အရသာရှိတဲ့ ဂျပန်ခေါက်ဆွဲ - Ramen Monster 675 views


ဒီတစ်ခါတော့ ပိတ်ရက် လှည်းတန်းစင်တာကြီးကို ရောက်ရှိလို့ လာခဲ့ပါတယ်။ ဘော်ဒါတွေ တော်တော်များများ ပြောကြတယ် လှည်းတန်းစင်တာမှာ နာမည်ကြီးနေတဲ့ ဂျပန်ခေါက်ဆွဲဆိုင်ရှိတယ် ။ လူတွေလည်း အရမ်းသွားစားကြတယ် တဲ့ ။ ဒါနဲ့  ဘာတွေ ထူးသလဲ ဆိုပြီး မြည်းစမ်းဖို့  သွားခဲ့ပါတယ်။

Ramen Monster (ရားမန် မွန်းစတား ) ဆိုတဲ့ ဆိုင်လေးကတော့ လှည်းတန်းစင်တာ အောက်ထပ် Basement ထဲက City Mart ရဲ့  နောက်ကျောဘက်မှာ ရှိပါတယ်။ အဲ့ဆိုင်လေးကို ရောက်သွားတော့ ချစ်စရာ ဂျပန်စတိုင် အပြင်အဆင်လေးတွေနဲ့  ဖော်ရွေတဲ့ ဆိုင်ဝန်ထမ်းတွေက ကိုယ်တွေကို ကြိုဆိုပါတယ်။

စားစရာကို ကောင်တာမှာ စိတ်ကြိုက်မေးမြန်းပြီး ရွေးမှာ လို့ ရတယ် ။ကိုယ်တွေ ရောက်သွားတော့ နေ့ လည်စာ စားချိန်ဆိုတော့ အဝတွယ်မယ် ဆိုပြီး ရားမန်နှစ်ပွဲရယ် ၊ ထမင်းနဲ့ ဟင်းပါတဲ့ Menu တစ်ခုရယ် မှာလိုက်ကြပါတယ်။

ကိုယ်တွေ စားဖြစ်ခဲ့တဲ့ ရားမန်း နှစ်ပွဲကလည်း အမျိုးအစားမတူပါဘူး ။ တစ်ခုက ဒီဆိုင်မှာ လူကြိုက်များတဲ့ Tonkotsu Ramen ဖြစ်ပြီး နောက်တစ်ခုကတော့ Spicy Ramen ပါ ။ ရားမန်မှာ အရသာရှိတာက ပူပူနွေးနွေးလေး စားရတာရယ် အထဲမှာ ပါတဲ့ အဆာပလာတွေဖြစ်တဲ့ ဂျုံ ခေါက်ဆွဲ ၊ နူးနေအောင် ပေါင်းထားတဲ့ ဝက်သားသုံးထပ်သားပြားနဲ့  အထဲက အနှစ်ကို အရည်ပုံစံမပျက် အပူချိန်သေချာညှိပြီး ပြုတ်ထားတဲ့ ကြက်ဥပြုတ် အခြမ်းလေးတွေက တကယ့်ကို အရသာရှိပါတယ်။ ကိုယ်တွေမြည်းစမ်းခဲ့တဲ့ အစားအစာတွေကို ပြောပြရရင်တော့..

"Tonkotsu Ramen "

ဒီဂျပန်ခေါက်ဆွဲက ဒီဆိုင်မှာ လူတိုင်းစားတဲ့ နာမည်ကြီး ခေါက်ဆွဲပါတဲ့ ။ အထဲမှာ ပါတဲ့ ပူပူနွေးနွေး ဟင်းရည်ရယ် ၊ နူးအိနေတဲ့ ဝက်သားပြားတွေရယ်။ ပဲပင်ပေါက် ၊ ကြက်သွန်မိတ် ၊ ရေညှိ ၊ ကြွက်နှားရွက်မှို စတာတွေ ပါဝင်ပါတယ်။ရားမန်ခေါက်ဆွဲတစ်ပွဲလုံးကို အချိုမှုန် လုံးဝမသုံးထားပဲ အသားပြုတ်ရည်က ချိုပါတယ်။ ခေါက်ဆွဲလေးကလည်း ပူတုန်းစား မပွခင်စားတာ ကောင်းပါတယ်။ အရသာကလည်း ရှိပြီး ပန်းကန်အကြီးကြီးနဲ့ ထည့်ပေးထားတဲ့ အတွက် တစ်ဝကြီး စားရပါတယ်။ ဂျုံခေါက်ဆွဲက Homemade ပါတဲ့ ။ ဒါကြောင့် စားရတာ အိအိလေးနဲ့  ဝါးရတာ ကောင်းမှကောင်း။

"Spicy Ramen "

