Food Streat သွားမှခေတ်မှီတယ်လို့မပြောဖူးနော်။ ခေတ်မှီတဲ့သူတိုင်းတော့ Food Streat ရောက်ပြီးကြပြီတဲ့ ဗျ :P 938 views


Junction City ရောက်ရင်အပေါ်ဆုံးထပ်က Food Streat ကိုလည်းသွားဖို့မမေ့ကြနဲ့အုံးဗျ။ အခုနောက်ပိုင်း စားသောက်ဆိုင်တစ်ဆိုင်ထဲမှာပဲထိုင်ပြီး အဲ့ဒီကရတာတွေကိုပဲစားကြတဲ့အပြင် Food Court မှာကိုယ်ကြိုက်တာကို တစ်ဆိုင်စီကတစ်မျိုးစီ ဝယ်ပြီးစားသောက်နေကြတဲ့ပုံစံမျိုးလည်းတစ်ခေတ်ထ လာခဲ့ပြီ။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြတော့ လူအများနဲ့တွေ့ဖို့ချိန်းဆိုကြတဲ့အခါ နေရာရွေးရတာ နည်းနည်းတော့ခက်ခဲလာတယ်။ ဒီလိုမျိုး Food Court တွေတဖြေးဖြေးများလာတာလည်း ကျော်တို့လို အစားသမားတွေအတွက်တော့ ပိုပြီးရွေးချယ်စရာတွေများလာလို့ အဆင်ပြေစေပါတယ်။

 

အခုလည်း ဒီ Juction City ရဲ့ Food Streat မှာ ဆိုင်ပေါင်းကမနည်းဘူးဗျ။ ကိုယ်ပထမထင်တာကတော့ ငါးလွှာတင်တဲ့စက်လှေကားကတက်လာရင်တွေ့တွေ့ချင်းဆိုင်တွေပဲရှိမယ်လို့ထင်ထားတာ။

ကိုယ်ပထမထင်ထားတာက Food Streat ရဲ့ဆိုင်လေးတွေက လေးလွှာကနေစက်လှေကားနဲ့ တက်တက်လိုက်ချင်း တွေ့တဲ့ဆိုင်လေးတွေပဲ ရှိတယ်လို့ပဲပေါ့။

ရောက်တော့မှ ဘေးဘက်နဲ့ အနောက်ဘက်မှာပါ ဆိုင်တွေရှိနေပါသေးတယ်။ ထိုင်စရာနေရာလည်းများတယ်။ လွတ်လွတ်လပ်လပ်နဲ့အေးအေးဆေးဆေး Friendly Zone လေးထဲရောက်နေသလို၊ နေရထိုင်ရတာအရမ်းလည်း Heavy မဟုတ်ဘူး။ သက်တောင့်သက်သာလေးပဲ။ ဘယ်သူ့မှလည်းရှိန်နေစရာမလိုတဲ့အကွက်မျိုး။ ပတ်ဝန်းကျင်အခြေအနေလည်း သာယာတယ်။ လူတွေကလည်းသူ့ဘာသူ၊ သူ့အုပ်စုလေးတွေနဲ့သူ အငြိမ်ဇယားလေးတွေပဲ။

 

