ထိုင်းအစားအစာကိုမှကြိုက်ပါတယ်ဆိုတဲ့ကိုကိုမမတွေအတွက် တောင်ဥက္ကလာက ‘မြနန္ဒာ’ 778 views


အခုနောက်ပိုင်း စားသောက်ဆိုင်အသစ်တွေ ထပ်ထပ်ပြီးဖွင့်လာကြတယ်။ ကိုယ်တွေတောင် လိုက်စားလို့ မနိုင်လောက်အောင်ပဲ။ ဟိုနေရာဆိုင်အသစ်ဖွင့်လည်းပြေးစားလိုက်၊ ဒီနေရာဆိုင်သစ်ဖွင့်လည်းပြေးစားလိုက်နဲ့ အလုပ်ကိုရှုပ်နေတာ (အက်မင်နဲ့ဝါသနာတူတွေများပါရင် လက်ထောင်ခဲ့နော်… ) အခု ဒီတစ်ခေါက်ရောက်ဖြစ်ခဲ့ တဲ့ ဆိုင်လေးက တောင်ဥက္ကလာက မြနန္ဒာဆိုတဲ့ဆိုင်လေး။

 

ဒီဆိုင်လေးမှာ အဓိကရတာက ထိုင်းအစားစာမီနူးတွေ။ အစုံပဲရှိတယ်။ နောက် အကင်တွေလည်းရှိတယ်။ ဈေးနှုန်းကလည်း အသင့်အတင့်ပဲ။ ဟင်းပွဲတစ်ကိုပုံမှန် (၂၀၀၀)၊ (၃၀၀၀)အဲ့ဒီလောက်ပါပဲ။ အများဆုံးက (၄၀၀၀)ကျော်ပဲ။ ဆိုင်ရဲ့ပုံစံလေးက သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဆွဲလို့ကောင်းမယ့်အနေအထားမျိုးလေးပဲ။ ဆိုင်ကမနက် (၁၀)နာရီကစဖွင့်တော့ နေ့လည်စာအတွက်လည်း စားနိုင်သလို ညဘက်လည်း (၁၀)နာရီမှ ပိတ်တော့ အပြင်/အလုပ်ကပြန်လာတာနောက်ကျတာတို့၊ မိုးချုပ်မှဗိုက်ဆာတတ်တဲ့သူတွေအတွက်လည်း အဆင်ပြေတယ်။

 

ဆိုင်မှာကဘီယာတွေဘာတွေရတယ်ဆိုတော့ ဘီယာဆိုင်ထင်ပြီး ရှိန်နေပြီး မဝင်ရဲကြလို့ထင်တယ်။  နေ့လည်ပိုင်းဆိုလူနည်းနည်းရှင်းတယ်။  ဒါပေမယ့်တကယ့်တကယ်ကျတော့ သူငယ်ချင်းတွေအုပ်စု လိုက် လာစားကြတဲ့သူတွေရှိသလို၊ မိသားစုထမင်းဝိုင်းတွေလည်းတွေ့ရတာပဲ။ အကယ်၍ထိုင်းစာပဲစားချင်ကြတယ် ဆိုရင်တော့ နေ့လည်ပိုင်းလေးကပိုအဆင်ပြေပါတယ်။ ကိုယ်ရောက်နေတာလည်းညနေပိုင်းဆို တော့ နည်းနည်းတော့လူရှုပ်စပြုပြီ။

 

ကဲ… ဆိုင်အကြောင်းလည်းပြောပြီးပြီဆိုတော့ အစားအစာအကြောင်းလေးပြောရအောင်နော့…. ဒီမှာက ထိုင်းအစားအစာမီနူးတွေတော်တော်စုံစုံလေးရှိတယ်။ အကင်၊ အထောင်း၊ အကြော်၊ အချက်၊ အရည် ပုံစံမျိုးစုံနဲ့ရတဲ့အပြင် အချိုပွဲမှာဆိုရင်လည်း အုန်းစိမ်းရေခဲမုန့်၊ ကောက်ညှင်းသရက်၊ သီးစုံခနိုဝမ် ငှက်ပျောသီးရေခဲမုန့် အပြင် အခြားနောက်ထပ်တွေလည်းရှိသေးတယ်။ နည်းနည်းလေးသောက်လိုက်ရမှကျေနပ်တယ်ဆို ဒီမှာဘီယာရတယ်

 

အဲ့ဒီမှာမှ အက်မင်တို့ဘာတွေစားခဲ့သလဲဆို

 

Seafood ခဲပတ်- ပင်လယ်စာအစုံပါတယ်၊ အဲ့ဒါကိုမှ ပြောင်းဖူးရယ်၊ အုန်းနို့လေးရယ်၊ ငရုတ်သီးလေးတွေနဲ့ ချက်ပြီး ခဲဖက်လေးနဲ့ ဟင်းထုပ်လေးထုတ်ပေးထားတယ်။ သူ့ရဲ့အနှစ်က ချိုသလိုလိုလေးနဲ့ နည်းနည်းလေး လည်း စပ်တယ်။ သူက တစ်ပွဲကို (4900)ကျပ်

