယ်။ အက်မင်တို့သွားခဲ့တာသောကြာညမို့လို့လားတော့မသိဘူး။ လူတော့နည်းနည်းလေးများတယ်ဗျ…။
ကဲ… ဆိုင်လေးတွေနဲ့မိတ်ဆက်ပေးမယ်နော့….
အရင်ဆုံး မုန့်ဈေးတန်းဆိုတဲ့အောက်တည့်တည့်မှာရှိနေတာက The Juice Bar. သူကတော့အအေး သီးသန့်ပါ..။ ရာသီပေါ်အသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေးတွေရတယ်။ အအေးတစ်ခွက်ကိုက (၁၈၀၀)ကနေ(၂၂၀၀)အတွင်းရှိပါတယ်။ အသီးအလုံးလိုက်လေး တွေကိုလည်း ခြင်းလေးတွေနဲ့ထင်သာမြင်သာပဲထားပေးထားတယ်။ အဲ့ဒါလေးတွေမြင်ပြီး ပိုသောက်ချင်သွားတယ်။ ကိုယ့်ရှေ့မှာပဲဖျော်ပြတဲ့ပုံစံမျိုးလေးလည်းလုပ်ပေးထားတယ်။ ဒီဆိုင်မှမဟုတ်ဘူး။ မုန့်ဈေးတန်းကဆိုင်တွေအားလုံး သူတို့ချက်ပြုတ်၊ ပြင်ဆင်နေကြတာကိုမြင်နေရတယ်။ တစ်ဆိုင်နဲ့တစ်ဆိုင်ကလည်း ကပ်ရပ်ဆိုတော့ အပြိုင်အဆိုင်ချက်နေကြသလိုပဲ… ကြည့်ရတာတမျိုးတော့ အမြင်ဆန်းသွားတယ်ပေါ့…
မုန့်ဈေးတန်းတည့်တည့်ရဲ့ဘယ်ဘက်မှာ အရင်ဆုံးမြင်ရမှာက Mr.Work… သူ့ဆီကခေါက်ဆွဲကြော်ကတော့ နာမည်ကြီးပဲလေနော့်။ ဒီမှာကတော့ကိုယ်စားနေကျ မန္တလေးဆော့စ်ရယ်၊ ရှမ်းမာလာရယ် Sauce နှစ်မျိုးနဲ့ နှစ်ပွဲ စားခဲ့တယ်။ ဒါနဲ့ အဲ့ဒီမှာ Durian Sticky Rice ရတယ်ဆိုလို့ မြည်းကြည့်ခဲ့သေးတယ်။ ကောက်ညှင်းစီး စီးလေးရယ်၊ ဒူးရင်းသီးလေးရယ်…. စားရတာနည်းနည်းအီပေမယ့် ကြိုက်တယ်
သူ့ဘေးမှာ ရွှေရသာဆိုတဲ့ဆိုင်က မြန်မာမုန့်အစုံရတယ်။ မြန်မာမုန့်မှာမှ အခြားနေရာမှာ ရခဲတဲ့ တညင်းသီးအုန်းနို့စမ်း အဲ့ဒါ လေးရတယ်။ အခြားအနေနဲ့တော့ ရွှေကြည်၊ ကျောက်ကျော၊ မုန့်ဦးနှောက် အဲ့လိုတွေလည်းရတယ်။ ပြီးတော့ ကူဖီးမလိုင်၊ ပူရီလည်းရသလို ထမင်းပေါင်းတွေလည်းရသေးသပ။ ၀က်သားနဲ့ပတ်သတ်ရင်ဒီဆိုင်လေးကောင်းတယ်။ ကိုယ်တွေမြည်းခဲ့တာက ၀က်သုံးထပ်သားထမင်းပေါင်းရယ် တညင်းသီးအုန်းနို့ဆမ်းလေးရယ်…။ အဲ့လေးတွေကောင်းပါတယ်။ ရောက်ရင်မြည်းစမ်းကြည့်ကြပါလို့…
