Delicious Dining at Bawarchi Indian Fine Dining Restaurant 1407 views


နိုင်ငံတကာက အစားအသောက်တွေ ရောင်းချတဲ့စားသောက်ဆိုင်များဟာ ရန်ကုန်မြို့ပေါ်မှာ မှိုလိုပေါက်လာပါတယ်.. ဟိုးအရင်တုန်းက မရှိခဲ့တဲ့ ရရှားအစားအစာ၊ ဗီယက်နမ်အစားအစာဆိုင်တွေပါ ရှိနေခဲ့ပါပြီ.. ဒါပေမဲ့လည်း လူသိများ၊ လူစားများပေမယ့် အရေအတွက်က လက်ချိုးရေလို့ရတဲ့ဆိုင်တွေကတော့ “အိန္ဒိယရိုးရာ စားသောက်ဆိုင်” တွေပဲဖြစ်ပါတယ်.. အိန္ဒိယ အငွေ့အသက်၊ အိန္ဒိယ အရသာစစ်စစ် ပေးစွမ်းနိုင်တဲ့ ဆိုင်ဆိုတာ ပိုလို့တောင် နည်းပါသေးတယ်.. အဲ့ဒိထဲမှာမှ ကျွန်မ ဒီနေ့သွားရောက်ခဲ့တဲ့ ဆိုင်လေးကတော့ အပြင်အဆင်မှာ အိန္ဒိယဟန်အပြည့်နဲ့ စားသုံးသူတွေ စိတ်တိုင်းကျစေမယ့် အရသာမျိုးကို ပေးစွမ်းနိုင်တဲ့ “Bawarchi” ဆိုတဲ့ ဆိုင်လေးပါပဲ..

“Bawarchi” ရဲ့တည်နေရာကတော့ အလံပြဘုရားလမ်းပေါ်မှာ တည်ရှိတဲ့ “လပြည့်ဝန်း ပလာဇာ”မှာပါ.. India တွင် ဆိုင်ခွဲ (၁)ဆိုင်၊ Thailand တွင် ဆိုင်ခွဲ (၄)ဆိုင်၊ ယခု မြန်မာနိုင်ငံတွင် ပထမဆုံး ဆိုင်တစ်ဆိုင်ဖွင့်ထားပါတယ်.. ဆိုင်တွင် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်အားလုံးကို အိန္ဒိယမှ တင်သွင်းလာတာပါ.. ထို့ပြင် “Bawarchi” ၏ပင်ရင်းကုမ္ပဏီမှ လာရောက်ဖွင့်လှစ်ထားခြင်းလည်း ဖြစ်ပါတယ်.. ဆိုင်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အိန္ဒိယအငွေ့အသက်ကို ခံစားရစေတဲ့ ဆိုင်အပြင်အဆင်က ကြိုဆိုနေပါတယ်.. အမြင်ဆန်းစေတဲ့ အဆင်တန်ဆာတွေနဲ့ လူကို တမဟုတ်ချင်း ဆွဲဆောင်လိုက်နိုင်ပါတယ်.. ဆိုင်ထဲမှာ ပျံ့လွင့်နေတဲ့ အိန္ဒိယ တေးသံသာများကို နားဆင်ရင်း အစားအစာမှာယူခြင်းလုပ်ငန်းကို စတင်လိုက်ပါတယ်.. စားချင်တာတွေ၊ စားချင်စရာကောင်းတာတွေက သိပ်များနေတော့ ဆိုင်မှဝန်ထမ်းလေး၏ အကူအညီကိုယူရင်း မှာဖြစ်ခဲ့တာတွေကတော့.. Smoked Chooza Tikka လို့ခေါ်တဲ့ ကြက်သားကင်ရယ်၊ Bharwa Paneer Tikka လို့ခေါ်တဲ့ ဒိန်ခဲတစ်ပွဲရယ်၊ Lasooni Palak လို့အမည်ရတဲ့ Vegetarian တစ်ပွဲရယ်၊ Prawn Butter Malasa လို့ခေါ်တဲ့ ပုဇွန်ဟင်းတစ်ပွဲရယ် မှာယူလိုက်ပါတယ်.. ထို့နောက် ၄င်းတို့နှင့် တွဲဖက်စားသုံးရမည့် Garlic Naam (ကြက်သွန်ဖြူအရသာ နံပြား) တစ်ပွဲကို နောက်ဆုံးပိတ်မှာယူပါတယ်..