အစားအစာတွေကိုဘယ်လိုဝယ်စားရမှာလဲ ဆိုတော့ Food Streat ဝင်ဝင်ချင်းနားမှာ Counter တစ်ခုရှိတယ်။ အဲ့ဒီမှာ ကဒ်ထဲပိုက်ဆံထည့်ပြီးဝယ်ရုံပဲ။ ကဒ်ကတော့နှစ်မျိုးရှိတယ်။ Prepaid Card နဲ့ Premium Card ဆိုတာ။ Prepaid Card ကတော့ တစ်ခါသုံးပေါ့။ ကိုယ်ထည့်ချင်တဲ့ Amount တစ်ခုထည့်ပြီးရင် အဲ့ဒီကဒ်နဲ့ပဲကိုယ်ကြိုက်တဲ့ဆိုင်မှာဝယ်။ အကယ်၍ ပိုက်ဆံကျန်နေသေးရင်လည်းတစ်ခါထဲထုတ်၊ ပြီးရင်  Counter မှာပြန်ပေးခဲ့။ နောက်တစ်ခုက Premium Card ကတော့ ငါးထောင်ကျပ်ထည့်လိုက်တာနဲ့ အဲ့ဒီကဒ်ကတော့ ကိုယ်အမြဲဆောင်ထားလို့ရတယ်။ ထည့်ထားတဲ့ပိုက်ဆံမကုန်မချင်းလည်းသုံးလို့ရတဲ့အပြင် ကဒ်သက်တမ်းကုန်ဆုံးရက်လည်းမရှိဖူး။ အမြဲတမ်းသုံးနိုင်တယ်တဲ့။ အဲ့ဒီကဒ်နဲ့ဆို ပရိုမိုးရှင်းတွေလည်းရှိသလို လက်ဆောင်ရတဲ့အစီအစဉ်တွေလည်းရှိတယ်တဲ့။ Prepaid Card လိုမျိုး Cash Refund တော့ ပြန်ထုတ်လို့မရဘူးပေါ့။ ဆိုတော့ ကိုယ်တော့အဲ့ဒါလေးသဘောကျမိသား။ ပိုက်ဆံရှိတဲ့အချိန်လေး အဲ့ထဲထည့်ထားပြီး အခုလိုပြတ်တုန်းလတ်တုန်းအချိန်လည်း ကဒ်လေးယူပြီးပဲသွားစားလိုက်ရုံဆိုတော့လေ။ ((ဒါနဲ့သတင်းကောင်းတစ်ခုက Premium ကဒ်ကိုပုံမှန်ဆို ကဒ်ဖိုးပေးရတယ်ဆိုပေမယ့် လောလောဆယ်ပိုက်ဆံ ၅၀၀၀ ဖြည့်ရုံနဲ့ အလကားပေးနေတယ်တဲ့။ ရက်တော့ကန့်သတ်ထားတာမရှိသေးဘူးတဲ့။ အခုရက်ပိုင်းဝယ်ရင်တော့ ပိုစိတ်ချရမယ်ထင်တယ်) ဒါကတစ်ပိုင်း….။

 

စားတဲ့အခါလည်းကိုယ်ကြိုက်တဲ့ဆိုင်ကအစားစာကိုဝယ်။ ပြီးရင်ကဒ်ပေးလိုက်။ ကဒ်ထဲကကျသလောက်ကိုဖြတ် ပြီး ဘောင်ချာနဲ့ Alarm လေးပြန်ပေးလိုက်လိမ့်မယ်။ မှာထားတာတွေ Ready ဖြစ်ပြီဆို အဲ့ Alarm လေးထမြည်လိမ့်မယ်။ အဲ့အခါကျ ကိုယ်ဝယ်ထားတဲ့ဆိုင်ကိုသွားပြီး အစားသောက်တွေသွားယူပြီးစားလိုက်ရုံပဲ။

 

Junction City ကိုလည်လည်သွားရင်း မင်းဘာစားမလဲဟျောင့်

အစားအစာတွေကတော့စုံတယ်ဗျ… Food Streat ကအခြားစားသောက်ဆိုင်တွေရဲ့အလည်မှာရှိနေသလိုမျိုးဗျ။ သူ့ကိုတော့အခြားဆိုင်တွေဝန်းရံထားသလို သူ့ရဲ့ပတ်ပတ်လည်မှာလည်း သူ့ဆိုင်နဲ့သူတပုံကြီးပဲ။ ဆိုင်ရှေ့မျက်နှာစာကတော့လူတိုင်းတွေ့နေကျပဲ သိနေကြပဲဆိုတော့ ကိုယ်ကတော့ ဆိုင်တွေနောက်ဘက်ခြမ်း လို့ခေါ်မလား အဲ့ဒီဘက်ကိုအရင်ညွှန်းချင်တယ်ဗျ။ လူတော်တော်များများကလည်း အဲ့ဒီအနောက်က သိပ်မသိကြဖူး။ အမှန်တော့ အစားအသောက်ကြိုက်တဲ့သူတွေအဖို့ အဲ့ဒီမှာ ရတနာတွေရှိနေတယ်ဗျ။

 

အရင်ဆုံး Streat Café - သူကတော့ ကော်ဖီမိုက်တယ်ဗျ။ ပြီးတော့အဲ့ဒီမှာ ကိတ်တွေရတယ်။ အခြား Smoothie တွေရတယ်။ အဲ့ရှေ့ကဖြတ်သွားရင် ကော်ဖီနံ့လေးကသင်းနေတာပဲ။ ကိုယ်တွေလည်းကော်ဖီတော့သောက်ခဲ့တယ်ပေါ့။

