ထိုင်းအစားအစာလေးတွေကြိုက်တဲ့သူတွေအတွက် စမ်းချောင်းလမ်းထဲက My Siam ဆိုတဲ့ဆိုင်လေးပါ။ 769 views


ဒီဆိုင်ကို ရောက်တာ ဒါနဲ့ဆိုသုံးခေါက်လောက်ရှိပြီ။ ဆိုင်လေးကအေးအေးဆေးဆေးလေးနဲ့ထိုင်လို့ကောင်းတယ်။ အစားစာတွေကလဲ အရသာရှိပြီး ဈေးကလဲပုံမှန်ပဲမို့ စမ်းချောင်းဘက်ရောက်တိုင်း ထိုင်းဆိုင်ဆို ဒီဆိုင်လေးပဲပြေးမြင်မိတယ်လေ။တော်တော်များများကလည်း ဒီဆိုင်လေး အကြောင်းကို လာလာမေးတက်ကြတော့ အခု MyLann မိတ်ဆွေများကို အသေးစိတ်လေး မျှဝေပေးချင်ပါတယ်။

ဘာတွေရသလဲ

ထိုင်းစာကောင်းကောင်းရတယ်။ သင်္ဘောသီးထောင်း၊ သီးစုံထောင်း၊ မုန့်ဖတ်ထောင်း၊ ပြောင်းဖူးထောင်း ဒီလို ထိုင်းအထောင်းတွေ ရတယ်။ နောက် အသီးအရွက်ကြော်တွေ ကောင်းတယ်။ အခြားဟင်းပွဲ၊ အသုပ်နဲ့ ဝက်ဂုတ်သားကင်တွေ၊ အရသာရှိတဲ့ Thai Shabu Set လည်း ရတယ်။ အအေးတွေအနေနဲ့ဆိုရင်လည်း ရိုးရိုး Juice တွေ အပြင်၊ Smoothie ကောင်းကောင်းလေးလဲရတယ်။ ဒီဆိုင်မှာ Special အနေနဲ့စားလို့ကောင်းတဲ့အမိုက်စားဟင်းပွဲ ကုန့်ထန်ရှိတယ်။ သူက ဘန်ကောက်မှာ ဆိုရင် ညဈေးတွေမှာနာမည်ကြီးတဲ့ ပင်လယ်စာလေ။ နောက် Dessert ပိုင်းမှာဆို Ice Mountain. ဟန်နီတော့ အဲ့ဒါလေးတွေအရင်မှာလိုက်တယ်။ နောက်ထပ်ပြီးတော့မှ ကြက်ကင်၊ ဘဲနှုတ်သီးကြော်နဲ့ Thai Shabu Set. အအေးတွေက Green Tea Juice, ယိုးဒယား လက်ဖက်ရည်အေးနဲ့ နောက်ဆုံး Ice Red Hellsbull boys ပါ.။

ဆိုင်ကအစ်ကိုတွေကပြောပြပါတယ်။ ဘယ်မီနူးဆိုရင်တော့အချိန်ဘယ်လောက်ရှိနိုင်ပါတယ်၊ ဘယ်ဟာကိုဆိုရင်တော့ ဘယ်လောက်ကြာနိုင်ပါတယ်ဆိုပြီး။ သူတို့ကကျတော့ Order မှာမှ ချက်ကြတာဆိုတော့ နည်းနည်းတော့အချိန်ပေးရတယ်။ ဒါပေမဲ့ စောင့်ရတာနဲ့တန်အောင်လဲအရသာရှိတယ်။ လတ်လတ်ဆတ်ဆတ်လဲစားရတယ်။ ဟင်းပွဲတစ်ပွဲလောက်ကတော့ပုံမှန်ဆို (၁၅)မိနစ်လောက်စောင့်ရတယ်။ အကယ်လို့ ဝိုင်းကျနေတာတွေဘာတွေဆိုရင်တော့ နာရီဝက်လောက်ထိကြာသွားနိုင်တာမို့သွားစားချင်ပေမဲ့ အချိန်မရတဲ့သူတွေအနေနဲ့က သွားခါနီး Reserve လုပ်ပြီးမှသွားရင်ပိုအဆင်ပြေပါမယ်။