အစပ်ကြိုက်သူများအတွက် အစပ်ကဲထားတဲ့ ရားမန်ခေါက်ဆွဲလေးပါ။ ပါဝင်တဲ့ အစာပလာတွေက ခုနက ရားမန်နဲ့ မကွာပါဘူး။ ဒါကတော့ စပ်စပ်လေး ရှူးရှူးရှဲရှဲ စားချင်တယ် ဆိုရင် တကယ်ကောင်းပါတယ်။ အစပ်အရသာလည်း ကိုယ်ကြိုက်သလို ပြင်ခိုင်းလို့ ရပါတယ်။ အစပ်ကို အတိုးအလျော့ လုပ်ပေးခိုင်းလို့ ရပါတယ်။ Spicy Ramen လေးကိုစားရင် ဇွန်းလေးနဲ့ ဟင်းရည်ကို ခပ်သောက်ပြီး စားရတာ တကယ်ဂွတ်ပဲ။ အဲ့ဒီမှာ ပါဝင်တဲ့ ငရုတ်သီးမှုန့် တို့ ကလည်း ကိုယ်တိုင် လုပ်ထားတဲ့ Homemade ပါတဲ့ ။

"Curry Don"

ဒါကတော့ ခေါက်ဆွဲ မစားချင်တဲ့ သူတွေ အတွက် ထမင်းနဲ့ ဟင်း Set လိုက်လေးပေါ့ ။ဟင်းကို ဂျပန်စတိုင် ချက်ထားပေးတာပါ ။ ဝက်သားနဲ့ လည်း ရသလို ကြက်သားကြိုက်သူများအတွက် ကြက်သားနဲ့ ချက်ထားပေးပါတယ်။ ရွေးချယ်စားလို့ ရတာပေါ့ ။ အဓိက ကတော့ ထမင်းစားမှ ဗိုက်ပြည့်မဲ့ သူတွေ အတွက် ဒီ Curry Don လေးက မဆိုးဘူး။ အထဲမှာ ပါတဲ့ ဟင်းကလည်း အရသာ တော်တော် ကောင်းတယ်။ ရားမန်မစားချင်ဘူး ဆိုရင် ဒီထမင်းဟင်း စားလို့ ရတဲ့ Curry Don ကို စားဖို့  ညွန်းပါတယ်။

ရားမန်တစ်ပွဲက ၃၅၀၀ ကျပ်ပါ ။ ပန်းကန်ကလည်း အကြီးကြီးနဲ့ အသားတွေ ခေါက်ဆွဲတွေ တဝကြီး စားရတော့ တန်ပါတယ်။ အဲ့ Set Meal ပါ ယူပြီး စားမယ် ဆိုရင် ၁၂၀၀ ကျပ် ထပ်ပေါင်းပြီး ၄၇၀၀ ကျပါတယ်။ Set Meal ဆိုတာ က အဓိကတော့ ဖက်ထုပ်ကြော်ရယ် ၊ အအေးရယ်ပါ။ အအေးကလည်း Lemon Tea , Green Tea တို့  သောက်ပါ ။ သောက်လို့ တော်တော် ကောင်းပါတယ်။ Curry Don က တော့ ၄၀၀၀ ကျပ်ပါ။

ရားမန်းတစ်ပွဲပြင်ချိန်ကတော့ ၅- ၁၀ မိနစ်လောက် စောင့်ရပြီး Set Meal တွေကတော့ မြန်ပါတယ်။ တခြား Set Meal တွေလည်း ရွေးချယ်စရာ အများကြီးပါ ။ Tax နဲ့  Service Charge ထပ်ပေါင်း ပေးစရာမလိုပါဘူး ။ ခေါက်ဆွဲတစ်ပွဲမှာ အားလုံး ပါပြီးသားပါ။ ဆိုင်ကတော့ နည်းနည်းလေး သေးပါတယ်။ လူ ၅၀ လောက် ဆန့် ပြီး နေ့ လည်ပိုင်းဆိုရင် လူတော်တော်များပါတယ်။ ဒါပေမဲလည်း အရသာကောင်းတော့ တော်တော် များများ လာစားကြတာတွေ့ ရပါတယ်။

ကဲ ဘော်ဒါတို့ ရေ .. ဂျပန်ခေါက်ဆွဲ ရားမန်ကို မြည်းစမ်းချင်တယ် ဆိုရင် ဒီဆိုင်လေးကိုလည်း ညွန်းချင်ပါတယ်။ လှည်းတန်းစင်တာလာရင်း ဘော်ဒါတွေနဲ့ ဆွဲမယ်ဆိုရင် ကောင်းမှကောင်းနော်။ အဲ့ ထူးထူးဆန်းဆန်း ရားမန် ခေါက်ဆွဲ စားပြိုင်တဲ့ ပွဲလေးတွေလည်း လုပ်ပေးတယ် ။

နေရာကတော့..
လှည်းတန်းစင်တာ
Basement 1 (5/6) ၊ City Mart အနောက်ဘက်ခြမ်း
ဖုန်း - ၀၁ ၂၃၀၄၄၁၄
ဆိုင်ပိတ်ရက် ကတော့ မရှိပါဘူးတဲ့ ။

Fred ( MyLann)