ရှေးဦးစွာ အစာမစားခင် ခံတွင်းရှင်းစေရန် ဒိန်ချဉ်လုံးလေးတွေ လာချပေးပါတယ်.. စားကြည့်လိုက်တဲ့အခါ တကယ်ကို ခံတွင်းထဲမှာ ရှင်းလင်းသွားတဲ့ခံစားချက်ကို ရရှိပါတယ်.. ဒိန်ချဉ်လုံးလေးတွေကိုတော့ ကျွန်မအကြိုက်တွေ့သွားပါပြီ.. စားပွဲဆီမရောက်ခင်ကပင် အနံ့နှင့်သွားရည်ကျချင်စရာ ကောင်းနေတာကတော့ ကြက်သားကင်ပါပဲ.. ကြက်ရင်ဖုံသားသီးသန့်ကို အမွှေးနံ့သာများနှင့် အချိန်တစ်ခုကြာအောင် နှပ်ထားပြီး မှာယူသည့်အခါကျမှ မြေအိုးကြီးထဲတွင် ထည့်ကင်ထားသည့် ကြက်သားကင်ပါ.. အသားထဲထိ စိမ့်ဝင်နေတဲ့အရသာရယ်၊ မွှေးပျံ့လွန်းတဲ့ရနံ့ရယ်ကြောင့် ဟန်တောင်မဆောင်နိုင်ဘဲ အားရပါးရစားလိုက်မိပါတယ်..  အရောင်အဆင်းရော၊ အနံ့အရသာပါ ပြည့်စုံတဲ့ “Smoked Chooza Tikka”ကို ကျွန်မ အလွန်အမင်းနှစ်ခြိုက်မိပါပြီ.. ထို့နောက် ထပ်မံမြည်းစမ်းကြည့်တာကတော့ ပုဇွန်ဟင်းဖြစ်တဲ့ “Prawn Butter Malasa” ပါ.. ပုဇွန်ထုပ်ကြီးကြီးတွေကို ခရမ်းချဉ်သီးအနှစ်နဲ့ ချက်ထားတဲ့ ထူးခြားတဲ့ဟင်းတမယ်ဖြစ်ပါတယ်.. Makhani Sauce လို့အမည်ရတဲ့ ဆော့စ်နဲ့ ခရမ်းချဉ်သီးအနှစ်ကို ရောနှောချက်ပြုတ်ထားတာပါ.. Makhani Sauce ဆိုတာကတော့ ထောပတ်၊ သံပုရာရည်၊ ကြက်သွန်ဖြူဂျင်းအနှစ်၊ မဆလာကောင်းကောင်း၊ ငရုတ်မှုန့်၊ အမွှေးနံ့သာ စသည်တို့နှင့် ကြေညက်အောင်ပြုလုပ်ထားတဲ့ ခရမ်းချဉ်သီးအနှစ်ကို ပေါင်းစပ်ပြီး ချက်ပြုတ်ထားတာပါ.. ထူးခြားစွာ ရောစပ်ထားတဲ့ ဟင်းအနှစ်ရယ်၊ ပြီးတော့ လတ်လတ်ဆတ်ဆတ် ပုဇွန်ထုပ်ကြီးကြီးရယ်တို့ကြောင့် အရသာလွန်စွာကောင်းမွန်လှပါတယ်.. တွဲဖက်စားသုံးရတဲ့ ကြက်သွန်ဖြူအရသာ နံပြားကလည်း ဂျုံကောင်းကောင်းနဲ့ ကိုယ်တိုင်ပြုလုပ်ထားတာမို့လို့ စားလို့ကောင်းလှပါတယ်.. ကျွန်မအတွက် ထူးခြားတာ နောက်တစ်ခုကျန်ပါသေးတယ်.. အဲ့ဒါကတော့ ဟင်းနုနွယ်ရွက်ကိုအခြေခံပြီး ချက်ပြုတ်ထားတဲ့ “Lasooni Palak” ပါပဲ.. သက်သက်လွတ်ဟင်းဖြစ်ပြီး