Delicious Hot Pot @ Shwe Lar 1908 views


ရန်ကုန်မြို့ရဲ့ ရှားရှားပါးပါး ဆောင်းရာသီလေးကို အမှီပြုပြီး အမြတ်ထုတ်ဖို့ Pop Corn တစ်ယောက် အကြံထုတ်နေပါတယ်..  နံနက်ခင်းနဲ့ ညနေပိုင်းလေးတွေမှာ အအေးပိုနေတတ်တော့ ပူပူနွေးနွေးလေး စားရရင် ကောင်းမှာပဲလို့ စဉ်းစားမိတဲ့အခါ တစ်ခါမှ မစားဖူးသေးတဲ့ Shwe Lar Shabu Shabu Hotpot ဆိုင်လေးကို သတိရလိုက်မိပါတယ်..

ရန်ကုန်မြို့မှာ မှိုလိုပေါက်လာတဲ့ ဟော့ပေါ့ဆိုင်တွေ များစွာထဲမှာမှ “Shwe Lar” က နာမည်ရလာတဲ့ ဆိုင်တစ်ဆိုင်ပါ.. သူဘာကြောင့် နာမည်ရလာတယ်ဆိုတာကို သေချာသိရအောင် သွားစားကြည့်ခဲ့ပါတယ်.. မြို့လယ်ခေါင်က ဆိုင်တော်တော်များများရဲ့ နေရာရှားပါးမှု ထုံးစံအတိုင်း သိပ်မကျယ်ဝန်းလှတဲ့ ဆိုင်ခန်းထဲမှာ နေရာထိုင်ခင်းအတွက် စနစ်တကျ ခင်းကျင်းထားတာကို တွေ့ရပါတယ်.. ဆိုင်ထဲကို ဝင်လိုက်တာနဲ့ မြင်သမျှ သစ်လွင်နေသလို ညနေ(၅)နာရီလောက် အရောက်သွားတာတောင် ဆိုင်ထဲမှာ လူအပြည့်ပါပဲ.. လူတစ်ယောက်ကို အိုးသေးလေးတစ်လုံးစီနဲ့ စားရတဲ့ပုံစံပါ.. အားလုံးတူတူ ဝိုင်းဖွဲ့စားချင်တယ်ဆိုရင်တော့ သိပ်အဆင်မပြေပါဘူး.. Menuထဲမှာဆိုရင်တော့ အသားတစ်မျိုးဆီနဲ့ အသီးအရွက်စုံ တွဲဆက်ထားတဲ့ “Set Meal” (၁၀)မျိုးရှိသလို ကိုယ်ကြိုက်သလို တစ်မျိုးချင်းစီလည်း မှာယူလို့ရပါတယ်.. Pop Cornကတော့ စိတ်ကြိုက်ပဲ တစ်မျိုးချင်းစီမှာယူလိုက်ပါတယ်.. အစားအသောက်မှာယူရာမှာလည်း ဆိုင်ဝန်ထမ်းမိန်းကလေးရဲ့ အကူအညီကို များစွာရခဲ့တဲ့အတွက် ကျေးဇူးတင်ရပါတယ်.. ပထမဆုံး “ထိုင်ဝမ်ဝက်သားနယ်ထမင်း” ကို စိတ်ဝင်စားမိလို့ မှာလိုက်ပါတယ်.. ပြီးနောက် အသားထဲက ဝက်သား၊ “ဝက်ဆားနယ်ခြောက်”လို့ ခေါ်တဲ့ သုံးထပ်သား၊ ပြီးတော့ ဝက်သားလုံးတို့ကို မှာပြီး ကြိုက်နှစ်သက်တဲ့ အသီးအရွက်အနည်းငယ်ကို မှာပါတယ်.. ပြီးတော့ လူစားများတယ်ဆိုတဲ့ “ပုဇွန်ချောင်း” နဲ့ “ငါးလုံးအစုံ”ကို မှာပါတယ်.. ရေသန့်ကို ဝယ်သောက်စရာမလိုဘဲ လိုက်ဖြည့်ပေးပါတယ်.. “Black Tea နဲ့ Lemon Tea” ကိုလည်း Free Drink အနေနဲ့ပေးထားသလို ဖြစ်သလိုဖျော်စပ်ထားတာမျိုးလည်း မဟုတ်လို့ သောက်ရတာ တကယ်အဆင်ပြေပါတယ်.. အချဉ်ကလည်း ကိုယ့်စိတ်ကြိုက် စပ်ရပါတယ်.. ဟော့ပေါ့အရည်ကတော့ ထုံးစံအတိုင်း “အချို နဲ့ အစပ်” (၂)မျိုးရှိတဲ့အထဲက အစပ်ကိုပဲ မြည်းကြည့်ခဲ့ပါတယ်.. ဟင်းရည်အိုးရောက်လာပြီး မှာထားတဲ့ အသားနဲ့ အသီးအရွက်တွေကို ထည့်လိုက်ပြီး စားမယ့်အချိန်ကို စောင့်နေပါတယ်..