ဆိုင်ရဲ့အပြင်အဆင်နဲ့အနေအထား

ဆိုင်လေးကို ပြင်ဆင်ထားတဲ့ ပုံကတော့ ဆိုင်အထဲမှာ အုန်းဆံကြိုးလေးတွေကျစ်ထားတာကို တွဲလောင်း ကြိုးအရှည်လေးတွေချပြီးအလှဆင်ထားတယ်။ နောက်ဆိုင်ထဲမှာဆိုရင်လဲ သစ်သား ကျည်ပွေ့ ဆိုဒ်စုံလေးတွေကိုစီထားတယ်။ ဆိုင်ရဲ့နံရံတွေမှာလဲ ဟင်းမီနူးပုံတွေကပ် ထားတယ်။ တစ်ဆိုင်လုံးတော့ လူ(၅၀)လောက်ပဲဆံ့လောက်တယ်။ မိသားစု လာစားချင်တဲ့သူတွေ၊ သူငယ်ချင်းတွေစုပြီးဆွဲလို့ကောင်းတဲ့နေရာတစ်ခုပါ။ ဆိုင်မှာ Serve လုပ်ပေးတဲ့ အစ်ကို၊အစ်မတွေကလဲ ပေါ့ပေါ့ ပါးပါးပျော်ပျော်ရွှင်ရွှင်နဲ့လုပ်နေကိုင်နေလိုက်ကြတာ။ ကြည့်ရတာ တက်တက်ကြွကြွ ပြုံးပြုံးရွင်ရွင်နဲ့ ပါ။

ဈေးနှုန်း

ဟင်းပွဲတွေကိုကြည့်မယ်ဆို ပျမ်းမျှအားဖြင့် (၅၀၀)ကနေ (၂၀၀၀၀)ကျော်ကျော်လောက်ထိရှိတယ်။ မီနူးမှာဟင်းပွဲလေးတွေနဲ့ ဈေးနှုန်းလေးတွေလဲတွဲကပ်ပေးထားတယ်။ အအေးဆိုရင်လဲ တစ်ခွက်(၂၀၀၀)လောက်ပဲရှိတယ်။ နောက် Smoothie တွေဆိုရင်တော့ (၃၀၀၀)။ ဆိုတော့ ကိုယ်နိုင်သလောက် ချင့်ချိန်ပြီးလည်း ဆွဲလို့ ရတယ်လေ။

ဟင်းပွဲတွေအကြောင်းပြောရမယ်ဆိုရင်

#Set ကြက်ကင် သူကဆိုရင်တစ်ယောက်စာ Setလိုက် လေးပြင်ဆင်ပေးထားတာ။ အဲ့ဒီမှာပါတာတွေက ကောက်ညှင်း၊ အထောင်းတစ်ပွဲနဲ့ အကင်တစ်ပွဲ။ အထောင်းမှာဆိုရင်သင်္ဘောသီးထောင်း၊ မုန့်တီထောင်း၊ ပြောင်းဖူးထောင်း၊ ကျောက်ကျောကြာဇံထောင်း။ အဲ့ဒါတွေကိုကိုယ်ကြိုက်တာနဲ့ရွေးလို့ရတယ်။ ကျောက်ကျောကြာဇံထောင်းဆိုလို့မစားဖူးလို့ အဲ့ဒါလေးနဲ့မှာလိုက်တယ်။ နောက်အကင်က ဝက်ဂုတ်သားကင်နဲ့ကြက်ကင် ရွေးလို့ရတယ်ဆိုတော့ ကြက်ကင်လေးပဲရွေးလိုက် တယ်။ အဲ့ဒီမှာ ကြက်ကင်ကဗမာကြက်ကိုပဲသုံးထားတယ်။ သူနဲ့တွဲစားဖို့ကိုလဲ ငရုတ်သီးမှုန့်နဲ့သံပုရာအချဉ်ရောစပ်ပြီး Home Made Sauce ချဉ်စပ်လေးပေးထားတယ်။ အဲ့ဒါလေးနဲ့တွဲစားကြည့်တော့ Sauce လေးကချဉ်စပ်အရသာလေးနဲ့ ကြက်ကင်ရဲ့ အချိုအရသာလေးနဲ့တွဲမိပြီးစားရတာ အစပ်အဟပ်တည့်တယ်။ အဲ့ဒီမှာပဲ ကျောက်ကျောကြာဇံထောင်းက ထိုင်းကနေပဲ Import ပြန်ယူထားတာ။ သူကစားလိုက်ရင် မာဆတ်ဆတ်၊ ထုတ်ထုတ်လေး။ ကျောက်ကျောလို တင်းတင်းလေးနဲ့။ အရသာကတော့ ပုံမှန်သင်္ဘောသီးထောင်းအရသာပါပဲ။ အဲ့ဒီမှာ ပုစွန်တွေလဲပါတယ်။ အဲ့ဒါတွေကို ကောက်ညှင်စေးစေးလေးနဲ့တွဲစား။ ချို၊ချဉ်၊စပ် အရသာစုံသွားတော့ အီတာတွေ၊ ဘာတွေလဲမရှိ စားလို့လိုက်ဖက်တဲ့ Set လေး။ အဲ့လိုမျိုးတစ်Set ကို (၅၅၀၀)ကနေ (၇၀၀၀)အတွင်းမှာရှိတယ်။ ကိုယ်ရွေးတဲ့ အထောင်းတွေပေါ်မူတည်ပြီး ဈေးနှုန်းကပြောင်းသွားမှာပေါ့နော်။ ကိုယ်တွေ စားခဲ့တာကတော့ (၇၀၀၀)တန် Set ပါ။