 

ကြက်ကင်းမွန်အစာသွပ်ကင် - ကြက်သားကိုမှ ကင်းမွန်ကွင်းလေးထဲထည့်အစာသွပ်ပြီးကင်ထားတာ… ကင်းမွန်ကမာမာလေးနဲ့အထဲကကြက်သားကမပျော့မမာလေးကစားလိုက်ရင်တော့မချို၊မဆိမ့်လေးပေါ့။ အဲ့ဒါကိုမှ ချဉ်ချဉ်စပ်စပ်ဆော့စ်လေးနဲ့တို့စားလိုက်ရင် ပိုပြီးပါဖက်ဖြစ်သွားတယ်။ ဈေးနှုန်းကတော့ တစ်ပွဲကို         (4400)ကျပ်ပါ။

 

ပလာတူးငါးပိထောင်း - ပန်းကန်ရဲ့အလယ်ခေါင်မှာ ငါးပိထောင်းလေးကိုခွက်လေးနဲ့ထည့်ထားတယ်။ ဘေးပတ်ပတ်လည်မှာ ငါးကြော်၊ မုန်လာဥနီ၊ ခရမ်းသီနဲ့သခွားသီးတွေကာရံပေးထားတယ်။ အရသာလေးကတော့အစုံပေါ့နော့်… ငါးပိထောင်းလေးက အသီးရွက်တွေနဲ့လည်းတို့စားလို့ရသလို ထမင်းလေးနဲ့ဆိုလည်းစားကောင်းတယ်။ သူကတစ်ပွဲကို (3400)ကျပ်

 

ပုစွန်ထုပ်ကင် - ပုစွန်ကိုဘာမှမထည့်ပဲ သဘာဝအတိုင်းလေးပဲ ကင်ပေးထားလို့ လတ်လတ်ဆတ်ဆတ်လေးနဲ့ စားကောင်းတယ်။ ပုစွန်ခေါင်းထဲမှာလည်း အနှစ်လေးတွေနဲ့….. သူ့နဲ့တွဲစားတဲ့ဆော့စ်ကလည်း ဘာစပ်သလည်းမပြောနဲ့ အစပ်မကြိုက်ရင်တော့ သတိထားပြီးစားပါ… သူကတစ်ပွဲကို (3200)ကျပ်။

 

ဝက်ခေါက်ပဲသီးထောင်း - အခေါက်ကင်ဆိုရင် ပုံမှန်ကအဆီနဲ့ဘာနဲ့ဆိုတော့ ချိုသလို၊ အီသလိုနဲ့… သူကကျတော့ စားရတာအဲ့လိုမဟုတ်ဖူး။ အဲ့ဒီအခေါက်ကင်နဲ့တွဲလုပ်ပေးထားတဲ့ဆော့စ်က ချဉ်စပ်လေးဆိုတော့ အီချိန်တောင်မရဖူး… စားတာ စားတာဆိုတာ :D  အခြား ပဲသီး၊ ကြက်သွန်၊ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီလေးတွေလည်း အခေါက်ကင်အောက်မှာသိပ်ပေးထားတယ်။ဈေးနှုန်းကတော့ တစ်ပွဲကို (3900)ကျပ်ပါ။

 

စိုင်ကော်ကင်  - ပြောမယ်ဆိုရင် ဝက်သားချဉ်ပါ။ ချဉ်ချဉ်လေးနဲ့ မာသလိုလိုလေး။ သူကတစ်ပွဲကို (2900)ကျပ်

 

အချိုပွဲမှာဆိုရင် ကောက်ညှင်းသရက်။ တော်တော်လေးမိုက်တယ်။ ကောက်ညှင်းကနည်းနည်းအီသလိုလေးရှိ ပေမယ့် သရက်သီးချိုချဉ်မွှေးလေးနဲ့တော့လိုက်ဖက်ပါတယ်။ သူကတစ်ပွဲကို (2500)ကျပ်

 

သီးစုံခနိုဝမ်ဆိုလည်း အချိုလေး။ ချိုချိုရဲရဲကြီးတော့ဖြစ်မနေဖူး။ ဈေးနှုန်းကတော့ (2200)ကျပ်ပါ။

 

ဒီဆိုင်လေးကတော့ အမှတ် ( 367 ) ၊ ရတနာလမ်း၊ တောင်ဥက္ကလာမြို့နယ်မှာရှိပါတယ်။ (အောင်ရတနာဆေးရုံ၊ ရတနာဈေး အဲ့ဒါတွေနဲ့နီးပါတယ်။)  Reserve လည်းလုပ်လို့ရသလို၊ ဆိုင်အနီးအနားဆို Delivery လည်းပို့ပေးတယ်တဲ့။ သိချင်တာရှိရင် 09-781889035 ဒီဖုန်းလေးကိုဆက်သွယ်လိုက်နော်

 

Honey (MyLann)

 

#Online_Restaurant_Directory #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Food #Foodie

#Mya_Nan_Dar #Thai_Restaurant #Thai_Cuisine #South_Oakkalapa