  • ပြီးတော့ ‘လသာကြေးအိုး’ သူကတော့ကြေးအိုးနဲ့ကြေးအိုးဆီချက်နာမည်ကြီးပဲ။ အခြားတရုတ်အစားစာ တွေလည်းရတယ်။ ဝက်နံရိုးဆန်ပြုတ်လည်းရတယ်။
  • ‘999 ရှမ်းခေါက်ဆွဲ’ ဆိုင်ကတော့ မာလာဟင်းကောင်းတယ်။ မွှေးမွှေးလေးနဲ့စားရတာလည်း အဆင်ပြေ တယ်။ အခြား ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ မြီးရှည်၊ တို့ဟူးကြော်၊ တို့ဟူးသုပ်၊ မြေအိုးမြီးရှည် ဘာညာ  အဲ့ဒါတွေလည်းရတယ်။ ပြီးတော့အဲ့မှာ ထမင်းပုံစားတွေလည်းရတယ်။ အသားဟင်းဘယ်နှမျိုး၊ အသီးရွက်ဘယ်နှမျိုးနဲ့ဆိုဘယ်လောက် ဘယ်လို ရွေးလို့ရတယ်။

 

  • ပြီးတော့ ‘Golden Taste’ ဆိုတဲ့ ရွှေရသာ။ သူကတော့ ဒံပေါက်ကောင်းတယ်ပေါ့။ ပဲထမင်းလည်းရတယ်။ ပြီးတော့ ထမင်းဖြူပဲပြုတ်ဆီဆမ်းကိုမှ ငါးရံ့ခြောက်ဖုတ်တို့၊ အမဲကြော်၊ ကြက်ဥကြော်တွေနဲ့လည်းရတယ်။ အခြား ပူရီတို့၊ ငှက်ပျော်သီးပလာတာ ရသေးတယ်။ ဒါနဲ့ အဲ့ဒီက ကူဖီးလ်မလိုင်လည်းနာမည်ကြီးတယ်။ အဲ့ဒါလေးစားခဲ့ကြဖို့ လက်တို့လိုက်ပါရစေအုံး။

 

  • ‘ရွှေပေါ်မြတင်’ - အဲ့ဒီကတော့ မုန့်ဟင်းခါးနာမည်ကြီးပြီးသားပေါ့။ ပြီးတော့ ကြာဇံချက်။ တော်တော်လေးမိုက်တယ်။ အခုချိန်မိုးအေးအေးလေးနဲ့လည်းအကိုက်ပဲ။ ကြာဇံချက်ပူပူလေးထဲ ငရုတ်သီးမှုန့်လေးထည့်၊ ကြက်သွန်နီလေးတွေထည့် သံပုရာသီးလေးညှစ် ဘယ်လိုတောင်ကောင်းသလဲမေးစရာမလိုဘူး။ ကိုယ်တော့အဲ့လေးတော်တော်ကြိုက်တယ်။ အဲ့ဒီမှာ အခြားအသုပ်စုံတွေရတယ်။ အသုပ်သုပ်ဖို့ပြင်ဆင်ထားတာတွေလည်း စားချင်စရာကြီးတွေ

 

  • ‘ဗူးသီး Buthee’ - ဗူးသီးရဲ့ဝက်သားတုတ်ထိုးကအလန်းစားဗျ။ သူက(၁၀)ချောင်းကို (၂၅၀၀)၊ (၁၅)ချောင်းကို (၃၅၀၀)၊ အချောင်း(၂၀)ကို (၄၅၀၀)။ အချောင်း(၂၀)ဆိုရင် အိုးလေးထဲထည့်ပေးတယ်။ ဈေးများတယ်ထင်ရပေမယ့် သန့်သန့်ရှင်းရှင်းနဲ့အရသာရှိရှိလေးဆိုတော့ စားပျော်ပါတယ်။ အချောင်း (၂၀)ကိုကိုယ်ကြိုက်တာတွေ အသားဆိုအသား၊ အူဆိုလည်းအူ၊ ထည့်ခိုင်းလို့ရတယ်။ အဲ့ဒါကိုမှ ချဉ်ချဉ်စပ်စပ်အချဉ်လေးရယ်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူလေးပါ သပ်သပ်ထပ်ထည့်ပေးထားတယ်ဆိုတော့ အမိုက်ပဲ အကိုက်ပဲပေါ့။ ပြီးတော့အဲ့ဒီက ထမင်းပေါင်းလည်းနာမည်ကြီးပဲ။ ပြီးတော့ ဝက်ပုန်းရည်ကြီးတို့ ငါးကြင်းပေါင်း အပြင်အခြားဟင်းလေးတွေလည်းရတယ်ဗျ

 