အရည်၊အနှစ်အနေနဲ့ တွဲဖက်စားသုံးရတာမျိုးပါ.. အရသာကတော့ ရှင်းရှင်းလင်းလင်းရှိပြီး တခြားဟင်းများကို အထောက်အပံ့ပေးနိုင်ပါတယ်.. ပြီးတော့ ဟင်းနုနွယ်ရွက်လို့ မထင်ရတဲ့အရသာမျိုးပါပဲ.. နောက်ထပ်သွားရည်ယိုစရာ ဟင်းတစ်ပွဲကတော့ “ဒိန်ခဲ” ပါ.. ကိုယ်တိုင်ပြုလုပ်ထားတဲ့ အိမ်လုပ်ဒိန်ခဲထဲမှာ Chef စိတ်ကြိုက် ပင်စိမ်းနှင့်ကြက်သွန်ဖြူချပ်တနီ အစာသွပ်ထားတဲ့ဟင်းပွဲက မွှေးမွှေး၊ စိမ့်စိမ့်လေးနဲ့ အရသာစွဲကျန်နေအောင် ကောင်းပါတယ်.. နံပြားကောင်းကောင်းလေးရယ်၊ ကြက်ကင်၊ ပုဇွန်ဟင်း၊ ဟင်းနုနွယ်ဟင်း၊ ဒိန်ခဲမွှေးမွှေးလေးရယ် တွဲဖက်စားသုံးရင်း အိန္ဒိယအစားအစာ စစ်စစ်တွေရဲ့အရသာကို တစ်ဝကြီးခံစားနေမိပါတော့တယ်.. ကျွန်မစားသုံးနေစဉ်မှာပဲ နိုင်ငံခြားသားဧည့်သည်တွေရော၊ မြန်မာဧည့်သည်တွေပါ တစ်ဖွဲဖွဲရောက်လာပါတယ်.. လာတဲ့ဧည့်သည်တွေကို စပ်စုကြည့်တဲ့အခါမှာ ထမင်းထက် ဆိုင်မှကိုယ်တိုင်ပြုလုပ်ထားတဲ့ နံပြား၊ ပလာတာ စသည်တို့ကို ပိုမိုသုံးဆောင်ကြတာ တွေ့ရပါတယ်.. ထို့နောက် စပ်စုတာလေးရပ်ပြီးတော့ မှာယူထားတဲ့ သရက်သီးဖျော်ရည်ကို ဆက်လက်အရသာခံကြည့်ပါတယ်.. OMG !! ကောင်းလိုက်တဲ့ သရက်ဒိန်ချဉ်ဖျော်ရည် !! သရက်သီးအရသာကတလှည့်၊ ဒိန်ချဉ်အရသာကတလှည့်နဲ့ သောက်လိုက်ရတဲ့အခါတိုင်း စိတ်ကျေနပ်မှုကို အထူးဖြစ်ပေါ်စေပါတယ်.. ဒိန်ချဉ်ပါတဲ့အတွက် အစာလည်း ကြေစေပါတယ်.. ဒီနေ့အတွက်တော့ တကယ်ကို ပြီးပြည့်စုံတဲ့နေ့လည်စာကို သုံးဆောင်ခဲ့ရပါတယ်..

အမြင်ဆန်းယုံမက သန့်ရှင်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်၊ ကူညီတတ်တဲ့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုအပြင် အရသာ ထူးခြားကောင်းမွန်မှုတွေကြောင့် တစ်ခါတစ်ခေါက် အရောက်သွားသင့်တဲ့ အိန္ဒိယရိုးရာ ဆိုင်တစ်ဆိုင်အဖြစ် MyLann ရဲ့ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးလိုက်ရပါတယ်ရှင်..