MyLann မှတင်ဆက်သော ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #10 1099 views


MyLann မှတင်ဆက်သော ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သော အစားအစာများ" #10
--------------------------------------------------------------------------------
MyLann ရဲ့ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါခင်ဗျာ...နှစ်တစ်နှစ်ကို ကူးပြောင်းအပြီး မင်္ဂလာရှိတဲ့အချိန်အခါလေးမှာ MyLann သူငယ်ချင်းတွေအားလုံး အစားအသောက်ကောင်းတွေအများကြီးစားပြီး ကျန်းမာရေးကောင်းကြပါစေလို့ ကျွန်တော်က ဆုတောင်းပေးလိုက်ပါတယ်ဗျ။

MyLann နဲ့ ကျွန်တော်ပူးပေါင်းစီစဉ်တဲ့ "သူမြည်းစမ်းကြည့်ခဲ့သော အစားအစာများ" Posts လေးတွေကို ရေးသားလာခဲ့တာ အခုဆိုရင် အပိုင်း (10) အထိ ရောက်ရှိလို့လာခဲ့ပါပြီဗျာ...MyLann ရဲ့ကြိုးစားမှုတွေ၊ FB စာဖတ်သူတွေရဲ့ အားပေးမှုတွေကြောင့် အားလုံးပဲ အတိုင်းအတာတစ်ခုအထိတော့ စိတ်ကျေနပ်မှုရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ...ဒီတစ်ခေါက်တော့ အပိုင်း(10)မြောက်လည်းဖြစ်၊ နှစ်သစ်ကူးအချိန်အခါလည်းဖြစ်တော့ ထူးထူးခြားခြားလေးဖြစ်သွားအောင် ရှေ့မှာကျွန်တော်ရေးသားခဲ့ပြီးသမျှ အစားအစာ (၈)မျိုး (ရေဦးခရီးစဉ်မပါ) စလုံးကို ပြန်ပြောပြပေးမှာပါ။ ဒီလိုပြန်ပြောပြတဲ့နေရာမှာ..Post တွေရဲ့ Comment တွေထဲမှာ MyLann ချစ်သူတွေ ကျွန်တော့်ကို အကြံပေးသွားတဲ့ ဆိုင်လေးတွေ၊ နောက်ထပ်ဒီကြားကာလတွေမှာ ကျွန်တော်စားသုံးဖြစ်ခဲ့တဲ့ ထူးထူးခြားခြားဆိုင်လေးတွေအကြောင်းကို ပြောပြပေးသွားပါမယ်ဗျ...။

ကဲ...စာဖတ်သူများအားလုံးပဲ နှစ်သစ်မှာ အစားကောင်းကောင်းတွေများများစားပြီး ကံကောင်းနိုင်ကြပါစေဗျာ။

1) ပန်းတနော်မြို့၊ ရွှေမင်္ဂလာစားသောက်ဆိုင်မှ ပုသိမ်ရွာသစ်မုန့်ဟင်းခါး
ရန်ကုန်ပုသိမ်ကားလမ်းမကြီးရဲ့ မိုင်တိုင်တစ်ဝက်တိတိ၊ ပန်းတနော်မြို့မှာ "ရွှေမင်္ဂလာ" ဆိုတဲ့ စားသောက်ဆိုင်သစ်ကြီးတစ်ခုကို မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်ပါတယ်။ ရန်ကုန်-ပုသိမ်-ချောင်းသာ၊ ငွေဆောင်သွားကြမယ့် ခရီးသည်တွေအတွက် တကယ်ကို အဆင်ပြေစေပါတယ်။ အစားအသောက်တွေစုံတဲ့အပြင် မြန်မာထမင်းဟင်းတွေရော၊ တရုတ်အစားအစာတွေပါ တကယ်ကို အရသာရှိပြီးကောင်းပါတယ်။ (ဒီဆိုင်ရဲ့ သွားမယ်၊ စားမယ် အစီအစဉ်ကို 2015 ဇန်နဝါရီလထဲမှာ ပြသမှာပါ။) ဒီဆိုင်မှာရောင်းချတဲ့ မုန့်ဟင်းခါးအကြောင်းကို ပြောပြချင်ပါတယ်။ ဒီမုန့်ဟင်းခါးကို ပုသိမ်မြို့အလွန် ရွာသစ်ဆိုတဲ့ ရွာလေးက နည်းစနစ်အတိုင်း၊ အဲဒီရွာက ကျွမ်းကျင်သူတွေက လာရောက်ချက်ပြုတ်ပေးထားတာပါ။ မုန့်ဖတ်တွေက အနည်းငယ် နန်းလုံးတုတ်တယ်။ မုန့်ဟင်းခါးတစ်ပွဲစာ၊ တစ်ပွဲစာကို မုန့်ဖတ်လုံးလေးတွေလုပ်ထားပြီး ရောင်းချတယ်လို့ သိရပါတယ်။ မုန့်ဖတ်တွေက ခုလုပ်၊ ခုစား လက်ညှစ်ပုံစံမျိုးပါ။ ဟင်းရည်က အရမ်းကို ထူးခြားပါတယ်။ ဧရာဝတီလို ငါးပေါတဲ့ အရပ်ဒေသဆိုတော့ သုံးထားတဲ့ ငါးရံ့လတ်ဆတ်တဲ့ အနံ့မွှေးမွှေး၊ စပါးလင်အနံ့သင်းသင်းက ဟင်းရည်ရဲ့အသက်ပါပဲ။ အဲဒီဟင်းရည်ရဲ့ အရသာက မချိုလွန်း၊ မငံလွန်း၊ တကယ်အတော်ပါပဲ။ ဒီမုန့်ဟင်းခါးကို ရွှေမင်္ဂလာ ရောက်လာကြသူတိုင်း မစားမဖြစ်စားကြပါတယ်။ မုန့်ဟင်းရည်နဲ့ မုန့်ဖတ်က မပြောပလောက်အောင်ကို ကောင်းတာပါ။ ခရီးသွားရာသီမှာ ချောင်းသာ၊ ငွေဆောင်ကို အပန်းဖြေထွက်ကြမယ့်သူတွေ အများကြီးရှိမှာပါ...ဒါဆိုရင်တော့ ကျွန်တော်ပြောပြထားတဲ့ ပန်းတနော်မြို့၊ ရွှေမင်္ဂလာစားသောက်ဆိုင်က ပုသိမ်ရွာသစ်မုန့်ဟင်းခါးကို မြည်းဖြစ်အောင် မြည်းကြည့်လိုက်ကြပါနော်။