နောက် #Thai_Shabu_Set သူက Hot Pot လို့လဲခေါ်တယ်။ ထိုင်းရိုးရာ Shabu ဟင်းရည်။ သူကကြက်သားနဲ့ဝက်သား ဆိုပြီးရတယ်။ ဝက်သားနဲ့မှာလိုက်တယ်။ သူ့မှာဆိုရင် မုန်ညင်းဖြူ၊ ၊ အပ်မှို၊ကန်စွန်းရွက်၊တရုတ်နံနံ၊ဟိုလဖားရွက်၊ စပါးလင်၊ ပတဲကော၊ ဂျပန်တို့ဟူးနဲ့ ကြက်ဥ အဲ့ဒါတွေပါတယ်။ သောက်ကြည့်လိုက်တော့ဟင်းရည်ကအချိုအရသာလေး။ ဒါပေမဲ့ဒီဟင်းရည်ရဲ့အချိုကတော့လုံးဝထူးခြားနေတယ်။ မေးကြည့်လိုက်တော့ သူတို့အချိုမှုန့်လုံးဝမသုံးထားဘူးတဲ့။ အချိုအတွက်ကို ဝက်နံရိုးပြုတ်ထားတဲ့အရည်ကိုပဲထည့်ထားပြီး ဟင်းရွက်တွေကရတဲ့သဘာဝအချိုအရသာတွေပဲထည့်ထား တယ်တဲ့။ (ဝက်သားမစားတဲ့သူတွေကတော့ ကြက်ပြုတ်ရည်နဲ့လုပ်ပေးတယ်။) တရုတ်နံနံလေးလဲပါတော့အနံ့လေးကလဲမွှေးနေတာ။ သူ့ကိုမြေအိုးလေးနဲ့ မီးဖိုလေးပေါ်တင်ပေးတယ်။ သူ့ရဲ့ရိုးရာကိုကမြေအိုးလေးနဲ့ထည့်ပေးတာတဲ့။ မြေအိုးသုံးထားတဲ့အကြောင်းက အသားအရသာတွေလဲမပြောင်းလဲဘူး။ အနံ့လေးကိုလဲ ပိုပြီးမွှေးစေတဲ့အပြင် မီးဖိုပေါ်ကချလိုက်ရင်လဲ မြေအိုးကအပူထိန်းထားနိုင်တယ်။ သူကကျတော့ သုံးယောက် လောက်စားလို့ရတယ်။ အဲ့ဒါတစ်Set ကြက်သား၊ဝက်သားနဲ့ဆို တစ် Set ကို (၆၀၀၀)။ ပင်လယ်စာနဲ့ဆို (၉၀၀၀)။