ဝက်သားလွှာလေးတွေက တကယ်ကို ပါးပါးလွှာလွှာရှိတဲ့အတွက် နူးဖို့လွယ်သလို စားလို့လည်း ကောင်းပါတယ်.. နူးညံ့ပြီး အရသာပြည့်ဝတဲ့ ဝက်သားလွှာလေးတွေကို မြည်းကြည့်ရင်း ကိုယ်ရွေးချယ်မိတဲ့ ဆိုင်လေးအတွက် ကျေနပ်နေပါတယ်.. ဝက်သားလုံးကလည်း Ready Made အသားလုံးမဟုတ်ဘဲ တကယ်ကို အားရပါးရနဲ့ အရသာရှိလှပါတယ်.. “ထိုင်ဝမ်ဝက်သားနယ်ထမင်း”ကတော့ ဝက်သားကို မှိုနဲ့ရောချက်ပြီး တရုတ်မဆလာအုပ်ထားတဲ့ ဝက်အချိုချက်ကို ထမင်းပေါ်အုပ်ပေးထားတာပါ.. Pop Cornအတွက်ကတော့ သိပ်မထူးဆန်းသလိုပါပဲရှင်.. ပြီးတော့ Recommended ထဲမှာပါတဲ့ “ပုဇွန်ချောင်း”က ပုဇွန်ကိုကြိတ်ထားပြီး အစိမ်းအတိုင်း အိုးထဲကိုထည့်ပြုတ်ရတာပါ.. တော်တော်စားကောင်းပြီးတော့ တကယ်လည်း လတ်လတ်ဆတ်ဆတ်ရှိပါတယ်.. “ငါးလုံးအစုံ”မှာတော့ Ready Made အသားလုံးများပါဝင်ပြီး ထူးခြားတာက “ငါးဖက်ထုပ်”အလုံးလေးပါ.. “Shwe Lar”မှာ သွားစားဖြစ်ရင် အဲ့ဒိ ငါးဖက်ထုပ်လေးကို မြည်းစမ်းကြည့်ကြပါလို့ မှာချင်ပါတယ်ရှင်.. ဟော့ပေါ့ရဲ့ အဓိကသော့ချက်က အသားငါး၊ အသီးအရွက်တွေရဲ့ လတ်ဆတ်မှု၊ အရသာရှိမှုတွေအပြင် Soup နဲ့ အချဉ် ကောင်းမွန်ဖို့လည်း အရေးကြီးပါတယ်.. “Shwe Lar”ရဲ့ ဟော့ပေါ့အရည်ကဆိုရင် ငရုပ်သီးရောင်ရဲရဲနဲ့ စပ်နေတဲ့ပုံစံမျိုးမဟုတ်ပါဘူး.. ဟင်းရည်အရသာက လျှာပေါ်မှာစပ်နေတာမျိုးမဟုတ်ဘဲ အာခေါင်ထဲရောက်မှ ပူသွားတာမျိုးပါ.. ပြီးတော့ အရည်ကို ခပ်ပေါ့ပေါ့လေး လုပ်ထားပါတယ်.. Pop Cornကတော့ အဲ့လိုခပ်ပေါ့ပေါ့အရသာကို ကြိုက်နှစ်သက်တဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်.. အချဉ်ဖျော်စပ်ဖို့ အမယ်မျိုးစုံရှိတာ တွေ့ရပါတယ်.. ဒါပေမဲ့ အချဉ်ထဲကို ကြက်သွန်ဖြူ နဲ့ ငရုပ်သီး ထည့်လိုက်ရုံနဲ့တင် အရမ်းကိုကောင်းမွန်တဲ့ အချဉ်တစ်ခွက်ဖြစ်သွားပါတယ်.. စိတ်ကြိုက်စပ်ထားတဲ့အချဉ်နဲ့ လတ်ဆတ်တဲ့အသားပြုတ်တို့ရဲ့ လိုက်ဖက်ညီမှုက Pop Cornရဲ့စားချင်စိတ်ကို အမြင့်ဆုံးထိရောက်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်..  ဈေးနှုန်းကလည်း များတဲ့အထဲမှာ မပါဘူးလို့ ပြောနိုင်ပါတယ်.. MyLannရဲ့ ချစ်သူငယ်ချင်းတို့ လေ့လာနိုင်အောင် Menuလည်း တစ်ခါတည်း တင်ပေးလိုက်ပါတယ်..  ဒီတစ်ခါတော့ ပင်လယ်စာတွေနဲ့ မစားဖြစ်လိုက်လို့ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့အတူတူသွားမှ အားရပါးရထပ်စားပါဦးမည် ဖြစ်ကြောင်း.. :D