အဲ့ဒီကနေဆက်သွားရင် Xi Yang Yang ဆိုတဲ့ဆိုင်လေးရှိတယ်။ ၀က်နံရိုးကြက်ဥထမင်းကြော်နဲ့ ပဲပေါက်စီ မြည်းစမ်းကြည့်ခဲ့တယ်။ ပဲပေါက်စီကပူပူနွေးနွေးလေး။ စားလို့တော့ကောင်းသား…။ ထမင်းကြော်ကလည်းမိုက်တယ်ဗျ.. ထမင်းနဲ့ကြက်ဥကိုတစ်သားထဲဖြစ်အောင် ပေါင်းကြော်ထားတာ။ အဲ့ဒီမှာမှ ၀က်နံရိုးကြော်လေးကို ဘေးမှာထည့်ပေးထားတာ။ ခပ်မိုက်မိုက်လေးရယ်။ သူကတော့တစ်ပွဲကို (၄၅၀၀)ကျပ်ပါ။
သူ့ဘေးမှာက နာမည်ကြီး မိုးကုတ်ဒေါ်ရှန်…. အဲ့ဒီရောက်ရင်တော့ သူ့ရဲ့ မျှစ်ချဉ်ခေါက်ဆွဲ စားဖြစ်အောင် စားကြည့်လိုက်ပါ…. အနံ့လေးကလည်းမွှေးမွှေးလည်း။ ခေါက်ဆွဲသားလည်းအိအိလေးနဲ့။ ငါးဖက်ကြီးလည်း ပါတယ်။ အစပ်ကြိုက်တဲ့သူတွေအတွက် ငရုတ်သီးစိမ်းတွေလည်း မနည်းမနောပဲ…။ ဒါလေးစားလိုက်ရင် အကုန်လုံးပွင့်ထွက်သွားသလိုပဲ… တစ်ပွဲကိုလည်း (၂၅၀၀)ပဲရှိတယ်။ တန်တယ်နော့….
ဘယ်ဘက်ကဆိုင်တော့ကုန်ပြီ။ ညာဘက်ကဆိုင်တွေမှာ အရှေ့ဆုံးက စ သွားရင် TiTu’s Indian ဆိုင်ရှိတယ်။ ပလာတာ၊ တိုရှည်၊ ဗယာကြော်အပြင်အခြားအိန္ဒိယအစားအစာလေးတွေအစုံရတယ်။ အဲ့ဒီက ဒံပေါက်ကတော့မအီပဲစားလို့ကောင်းလို့ နာမည်ကြီးပြီး လူကြိုက်များတယ်။ ပြီးတော့ တိုရှည်လည်းကောင်းတယ်သိလား။ ဆိုင်ပိတ်ချိန်ထိအချိန်မရွေးရလို့ ညနေဘက်တို့ညဘက်တို့မှ စားချင်လည်း သိပ်ရှာစရာမလိုဘူး။ ပုံမှန်ဆိုရင် တိုရှည်ကမနက်ပိုင်းပဲရတာဆိုတော့လေ….
သူ့ဘေးမှာက What the Chicken. အဲ့ဒီမှာ ကြက်ကြော်တို့ ကြက်ဆီထမင်းတို့ရတယ်။ ကြက်ဆီထမင်းလေးတောင်စားခဲ့သေးတယ်။ သူကအဖြူတော့မဟုတ်ဘူး။ အ၀ါ။ တွဲပေးထားတဲ့ ကြက်သားကြော်လေးကလည်းခပ်ကြွပ်ကြွပ်လေးနဲ့ စားရတာခပ်မိုက်မိုက်လေးပဲ။ ကြက်ဆီထမင်းက တစ်ပွဲကို (၃၁၀၀)ကျပ်ပါ။
သူ့ဘေးမှာက Sizzle It ကျောက်အိုးပူအစားအစာဆိုပြီး တစ်ဆိုင်ရှိသေးတယ်။ တစ်ယောက်စာ One Potion အနေအထားလေးနဲ့ ပူပူနွေးနွေးလေးတွေ ချက်ပြုတ်ပေးတယ်။ ပြီးတော့ ဒီမှာကတစ်ပွဲမှာမယ်ဆိုရင် အရင်ဆုံး ဆော့စ်ရွေးရတယ်။ ပြီးရင်အသားရွေး၊ နောက်ဆုံးမှာက ထမင်းနဲ့ခေါက်ဆွဲထဲကကြိုက်တာတစ်မျိုးရွေး။ ကိုယ်ကြိုက်တာတွေရွေးထားတာတွေကိုမှ ပေါင်းစပ်ပြီးကိုယ့်ရှေ့မှာချက်ပြပေးနေတာကို စားရတာဆိုတော့ ပိုစားကောင်းသလိုပဲ… :D သူကတော့တစ်ပွဲကို (၃၅၀၀)ကစလို့ အစားစားရှိတယ်။ သူချက်နေတာကိုကြည့်ချင်လည်းရတယ်။ ချက်နေတာ မီးတောက်လေးတွေထွက်ထွက်လာပြီး။ မီးဖိုပေါ်က အစားစာတွေကလည်း ရှဲရှဲရှဲရှဲနဲ့ အနံ့လေးတွေလည်းမွှေးလို့ ကြိုင်လို့…