နောက် #ဘဲနှုတ်သီးကြော် နာမည်ကသာဘဲနှုတ်သီးကြော်လို့ပေးထားပေမဲ့ ဘဲလျှာကိုကြော်ထားတာပါ။ မေးရိုးရဲ့အသားနဲ့ လျှာနဲ့က ကပ်နေတာ။ အဲ့ဒီကအရိုးလေးက တုတ်ထိုးထားသလိုပုံစံလေးဖြစ်နေတာဆိုတော့ ဟန်နီတောင်မျက်စိလည် သွားတယ်။ အဲ့ဒါတွေကို နှမ်း၊ ငရုတ်ကောင်းနဲ့ ခရုဆီSauce လေးတွေထည့်ကြော်ထားတော့ သူ့ရဲ့အရသာကချိုဆိမ့်လေး။ ဘဲလျှာက မာဆတ်ဆတ်လေးနဲ့ Beer သောက်တတ်တဲ့သူတွေအတွက်လဲ တကယ်လိုက်ဖက်တာလေး။ Chilli Sauce လေးနဲ့တွဲစား။ သူကတစ်ပွဲ (၆)ချောင်းပါတယ်။ (၅၀၀၀)ပဲ။

နောက်ဆုံး #ကုန့်ထန် Koong Tung ၊ မြန်မာလိုတော့ ပုစွန်စဉ့်အိုးလို့ပေးထားတယ်။ အဲ့မှာအဓိကက ပုစွန်၊ ဂုံး၊ ပြည်ကြီးငါး နဲ့ ပြောင်းဖူးပါတယ်။ ပုစွန်(၈)ကောင်လောက်ပါတယ်။ ပုစွန်တစ်မျိုးထဲပဲမှာရင်တော့ (၁၂)ကောင်လောက်ထည့်ပေးတယ် ပြောတယ်။ သူ့မှာပုစွန်ဆီနဲ့အုန်းနို့အဓိကပါတယ်။ အုန်းနို့နဲ့မတည့်တဲ့သူတွေကျတော့ နို့စိမ်းနဲ့လုပ်ခိုင်းလို့ ရတယ်။ သူ့ကိုပြင်ဆင်ထားပုံက စားပွဲပေါ်မှာဆီခံစက္ကူကိုခင်းပြီး လောင်းချလိုက်တာ။ အဲ့ဒါကိုမှလက်အိတ်နဲ့ စားလို့ရအောင်ပြင်ဆင်ပေးထားတယ်။ ပုစွန်တွေဘာတွေစားလို့ကုန်သွားတော့ အနှစ်တွေပဲကျန်တာ။ အဲ့ဒါကို ကာက်ညှင်းနဲ့တွဲစားကြည့်တာ စေးစေးလေးနဲ့ တော်တော်စားလို့ကောင်းတာရယ်။ အရသာက ချိုဆိမ့်။ လောလောဆယ်တော့ဒီအရသာပဲရသေးတယ်။ နောက်(၂၀)ရက်ကျော်ရင်တော့ ချဉ်စပ်အရသာအပြင်၊ အခြား ကိုရီးယားSauce အရသာပါရနိုင်တော့မှာတဲ့။ သူကတစ်ပွဲကို (၁၅၀၀၀)ပါ။ အကယ်၍ ဂဏန်းထည့်စားချင်ရင် တစ်ကောင်ကိုသုံးထောင်ယူပြီး ထည့်ပေးတယ်တဲ့။ သူက လူလေးယောက်နဲ့ ဆွဲလို့ ရတယ်။

