Hot Pot ကောင်းကောင်း စားချင်သူများအတွက် 977 views


Hot Pot ဘယ်ဆိုင်ကောင်းလဲ လို့  လာလာမေးကြလို့  ကိုယ်ကြိုက်တဲ့ နဝဒေးလမ်းထဲက Jo Jo Hot Pot ဆိုင်လေးကို မျှဝေပေးပါရစေ။

အဲ့ဒီဆိုင်လေးကို ကိုယ်တွေ ဘော်ဒါတွေနဲ့  ရောက်သွားတော့ နည်းနည်းစောသေးလို့ ထင်တယ် နှစ်ဝိုင်းလောက်ပဲ လူရှိသေးတယ်။ စားဖူးတဲ့ ဘော်ဒါက ပြောတယ် နည်းနည်းနောက်ကျရင် နေရာမရတော့ဘူးတဲ့ ။ ဘာလို့ လဲ ဆိုတော့ ဒီဆိုင်က ဒီလမ်းမှာ နာမည်ကြီးဆိုပဲ ။ ကိုယ်တွေ တစ်ဝိုင်းယူလိုက်ပြီးနောက် စားချင်တဲ့ ဟာလေးတွေကို မီနူးကဒ်လေးကို ကြည့်ပြီး ကိုယ်ကြိုက်တာကို အမှန်လေး ခြစ်လို့  မှာရပါတယ်။

အဲ့ဒီမှာ ပထမဆုံး ရွေးရတာက ဟော့ပေါ့စားဖို့  ဟင်းရည်ပါ။ အချို ၊ မာလာ၊ တုံယမ်း ၊ မီဆို ၊ ခရမ်းချဉ်သီး ဆိုပြီး ဟင်းရည် ငါးမျိုး ရွေးရပါတယ်။ အချိုကတော့ ပုံမှန် အသားပြုတ်ရည် အရသာပါ။ မာလာ နဲ့ တုံယမ်းကတော့ ချဉ်စပ် အရသာ ကြိုက်သူများပေါ့ ။ မီဆိုကတော့ ဂျပန်စတိုင် ဟင်းရည် ပါ။ ခရမ်းချဉ်သီးဟင်းရည်ကတော့ ခရမ်းချဉ်သီးကို ထည့်ပြုတ်ပေးထားပြီး အရသာက ချိုသလိုရှိပါတယ်။ ကိုယ်ကတော့ တုံယမ်းအရသာကြိုက်တော့ အဲ့ဒါလေးပဲ ရွေးလိုက်တယ်။
ဟော့ပေါ့နဲ့ စားဖို့ အတွက် မီနူးထဲမှာ ကိုယ်ကြိုက်တဲ့ အသား အစုံအလင် ၊ ထမင်းနဲ့ ခေါက်ဆွဲ ၊ မှို အမျိုးမျိုး ၊ အသားလုံးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးရပါတယ်။ ကြိုက်တာ ရွေးပြီးသွားရင် Appetizer အနေနဲ့  ဆိုင်လေးထဲမှာ ပဲ ကိုယ်ကြိုက်တာ ယူစားလို့ ရအောင် အစားအသောက် စင်လေး တစ်ခုရှိပါတယ်။ ထမင်းကြော် ၊ ခေါက်ဆွဲ ကြော် ၊ ပုဇွန်တန်ပူရာကြော် ၊ ကြက်အရေခွံကြော် ၊ Cheese ဖက်ထုပ်ကြော် ၊ မန်ထို ပေါက်ဆီကြော် ၊ BBQ ကြက်တောင်ပံ စတာလေးတွေ အများကြီး ခင်းထားပေးတယ်။ အချဉ်ကလည်း အချို နဲ့ ချဉ်စပ် နှစ်မျိုးလုပ်ပေးထားတယ်။ အဲ့ဒါတွေကိုတော့ ကိုယ်တိုင်ပဲ စားနိုင်သလောက် ထယူပါတယ်။