နောက် သူ့ဟိုဘက်မှာက ကြေးအိုးဆိုင်ရှိတယ်။ ကိုယ်တော့ကြေးအိုးသောက်ကြည့်ခဲ့တယ်။ မဆိုးပါဘူး။ အသားဖက်လေးတွေ၊ အသားလုံးလေးတွေလည်းပါတာမနည်းလှဖူး။ ကြေးအိုးနဲ့တွဲစားဖို့ဆောစ့်ကတော့ သုံးမျိုးပေးထားတယ်။ အဲ့ထဲကမှ ကိုယ်ကြိုက်တာယူစားလို့ရတယ်။
ဒီလောက်ဆိုရင်တော့ ဆိုင်လေးတွေတော်တော်စုံသွားပါပြီ…။ ဘာစားချင်လည်း ကိုယ်ဘာကြိုက်တာလည်း အပေါ်မူတည်ပြီး ကိုယ်စားချင်တာကိုသေချာရှာပြီး စားပါနော်…။
မုန့်ဈေးတန်းလေးထဲကဆိုင်တွေတော်တော်များများက အစားအစာတွေက (၁၀)နာရီလောက်က စ ရတယ်။ တချို့ဆိုင်တွေဆိုလည်း (၉)နာရီခွဲလောက်က စ ရတယ်။ သောကြာ၊ စနေနေ့ဆိုရင်တော့ ညဘက် (၁၀)နာရီအထိဖွင့်တယ်။ ကျန်တဲ့ရက်တွေဆိုရင်တော့ (၉)နာရီအထိပဲဖွင့်ပါတယ်နော်…။
လကုန်ခါနီးဆိုတော့ ဘက်ဂျက်ကာလဖြစ်နေမလားတော့မသိပေမယ့် အားလုံးအတွက် ကိုယ်သိထားတာတွေ၊ ကိုယ်စားခဲ့တာလေးတွေကို ပြန်ရှယ်ပေးခဲ့ပါတယ်နော်…။ City Mall မရောက်ဖြစ်သေးတဲ့သူတွေရှိရင်လည်း ရောက်ရင် မုန့်ဈေးတန်းလေးကိုသွားကြည့်ကြအုံးလေနော်…။
သူငယ်ချင်းတွေနဲ့ အုပ်စုတောင့်တောင့်လေး သွားရင် ပိုမိုက်တာမို့ တူတူသွားချင်တဲ့ဘော်ဒါတွေကို Tag ပြီးခေါ်လိုက်အုံးနော်…
ဒီနေ့တော့ဒီလောက်ပါပဲရှင်… ကျေးဇူးတင်ပါတယ်နော်…
Honey (MyLann)
#MyLann #Online)Restaurant_Directory #Online_Food_Guide#Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy#Food
#City_Mall #Mont_Zay_Tan #Food_Court #Food_Collection#TiTu’s_Indian_Restaurant #Shwe_Ya_Thar #What_the_Chicken #Kyay_Oh#Moe_Koke_Daw_Shan #Juice_Bar #Kyauk_Oh_Pu #Mr_Work#Xi_Yang_Yang
Advertisements
Top Food Reviewers in Yangon
Pop Corn tznaing Okkar Min Naing myat t Hnin Nge mmfoodie gineal karacy Chue Thet K Zun