  • ပီဇာကြိုက်တယ်၊ ပါစတာကြိုက်တယ်ဆိုရင်တော့ ‘Parami Pizza’ ရှိတယ်။ ပီဇာဆိုလည်း အများကြီးမှာမှ မဟုတ်ဘူး။ တစ်စိပ်ချင်း၊ တစ်ချပ်ချင်း စားလို့ရတယ်။ ကိုယ်တော့ Hawaiian တစ်စိပ်ရယ်၊ Franch Fries တစ်ပွဲ ဆွဲခဲ့တယ်။

 

အဲ့ဒီကနေအရှေ့ဘက်ကိုပြန်သွားရင် ‘Taiwan Snacks’ ဆိုတဲ့ဆိုင်လေးရှိတယ်။ သူကတော့ ဝက်သား စပါယ်ရှယ်ဗျာ။ ဝက်သားနဲ့ပတ်သတ်ပြီး ဝက်စတူးတို့၊ ဝက်ပေါင်းတို့ ဘာညာ အစုံရတယ်ဗျ။ ဝက်ခရေဇီဆိုရင်တော့ အဲ့ဒီကိုသွား  :3

 

ပြီးရင်တော့ ‘CP’ ရှိတယ်။ CP ကလည်း ကြက်ကြော်၊ ကြက်အူချောင်းတွေ ပေါ့ပေါ့ပါးပါးစားလို့ရတာ လေးတွေပေါ့။

 

အဲ့ဒီဘေးမယ် ကိုယ်အကြိုက်ဆုံး  ‘Juice Corner’ ဘာလို့ကြိုက်သလဲမမေးနဲ့။ အဲ့ဒီမှာကိုယ်သောက်ခဲ့တာ Honey Mango ဆိုလား Mango Honey ဆိုလား။ Mango တော့ Mango ပဲ။ သူ့ရဲ့အရသာကသောက်မိတဲ့လူတိုင်းကြွေတယ်။ မယုံရင်သောက်ကြည့်လိုက်ပါ။ အတင်းမသောက်ခိုင်းဘူး။ သောက်ပြီးလို့မကြိုက်ဖူးဆိုတာတော့ဖြစ်မှာမဟုတ်ဖူး။ သူ့ရဲ့အရသာက အရမ်းလည်းမချိုပဲ သဘာဝအသီးအရသာလေးလည်းပါတယ်။ ကိုယ်ကသရက်သီးကြိုက်ပြီးသား ဆိုတော့ အကိုက်ပဲ။ နောက်ပြီး သောက်လိုက်တာနဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ လန်းလန်းဆန်းဆန်းလေး ဖြစ်သွားတဲ့ဖီးလ်လေးကိုယ်ပိုကြိုက်တယ်။ နောက်တစ်ခါတွေထပ်သွားလည်းအဲ့ဒါလေးပဲသောက်မိမှာ။ အခြား ရေခဲမုန့်လည်းရတယ်ဗျ။ Flavour လည်းတော်တော်စုံစုံတွေ့တယ်။ ရေခဲမုန့်ကြိုက်တဲ့ခေးတွေ အတွက်လည်း ဒါလေးရှိတော့အဆင်ပြေသွားရောပေါ့။

 

အဲ့ဒီကနေဆိုရင်မှ အရှေ့မျက်နှာစာတန်းရောက်ပြီ။ ဘာဆိုင်တွေရှိနေမလဲ ?

 