နောက်ပြီး အချိုပွဲစင်လေးမှာဆိုရင် Soft Drink ၊ ရေခဲမုန့်  ၊ဖရသီးစိတ် ၊ ပြီးတော့ ကျောက်ပွင့်နဲ့ အသီးစေ့လေးတွေပါတဲ့ အဟာရ အချိုပွဲ ဆိုလား အဲ့ဒါလေးတွေလည်း ရှိတယ်။

ဟော့ပေါ့မစားခင်မှာ အကြံပေးချင်တာက အဆာပြေ appetizer အနေနဲ့  Cheese ဖက်ထုပ်ကြော် နဲ့  ကြက်တောင်ပံ BBQ ကို စားပါ။ တော်တော် ကောင်းပါတယ်။ ဗိုက်အရမ်းဆာမှ ထမင်းကြော်တို့  ၊ ခေါက်ဆွဲကြော်တို့ စားပါ ။ ဟော့ပေါ့ မစားခင် ဗိုက်ပြည့်သွားမှာ စိုးလို့ ပါ။ ပြီးတော့ မန်ထိုပေါက်ဆီကြော် ကို နို့ ဆီလေးနဲ့ ဆမ်းစားကြည့်ပါ။ ခဏနေတော့ ဟော့ပေါ့စားဖို့  အသားနဲ့ အသီးအရွက်တွေ ရောက်လာပါပြီ။

"အသားလွှာ"

အသားလွှာထဲမှာ ဝက်သား ၊ ကြက်သား ၊ အမဲသား ၊ ငါး စတာတွေကို အလွှာလေးတွေ အလိပ်လေးတွေ လုပ်ပေးထားပါတယ်။ ဝက်အသည်း ၊ ကြက်အသည်းအမြစ် ၊ ပုဇွန်နဲ့  ကင်းမွန် လည်း ရပါတယ်။ အသားတွေကို ဟော့ပေါအိုးထဲ စိတ်ကြိုက်ထည့် ပြီး ကျက်လာရင် အချဉ်လေးနဲ့ တို့ စားရတာ တော်တော် အရသာရှိပါတယ်။ ကိုယ်ကတော့ အမဲသားလွှာကို ကြိုက်တယ်။ ပါးပါးလေး လွှာထားပေးလို့  ဟော့ပေါ့ အိုးထဲ ထည့်ပြီး ကျက်သွားရင် စားရတာ နူးညံ့နေတာပဲ ။ ပုဇွန် နဲ့ ကင်းမွန်ကလည်း ထည့်ပြုတ်လိုက်ပြီး ဆယ်စားလိုက်ရင် ကိုယ်စားတဲ့ ဟင်းရည် အရသာ ပျော်ဝင်နေတော့ စားလို့  ကောင်းတယ်။

"အသားလုံး "

အသားလုံးထဲမှာ ကိုယ်ခံတွင်း အတွေ့ ဆုံးက JoJo ရဲ့  Homemade အသားလုံးပါ ။ ဝက် ၊ ကြက် ၊အမဲသား ၊ အဏ္ဏဝါ အသားလုံးစတာတွေက လတ်ဆတ်ပြီး အရသာ ရှိပါတယ်။ အသားတွေကို သေချာကျိတ်ပြီး အရသာတွေနဲ့ ရောနယ်ထားပေးတယ် ထင်တယ် ဟော့ပေါ့ထဲမှာ ထည့်ပြီး စားလိုက်ရင် တော်တော် မွှေးပါတယ်။ ပြီးတော့ တခြား ရယ်ဒီမိတ်အသားလုံးတွေလည်း ရှိပါတယ်။ ကိုယ်ကတော့ Home Made ကို ပိုကြိုက်တယ်။ အဲ့ဒါလေး စားကြည့်ဖို့ အကြံပြုပါတယ်။

အသီးအရွက်တွေထဲမှာတော့ ဟော့ပေါ့ ဆိုင်တော်တော်များများမှာရတဲ့ ဂေါ်ရခါးညွန်းတို့  ၊ မုန့် ညှင်း ၊ ကြာစွယ် ၊ ကန်စွန်းဥ စတာလေးတွေ ကောင်းပါတယ်။ ကိုယ်ကြိုက်သလို ရွေးစားပါ ။ အရွက်တွေကလည်း များလွန်းလို့ ပါ။ ပြီးတော့ ကိုယ်က အပ်မှိုကြိုက်လို့  ထည့်စားတယ်။

