Delicious BBQ @ Mu Ka Hta 5403 views


ရန်ကုန်မြို့မှာ လတ်တလော ရေပန်းစားလာတဲ့ စားသောက်ဆိုင်တစ်မျိုးကတော့ ကိုယ်တိုင်ကင်စားရတဲ့ အသားကင်ဆိုင်တွေပါပဲ.. ကိုရီးယား၊ ဂျပန်၊ ယိုးဒယား စသဖြင့် နိုင်ငံပေါင်းစုံက အရသာမျိုးစုံကိုရရှိနိုင်ပါတယ်.. ဒီထဲမှာမှ ဈေးနှုန်းသင့်တင့်ပြီး လူစားများတာကတော့ ယိုးဒယားအကင်ဆိုင်တွေပဲဖြစ်ပါတယ်.. များသောအားဖြင့် buffet ပုံစံမျိုးဖြင့် ခင်းကျင်းကြပြီး အချိန်သတ်မှတ်ထားခြင်းမျိုး မရှိပါဘူး.. ကျွန်မအတွက် အရသာအရှိဆုံး နှင့် ဈေးအတန်ဆုံး ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးပါရစေ.. 

Mu Ka Hta (မူကာထ) BBQ & HOT POT ဆိုအားလုံးသိပြီးသား ဆိုင်တစ်ဆိုင်ဖြစ်မယ်လို့ ယူဆပါတယ်.. တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းမပါ်၊ ပုဏ္ဏမီကားမှတ်တိုင်အနီးမှာတည်ရှိပါတယ်.. ဒီစာကို ရေးတဲ့အချိန်မှာ ကျွန်မ ထိုဆိုင်မှာ (၃)ခါတိတိသွားစားပြီးပါပြီ! ပထမအကြိမ်ရောက်ခဲ့စဉ်တည်းက အရသာကို လွန်စွာမှ သဘောကျမိခဲ့ပါတယ်.. ကိုယ်ခန္ဓာတစ်ခုလုံးမှာ အညှော်နံ့စွဲကပ်ခြင်းမျိုးမရှိလို့လည်း ထပ်ခါထပ်ခါသွားဖြစ်တာ ပါပါတယ်.. အသားရဲ့ အရသာကောင်းမွန်မှုထက် ကင်ပြီးတဲ့အချိန်မှာ "မာကြောမနေခြင်း"ကို အရမ်းနှစ်ခြိုက်မိပါတယ်.. သွားမကောင်းတဲ့ကျွန်မ အရင်စားဖူးခဲ့တဲ့ဆိုင်တွေမှာစားပြီးရင် သွားတွေနာကျန်ခဲ့လို့ တစ်ခါသွားစားပြီးတိုင်း (၂)ရက်လောက်သွားနာဝေဒနာကို ခံစားရပါတယ်.. အခုတော့ ကြိုက်သလောက်ဝါး၊ ကြိုက်သလောက်စား ဘာမှမဖြစ်လို့ ကျေနပ်မိပါတယ်.. အသားတွေနူးညံ့ရခြင်းအကြောင်းကို စပ်စုကြည့်တဲ့အခါမှာ အဓိကသော့ချက်ကတော့ "ပွဆေး"မသုံးထားလို့လို့ သိရပါတယ်.. ဒါ့အပြင် အသားများကို အရသာပြည့်ဝစေရေးအတွက် (၁)ရက်ကြာ နှပ်ထားပါတယ်.. အသားစုံအပြင် ဝက်အူချောင်း၊ ဝက်အူချို၊ ဝက်အသဲ၊ ဝက်နားရွက်၊ အသားလုံးမျိုးစုံပါ ရရှိပါတယ်.. ဒါ့အပြင် နူးညံ့လှတဲ့ ငါးတန်၊ ငါးကြင်းများကိုပါ ကင်စားနိုင်ပါသေးတယ်.. ဒီဆိုင်ကို ကြိုက်နှစ်သက်ရတဲ့ အချက်များစွာထဲမှ တစ်ချက်ပါပဲ.. ငါးခေါင်းပါရှိလို့ Hot Pot ဟင်းရည်ထဲ အရသာပြည့်ဝဖို့ ထည့်ပြုတ်နိုင်ပါသေးတယ်.. လတ်ဆတ်လှတဲ့ ပုဇွန်၊ ဂဏန်း၊ ဂဏန်းလက်မ၊ ပြည်ကြီးငါး၊ ကင်းမွန်များကိုလည်း စိတ်ကြိုက်ပြုတ်၊ စိတ်ကြိုက်ကင်စားနိုင်တဲ့အတွက်လည်း အားရစရာကောင်းလှပါတယ်.. အသီးအရွက်တွေကို ကြည့်ဦးမလား.. လတ်ဆတ်လိုက်တာ လွန်ပါလေရောရှင် !! ကျွန်မအကြိုက်ဆုံး အပ်မှိုနဲ့ ကြာဆွယ်ကို မဝမချင်း စိတ်ကြိုက်သုံးဆောင်နိုင်တာကလည်း ဒီဆိုင်လေးကို ခဏခဏလာချင်အောင် ဆွဲဆောင်နေတဲ့ အချက်တစ်ချက်ပါပဲ.. ဒါ့အပြင် ထိုင်းစားဖိုမှူးများကိုယ်တိုင် ကြော်လှော်ထားတဲ့ Side Dishes မြောက်များစွာကလည်း အရသာရှိလှပါတယ်.. ပဲကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ထမင်းကြော်၊ ပြောင်းဖူးကြက်ဥကြော်၊ ဟင်းရွက်ကြော် စတာတွေအပြင် သင်္ဘောသီးထောင်း၊ တန်ပူရာကြော် နဲ့ ဖက်ထုတ်ကြော်တွေကိုလည်း အားပါးတရ သုံးဆောင်နိုင်ပြီး လျော့သွားတာနဲ့ လိုက်ဖြည့်ပေးနေတာ တွေ့ရပါတယ်.. ပြီးတော့ အကင်နဲ့တွဲဖက်စားသုံးစရာ "အချဉ်"ကလည်း တော်တော်လေးကောင်းပါတယ်.. ကြိုက်သလောက် သောက်နိုင်တဲ့ အအေး (၄)မျိုးထားရှိပြီး ဘီယာ၊ အဖျော်ယမကာ နဲ့ တခြားစက်ဖျော်အအေးများလည်း ဝယ်ယူသောက်သုံးနိုင်ပါတယ်.. မိမိကိုယ်ပိုင်ပုလင်းများ ယူလာမယ်ဆိုရင်တော့ Bottle Charges ပေးဆောင်ရမှာပါ.. ဒါ့အပြင် ကျွန်မတို့ငယ်ငယ်တည်းက အရမ်းနာမည်ကြီးတဲ့ "ဖိုးလမင်း ရေခဲချောင်း" မှ ရေခဲမုန့်များကိုလည်း စိတ်ကြိုက်သုံးဆောင်နိုင်ပါသေးတယ်.. ပိန်းဥအရသာကတော့ ကျွန်မအကြိုက်ဆုံးပေါ့ !! အုန်းစိမ်းရည် လတ်လတ်ဆတ်ဆတ်ကိုလည်း တစ်လုံး (၂,၅၀၀)ဖြင့် ရောင်းချပေးပါသေးတယ်.. အစားအသောက်အခြေအနေကို အကဲခတ်ရန်အတွက် စားဖိုမှူးတစ်ယောက်မှ စောင့်ကြည့်နေတာကိုလည်း သတိထားမိပါသေးတယ်.. ဆိုင်ဖွင့်ချိန်မှာ ညနေ (၄)နာရီ မှ (၁၁)နာရီထိဖြစ်ပြီး စနေ၊ တနင်္ဂနွေဆိုရင်တော့ စောစောကြိုပြီး reservedလုပ်ထားမှ နေရာအတွက် စိတ်ချရပါလိမ့်မယ်.. သင့်မိသားစု၊ သူငယ်ချင်းများနှင့် ပျော်ရွှင်စရာကောင်းတဲ့အချိန်ကို အရသာရှိရှိဖြတ်သန်းချင်တယ်ဆိုရင် "မူကာထ"ကိုသာ ရွေးချယ်လှမ်းလာခဲ့ဖို့ ညွှန်းဆိုပါရစေရှင်.. !!