  • Ayan Penyet သူကိုလည်းသတိထားမိကြမှာပါ။ ဘာလို့ဆို ဟိုးတလောကပဲ လိုင်းပေါ်မှာ အင်ဒိုနီးရှားကြက်ကြော် နာမည်ကြီးသွားသကိုး။  အခုလည်းကိုယ်အဲ့ဒါမှာစားခဲ့တယ်ဟေး မဆိုးဘူးဗျ။ စားကောင်းသား။ အပေါ်ယံလေးပဲကြွပ်တယ်ဆိုပေမယ့် အတွင်းသားလေးလည်းအိအိလေးပဲ။ အဲ့ဒါကိုမှ ငရုတ်ဆော့စ်လေးနဲ့တို့စား။ အပေါ်မှ ကြွပ်ကြွပ်လေးတွေဖြန်းပေးထားတာ ဘာလဲတော့မသိ။ ဒါပေမယ့်လည်းမိုက်တယ်။
  • ကိုရီးယားခရေဇီလေးတွေအတွက်လည်း ဒီမှာ K BibimBap ရှိတယ်။ ရေညှိထမင်းလိပ်လေးတွေလည်း ရသလို အခြား ကျောက်အိုးပူထမင်းသုပ်၊ တော့ပူကီနဲ့ ငါးအသားပြားတွေလည်း ရသေးတယ်။
  • ဆူရှီကြိုက်ရင်တော့ Sushi Onii ရှိတယ်။ ဆူရှီကိုမှပုံစံမျိုးစုံနဲ့ရနိုင်တယ်။ Akuma Roll လေးကတော့ အမိုက်စားပဲ။ အဲ့ဒီရောက်လို့ဘာစားရမှန်းမသိရင် အဲ့ဒါလေးစားကြည့်လိုက်ကြအုံး
  • နောက် Imperial Garden - အဲ့ဒီမှာတော့ ဒင်းဆမ်းမိုက်တယ်။ ဒီက ကြက်ခြေထောက်ပေါင်းတို့၊ အသားပေါင်းတို့မိုက်တယ်။ ပူပူနွေးနွေးလေးနဲ့ လတ်လတ်ဆတ်ဆတ်လေးဆိုတော့ အဆင်ပြေပါတယ်။
  • နောက် တင့်တင့်မြန်မာမုန့်ဆိုင် - ကော်ဖီလေးနဲ့ လက်ဖက်ရည်လေးနဲ့ဆို လိုက်ဖက်တယ်။ မြန်မာမုန့်လေးတွေကို သန့်သန့်ရှင်းရှင်းလေးနဲ့ အရသာရှိရှိလေးတွေဆိုတော့ စားရတာလည်း စိတ်ချမ်းသာစရာပါ။ ဈေးနှုန်းလေးတွေလည်းအသင့်တင့်ပါပဲ။။

 

 

ကဲ… ပြောခဲ့တာ ဆိုင်တွေတော့စုံသွားပြီ။ ဈေးနှုန်းတွေကိုခြုံပြီးပြောရရင်တော့ အပြင်မှာထပ်တော့ နည်းနည်းလေးများတယ်ဗျ။ သို့ပေမယ့် သူ့ကိုစားရတဲ့ပုံစံနဲ့ အရသာတွေ၊ သန့်ရှင်းလတ်ဆတ်မှုတွေနဲ့ ဆိုတော့ ပေးရတာတော့တန်ပါတယ်။ ကျန်းမာရေးလည်းထိခိုက်စရာမလိုဘူးဆိုတော့ စိတ်ချလက်ချ စားသုံးနိုင်တယ်ပေါ့။ ပြီးတော့သူ့ရဲ့ဇုန်လေးက လွတ်လပ်ပြီး အေးအေးဆေးဆေးရှိတဲ့နေရာမျိုး ဖြစ်လို့ ဘယ်လိုလူမျိုးနဲ့မဆိုလည်း သင့်တော်တယ်။ ဒီကဆိုင်တွေကလည်း အပြင်မှာလည်း နာမည်ရပြီးသားတွေမို့ ကိုယ်နဲ့လည်းမစိမ်းတော့ စားရသောက်ရတာ အဆင်ကိုပြေနေရောပဲ။ ကိုယ်တော့အဲ့ဒီလိုလေးတွေကြောင့်ဒီနေရာလေးကို ကြိုက်မိပါတယ်။ အရသာလေးတွေကလည်း သူ့ဟာလေးနဲ့သူစားကောင်းပြီးသား။ မိုက်ပါတယ်။ ကြိုက်ပါတယ်။ ခိုက်ပါတယ်ဗျ……

 

Food Streat က မနက်ကိုးနာရီကနေ ညကိုးနာရီအထိဖွင့်တယ်။ သောကြနဲ့၊ စနေနေ့တွေ ဆိုရင်တော့ ည(၁၀)နာရီအထိဖွင့်တယ်တဲ့နော်

ဒီတစ်ခေါက်တော့ မိုးရွာလည်းမမှုရတဲ့နေရာမျိုး၊ Shopping လည်းထွက်ရင်း စားလို့သောက်လို့ကောင်းမယ့် နေရာမျိုး၊ တစ်နေရာထဲမှာတင်အစုံစားနိုင်မယ့်နေရာမျိုး လမ်းညွန်ပေးခဲ့လို့ အားလုံးပဲ အကြိုက်တွေ့ကြမယ်ထင်ပါတယ်ဗျ။ တာ့တာ… နောက်မှပြန်တွေ့မယ်နော် 

 

Honey (MyLann)

#MyLann #Online_Restaurant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Food_in_Yangon #Food_in_Town

#Food_Streat #Junction_City #Food_Court #Food_Collection #Food_in_Junction_City