အချိုပွဲမှာ ရေခဲမုန့်  ငါးမျိုးလောက်ကို ထပ်တိုးပေးထားတယ် ဆိုလို့  ရေခဲမုန့် လည်း စားခဲ့သေးတယ်။ Oreo Chocolate ၊ Green Tea ၊ Mango ၊ ပူရှိန်းနဲ့  စတော်ဘယ်ရီပါ ။ ကိုယ်ကတော့ Oreo Chocolate စားတယ်။ ရေခဲမုန့် က အချိုလည်း အရမ်းမများပဲ စားရတာ ခပ်စိမ့်စိမ့်လေးပါ ။ ချော့ကလတ်ကတော့ ခါးသက်သက်လေးနဲ့  Oreo မုန့် အရသာလေး ခံစားရတယ်။ ကိုယ်ကြိုက်သလောက်ခပ်စားလို့ ရတယ်။

ဟော့ပေါ့ နဲ့  အချိုပွဲ ၊အကြော်အလှော်တွေကို တော်တော်ကြီး စားပြီးတဲ့ သကာလမှာ ဗိုက်လည်း တော်တော်လေး တင်းသွားပါပြီ ။ကိုယ်ကြိုက်တာ တစ်ခုက Buffet ကို ကြိုက်သလောက်စားရပြီး အချိန် ကန့် သတ်ထားတာ မရှိပါဘူး ။ တကယ်ကို တန်မှတန် ပါ။ အရသာကလည်း ကောင်းတော့ ပုံမှန် အစားမြန်တဲ့ ကိုယ်တောင် တစ်နာရီကျော်ကျော် လောက် ထိုင်စားလိုက်ရတယ်။ tongue emoticon

ဒီတော့ ကိုယ်လည်း ကြိုက်တဲ့ ဒီဆိုင်လေးရဲ့ Information လေးတွေလည်း မျှဝေချင်ပါသေးတယ်။

ဆိုင်က နေ့ လည် ၂ နာရီ ကနေ ည ၁၀နာရီ အထိ ဖွင့်ပါတယ်တဲ့။ သူက တစ်ခါစားရင် တစ်ယောက်ကို ၁၂၀၀၀ ကျပ်ပါ။ Tax နဲ့  Service Charge ထပ်မကောက်ပါဘူး ။ ပြီးတော့ ကြိုက်သလောက်စား ကုန်သွားရင်လည်း အားမနာတမ်း တောင်းပါလို့  ဆိုင်ရှင် အစ်မကြီးက ပြောပါတယ်။ ဒါပေမဲ့ အစားအစာတွေ ပိုရင်တော့ ၁၀၀ ဂရမ်ကို ၁၀၀၀ ကျပ် ကောက်ခံပါတယ်။ဆိုတော့ နိုင်သလောက် ပဲ စားပါပေါ့ ။ တစ်ခါစားရင်တစ်ကွတ် တံဆိပ်တစ်ခု နှုန်းနဲ့  အကွတ် ၂၀ ပြည့်ရင် မန်ဘာကဒ်ပေးတဲ့ အစီအစဉ် လုပ်ပေးထားပါတယ်။ မန်ဘာကဒ်နဲ့ ဆိုရင် ၁၀ ရာခိုင်နှုန်း Discount ရမှာပါတဲ့ ။ ဆိုင်ကတော့ လူ ၆၀ ကျော်ဆန့် ပါတယ်။

အရသာရှိတဲ့ ဟော့ပေါ့ဆိုင် လိပ်စာလေးက
Jo Jo Hot Pot
အမှတ် -၂၃ (A ) နဝဒေးလမ်း ၊ ဒဂုံမြို့ နယ် မှာပါ။
ဖုန်းနံပါတ်က ၀၉ ၉၇၆၅၀၃၀၄၀
ညနေ လာဖို့ ရှိရင် နေ့ လည်ကထဲက ဖုန်းဆက်ထားလို့ ရပါတယ်။ နေရာရအောင်ပါ။

Fred ( MyLann)