2) သံလမ်းမှတ်တိုင်က ကိုဦးကြက်ပေါင်းခေါက်ဆွဲ
ကိုဦးကြက်ပေါင်းခေါက်ဆွဲကို ကျောင်းသားဘဝ လွန်ခဲ့တဲ့ ၄နှစ်လောက်က တစ်ခေါက်စားဖူးတယ်။ ကျွန်တော့်ခေါက်ဆွဲ Post အောက်မှာ သူငယ်ချင်းတစ်ဦးရဲ့ Comment ကြောင့် မကြာသေးခင်က ဒုတိယအကြိမ်မြောက် သွားစားဖြစ်ခဲ့ပါတယ်။ ပုံမှန်ကြက်ပေါင်းခေါက်ဆွဲတွေထက်တော့ ဈေးအနည်းငယ်ပိုတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲကို စားကြည့်ပြီးတဲ့အချိန်မှာတော့ ပေးရတာတန်တယ်လို့ ခံစားမိလာပါတယ်။ ဒီဆီချက်မှာ ခေါက်ဆွဲသားကိုက အရမ်းအရသာရှိနေတာပါ။ Home made ဖြစ်ပုံရပါတယ်။ ဆီလည်း အရမ်းမများလွန်းပါဘူး။ ကြက်ပေါင်းကလည်း ဗမာကြက်အမျိုးအစားကို သုံးထားတော့ အရသာက ပြောစရာမလိုပါဘူး။ ကျွန်တော့အတွက်တော့ တကယ်ထိပ်တန်းအရသာခေါက်ဆွဲပါပဲဗျာ။

3) ၄၈လမ်း (အပေါ်လမ်း) နှင့် ဗိုလ်ချုပ်လမ်းထောင့် ထမင်းဆိုင်ကထမင်းကြော်
တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်၊ နှစ်နှစ်၊ သုံးနှစ်ဝန်းကျင်အထိ ဗိုလ်တထောင်ဘက်မှာ ကျူရှင်တွေတက်ရင်းကျင်လည်ခဲ့ရပါတယ်။ ကျူရှင်ရှိတဲ့မနက်ခင်းတွေဆို ဒီဆိုင်လေးက ထမင်းကြော်နဲ့ဗိုက်ဖြည့်ရပါတယ်။ မှတ်မှတ်ရရ ၂၀၀၉-၂၀၁၀ ၀န်းကျင်က မနက်ခင်းစာပဲပြုတ်ကြော်ကို ဘဲဥဟင်း၊ ဒါမှမဟုတ် ကြက်ဥကြော်နဲ့ တစ်ပွဲကို ၄၀၀ကျပ်ပါ။ အဲဒီဆိုင်ရဲ့ထူးခြားချက်က မြန်မာဟင်းစစ်စစ်တွေပဲရပါတယ်။ မြန်မာမကျ တရုတ်မကျ (၀က်ချို၊ ကြက်ကုန်းဘောင်) လို ဟင်းမျိုးတောင်မရပါဘူး။ မနက်ခင်းထမင်းကြော်အချိန်ဆို ကြက်ဥကြော်၊ ဘဲဥချဉ်ရည်၊ ၀က်စပ်ဟင်း၊ အမဲသားဟင်း၊ အဲဒီ(၄)မျိုးပဲရပါတယ်။ အဲဒီဆိုင်က ဘဲဥချဉ်ရည်ဟင်းရဲ့အရသာက ပုံမှန်ထက်ပိုချဉ်ပေမယ့် ထမင်းကြော်နဲ့တော့ တကယ်လိုက်ဖက်တာအမှန်ပါပဲ။ ထူးခြားတာက၀က်စပ်ဟင်းပါ။ အဲဒီဆိုင်က ၀က်စပ်ဟင်းဟာ ရောင်းမလောက်အောင်ကိုကောင်းပါတယ်။ အချဉ်အရသာ နည်းနည်းပါဝင်ပါတယ်။ ၀က်သားနီချက်ဟင်းစစ်စစ်၊ မြန်မာဝက်သားဟင်းစစ်စစ်ရဲ့အရသာကို မြည်းကြည့်သူတွေ မဖြစ်မနေ သွားရောက်မြည်းစမ်းကြည့်သင့်ပါတယ်။ မနက်စာထမင်းကြော်ကုန်ရင် နေ့လည်စာဟင်းအစုံလည်းရနိုင်ပါတယ်။ ကျွန်တော်ညွှန်ခဲ့တဲ့ အဲဒီဆိုင်လေးက ပဲပြုတ်ထမင်းကြော်နဲ့ ၀က်စပ်ဟင်းကို မြည်းဖြစ်အောင်မြည်းကြည့်ကြပါနော်။

