My Lunch Program #2 - ကြက်သားသရက်သီးသနပ်ဟင်း 720 views


MyLann ရဲ My Lunch အစီအစဉ်လေးကိုစောင့်မျှော်နေကြတဲ့ သူငယ်ချင်းတွေအားလုံးပဲ မင်္ဂလာပါ။ ဟင်းချက်ဝါသနာပါသူများကို ရည်ရွယ်၍ အန်တီစိုးစိုးက ကိုယ်တတ်သလောက် ဟင်းချက်နည်းလေးများကို ဝေမျှပေးထားတာဖြစ်ပါတယ်။ အခုအန်တီစိုး ချက်မဲ့ဟင်းက "ကြက်သားသရက်သီးသနပ်ဟင်း" ဖြစ်ပါတယ်။

ဟင်းချက်နည်း
ကြက်သားကို မိမိဝယ်လာသည့်အတိုင်း ရေဆေးပြီး အနေတော်တုံးပါ။ ပြီးရင်ဆား၊ ဆနွင်း၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဂျင်းအနည်းငယ် နှင့် ရောနည်ပြီး ကြက်သားကို နှပ်ထားပါ။ ပြီးရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုပ်ပုတောင့်(၄)တောင့်၊ ရောထောင်းပါ။ ဆီထည့်ပြီး ဆီကျက်သည့်အခါ သရက်သီးသနပ်၏ ဆီကိုစစ်ပြီး ဆီအိုးထဲရောထည့်ပါ။ ဆီကျက်ပြီဆိုလျှင် ရောထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ငရုပ်သီးတို့ကို ထည့်ပြီး ခပ်ထပ်ထပ်လေးဖြစ်အောင် ဆီသပ်ပါ။ ပြီးလျှင် နှပ်ထားသည့် ကြက်သားကိုထည့်ပြီး နာနာလုံးပါ။ ကြက်သားဆီသက်နံ့ မွှေးလာပြီးဆိုလျှင် ရေကို ကြက်သားမြုပ်ရုံ ရေနည်းနည်းထည့်ပါ။ အဖုံးအုပ်ထားပါ။ ဆီပြန်ခါနီးမှာ သရက်သီးသနပ်ထည့်ပါ။ သရက်သီးသနပ်ထည့်ပြီး ဆီပြန်သည့်အခါမှာ နှပ်ပြီး နယ်ထားသည့် အတွက် ထူးခြားသည့်အရသာ သရက်သီးသနပ်ရဲ့အချဉ်၊ မဆလာအနံ့တို့ကို အရမ်းလိုက်ဖက်ပြီး၊ ထမင်း မြိန်စေမှာ သေချာတယ်။ ထမင်းစားမကောင်းဘူးဆိုရင် အန်တီစိုးစိုး ပြောတဲ့ သရက်သီးသနပ်ဟင်းကို စားကြည့်ကြနော်။

ပါဝင်ပစ္စည်းများ
ကြက်သား ၄၀သား
ဆီ ၅ကျပ်သား
သရက်သီးသနပ် ဟင်းခတ်ဇွန်း နှင့် ၂ဇွန်း
ကြက်သွန်ဖြူအမွှာ ၆မွှာ
ဆားသင့်ရုံ ၊ငံပြာရည်သင့်ရုံ၊ ဟင်းခတ်မှုန့် ၊ဂျင်းလက်တစ်ဆစ်
ဟင်းချက်သည့်အခါမှာ အငံကိုလျှော့နယ်ပါ။ ဟင်းလုံးသည့်အချိန်မှာ မြည်းကြည့်ပြီး လိုအပ်လျှင် အငံကို ထပ်မံဖြည့်စွက်နိုင်ပါသည်။
ယခု အန်တီစိုးစိုးပြောပြသည့် ကြက်သား(၄၀) သားသည် မိသားစု(၅)ယောက်စာ ဖြစ်ပါသည်။
(မှတ်ချက်။ ။ဗမာကြက်ဆိုလျှင် ပိုကောင်းပါသည်။)

ကဲ အားလုံးပဲ။ ဒီနေ့အတွက် ဟင်းလျာလေးကိုလည်း သဘောကျကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ပတ်မှာ ဘယ်လိုဟင်းမျိုးလေးကိုချက်ပြမလဲဆိုတာ စောင့်မျှော်အားပေးကြပါအုံးနော်