အအေးတွေက ယိုးဒယားလက်ဖက်ရည်အေးရယ်၊ Green Tea Juice အဲ့ဒါတွေကဟန်နီ့သူငယ်ချင်းတွေသောက်တာ။ တစ်ခွက်ကို (၂၀၀၀)။ နောက်တစ်မျိုးက Ice Red Hellsbull Boys တဲ့။ မြန်မာလိုက နီပိုလာတဲ့။ Resberry ကိုမှ သံပုရာနဲ့ Soda ရောထားတာ။ သူ့ရဲ့အရသာကပြင်းပြင်းလေးနဲ့ရှရှလေး။ သူလဲတစ်ခွက် (၂၀၀၀)ပဲ။ နောက် Ice Mountain သူကကျ တော့ ရေခဲကိုမှချောကလတ်ရေဆမ်း ပြီးတော့ Mix လုပ်လိုက်တယ်။ အဲ့ဒါကိုမှပေါင်မုန့်ရယ်၊ ဂျယ်လီနဲ့ဝေဖာတွေအပြင် ဟန်နီတို့ ငယ်ငယ်ကစားဖူးခဲ့တဲ့ နို့၊ချောကလတ် Chips လေးတွေပါထည့်ထားတယ်။ Ice Mountain ဆိုတဲ့အတိုင်းပဲ ရေခဲတွေကို တောင်ပုံလေး လုပ်ထားတာ။ သူက သုံး၊လေးယောက်လောက်စားလို့ရတယ်။ တစ်ပွဲကို (၄၀၀၀)။ Chocolate အပြင် Strawberry နဲ့လည်း ရတယ်။

ဟင်းပွဲမှာသုံးတဲ့ Sauce တွေရယ်၊ တို့စားတဲ့အချဉ်တွေရယ်က သူတို့ကိုယ်တိုင် လတ်ဆတ်တဲ့အမယ်တွေနဲ့ လုပ်ထားတယ်။ ထည့်သုံးထားတဲ့အမယ်တွေဆိုရင်လဲ အချို့ပစ္စည်းတွေကို ထိုင်းဘက်ကပဲပြန်ပြီး Import လုပ်ထားတာတွေပါတယ်။ ဒီဆိုင်ရဲ့ အားသာချက်တစ်ခုက ဟင်းပွဲတွေကိုမှာမှချက်ပေးတယ်ဆိုတော့ အချိန်နည်းနည်းပေးရပေမဲ့လဲ လတ်လတ်ဆတ်ဆတ် စားရတယ်။ ပြီးတော့ ဟင်းပွဲတွေက များတော့ လူလေးယောက်လောက် စားရင် ပိုတန်တယ်။ မွေးနေ့ တွေ ၊ ဘော်ဒါတွေနဲ့ စုစားချင်သူတွေ အတွက် အတော်ပဲနော့။

ဆိုင်နဲ့ပက်သက်လို့ Information တွေကတော့

ဆိုင်က မနက် (၁၁)နာရီကနေ ည(၁၀)နာရီခွဲအထိဖွင့်တယ်။ ဆိုင်နဲ့အနီးတဝိုက်ဆိုရင်တော့ Delivery ရှိတယ်။ အခြားနေရာတွေကဆို မြို့နယ်အလိုက် Delivery Charges ပေးပြီးမှာလို့ရတယ်။ ဒီဆိုင်မှာက လောလောဆယ်ဘာCharges မှမကောက်ဘူး။ Reserve လုပ်ချင်တယ်ဆို 09-782616954 နဲ့ 09-777332664 အဲ့ဒီဖုန်းတွေကိုဆက်လို့ရတယ်။

ဆိုင်လိပ်စာက အမှတ်(စ/၁၃)၊ စမ်းချောင်းလမ်းနှင့် သပြေညိုလမ်းထောင့်၊ စမ်းချောင်းမြို့နယ်မှာပါ။ အနီးဆုံးလမ်းညွှန်ပေးရရင် Spirit ဘေး၊ CP ကြက်ကြော်ဆိုင်ဘေးက ပဒုမ္မာလမ်းအတိုင်းဝင်လာပြီးဘယ်ဘက်ကိုကွေ့ပြီးဆက်လျှောက်သွားရင် My Siam ဆိုတဲ့ဆိုင်က ဘယ်ဘက်အခြမ်းမှာပါ။

ကဲ! အားလုံးလဲစုံအောင်ပြောပြီးသွားပြီးဆိုတော့ ဒီဆိုင်လေးအကြောင်း ပိုသိပြီလို့ ထင်ပါတယ်။ ဒီတော့ ထိုင်းစာကောင်းကောင်း စားချင်သူများ အတွက် လက်တို့ လိုက်ပါရစေ။

Honey ( MyLann)

#MyLann #Foodinyangon #FoodieMyanmar #MySiam #ThaiFood #Restaurant #Food #Thai