4) ဘုန်းကြီးလမ်းကြေးအိုး၊ သမိုင်းလမ်းဆုံက စွဲလမ်းကြေးအိုး နှင့် Chilli ချဉ်စပ်ကြေးအိုး (Junction Square)
ကြေးအိုး Post ရဲ့အောက်မှာ သူငယ်ချင်းတွေရဲ့အကြံပေးမှုကြောင့် ဘုန်းကြီးလမ်းကြေးအိုးနှင့် သမိုင်းလမ်းဆုံးက စွဲလမ်းကြေးအိုးကို သွားရောက်မြည်းစမ်းဖြစ်ခဲ့ပါတယ်ဗျ။ ဘုန်းကြီးလမ်းကြေးအိုးရဲ့အသားများချက်ကတော့ အံ့မခန်းပါပဲ။ တစ်ပွဲတစ်ပွဲကို လူ(၂)ယောက်တောင် ပြည့်တင်းနေအောင်စားလို့ရပါတယ်။ အသားအရသာလည်းကောင်းတယ်။ ငါးဖယ်တော့ရောထားပါတယ်။ အချဉ်ကိုတော့ သိပ်စိတ်ကျေနပ်မှုမရှိပါဘူး။ ပုံမှန်ငရုတ်ဆီပဲဖြစ်ပြီး ထူးထူးခြားခြားအရသာသွင်းထားတာမျိုးမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ပေးရတဲ့ဈေးထက်တန်ပြီး အရသာကအရမ်းကောင်းမွန်တယ်လို့ဆိုရမှာဖြစ်တာကြောင့် ညတိုင်းမှာ ခုံမလောက်အောင်လူတွေများပြားပြည့်လျှံနေတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီစာမရေးခင် တစ်နေ့ကျမှ စွဲလမ်းကြေးအိုးကို မြည်းကြည့်ဖြစ်ခဲ့တာပါ။ ဘုန်းကြီးလမ်းနှင့် ဈေးတူတူပါပဲ။ အသားကတော့ ပုံမှန်ပါဝင်သလောက်ပါပဲ။ ကြေးအိုးဆီချက် စားဖြစ်ခဲ့တယ်။ ဆီမွှေးသုံးထားတယ်။ ကြေးအိုးထဲကို ဆီမွှေးထည့်တာကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်းရှိပါတယ်။ ကျွန်တော်ကတော့ ကြက်သွန်ဖြူဆီချက်နံ့မွှေးမွှေးလေးက ပိုပြီးဆွဲဆောင်မှုရှိတယ်လို့မြင်ပါတယ်။ ဆီလျှော့ဖို့သေချာမှာလိုက်ပေမယ့် ဆီတော့အနည်းငယ်များပါတယ်။ သုံးထားတဲ့ ကြာဆံအရည်အသွေးကောင်းတယ်။ အချဉ်ကတော့စားဖူးသမျှ ကြေးအိုးချဉ်တွေထဲမှာ အကောင်းဆုံးပါပဲ။ သွားမြည်းကြည့်ကြပါဦးဗျ။

ရုံးနဲ့နီးတာကြောင့် Junction Square က Chilli မှာနေ့လည်စာကို မကြာခဏစားဖြစ်ပါတယ်။ အဓိကစားဖြစ်တာကချဉ်စပ်ကြေးအိုးပါ။ ပုံမှန်ချဉ်စပ်ကြေးအိုးတွေထက် အရသာကောင်းတယ်။ ဆီမွှေးသုံးထားပေမယ့် မများဘူး။ အသားအရသာကောင်းတယ်။ အကောင်းဆုံးကတော့ ငါးဖယ်လုံးပါ။ Chilli ရဲ့ ငါးဖယ်လုံးဟာ တကယ်ကို အရသာထူးခြားကောင်းမွန်ပါတယ်။ ချဉ်စပ်ကြေးအိုးနဲ့ ငါးဖယ်လုံးလိုက်ဖက်လွန်းတာကြောင့် သွားရောက်မြည်းစမ်းကြည့်စေချင်ပါတယ်ဗျာ။

အားလုံးပဲ Happy New Year 2015 ပါ။