MyLann မှတင်ဆက်သော ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #11 1079 views


MyLann ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ၂၀၁၅ ခုနှစ်ရဲ့ နှစ်သစ်အချိန်အခါသမယမှာ MyLann ချစ်သူများအားလုံး စိတ်၏ချမ်းသာချင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ New Year ညမှာ ဘယ်လိုအစားအစာတွေ၊ အဖျော်ယမကာတွေကို အရသာရှိရှိသုံးဆောင်ရင်း ဖြတ်သန်း ခဲ့ကြလည်းဗျ?? ကျွန်တော်ကတော့ Feel စားသောက်ဆိုင်က Buffet မျိုးစုံကို နှစ်သစ်ကူးညမှာ မြည်းစမ်းကြည့် ခံရတယ်ဗျာ။ တကယ်စုံလင်ပြီးအရသာရှိတယ်ဗျာ၊ ထောပတ်ထမင်းနှင့် မြန်မာဟင်းမျိုးစုံ၊ ၀က်သားဒုတ်ထိုး၊ ကြက်အစုံကင်…..အများကြီးဗျ ။

နှစ်သစ်လည်းကူးပြီဆိုတော့ အသစ်အသစ်သော ပုံစံတွေနှင့် တင်ဆက်နိုင်ဖို့ MyLann အဖွဲ့သားတွေလည်း ကြိုးစားနေတယ်ဗျ၊။ ကျွန်တော်ကတော့ ဒီနေ့မှာ အရင်တပါတ်က ပြောပြဖို့ကျန်နေတဲ့ အစားအစာအချို့အကြောင်းကို ပြောပြချင်ပါတယ်ဗျာ။

၁။ ဂျပန်ရှာဘူရှာဘူ Hot Pot

            ယိုးဒယားဟော့ပေါ့၊ ယူနန်ဟော့ပေါ့၊ စီချွမ်ဟော့ပေါ့၊ ကိုးကန့်ဟော့ပေါ့ တွေအကြောင်းကိုပြောပြ ပြီးပြီဆိုတော့ ဂျပန်ရိုးရာ ရှာဘူရှာဘူဟော့ပေါ့ အကြောင်းကိုပြောပြချင်ပါတယ်။ မပြောခင်မှာ တစ်ခုသတိထားမိတာက ဒီတလော ရန်ကုန်မြို့မှာ ပေါ်ထွက်လာတဲ့ ရှာဘူရှာဘူဆိုင်တွေက ကျွန်တော်သိထားတဲ့ ဂျပန်ရိုးရာရှာဘူရှာဘူစစ်စစ်နဲ့တော့ အနည်းငယ်ကွဲပြားနေပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ဒီအစားအစာကို ကျွန်တော် သွားမယ်၊စားမယ် အစီအစဉ်တင်ဆက်တော့မှ စားဖူးတာပါ။ ကျွန်တော်စားခဲ့ဖူးတဲ့ ရှာဘူရှာဘူ ဆိုင်နှစ်ဆိုင်က ဗဟိုအမျိုးသမီးဆေးရုံရှေ့၊ ဟိုတယ် ကန့်ကော်က “ကမာကူရ” ဂျပန်စားသောက်ဆိုင်နဲ့ ဖိုးစိန်လမ်းထဲက “OSHAMA Hot Pot” မှာပါ။ ဂျပန်ရှာဘူရှာဘူ နဲ့ တရုတ်ဟော့ပေါ့ ရဲ့အဓိက ကွာခြားချက်က ရှာဘူရှာဘူ မှာ ဟင်းသီးဟင်းရွက်ပြုတ်ရည်၊ ဒါမှမဟုတ် ရေညှိပြုတ်ရည်ထဲကိုမှ အသီးအရွက်နှင့် အသားလွှကိုထည့်ပြီးစားတယ်။ အဓိကအားဖြင့် အမဲအသားလွှာကိုစားသုံးလေ့ရှိတယ်။ အသီးအရွက်ပြုတ်ရည် ပွက်ပွက်ထဲကို အသားအလွှာတွေ ခဏလေးစိမ်၊ ကျက်တာနဲ့စား၊ ဟင်းရည်ကို ထမင်းထဲစမ်းစား၊ အသီးအရွက်တွေကို ဆော့စ်နဲ့တို့စား၊ ဒီလိုပုံစံမျိုးပါ။ ဆူကိရာကိ နဲ့ အနည်းငယ်ဆင်ပေမယ့် ကွဲပြားမှုရှိပါတယ်။ ဟော့ပေါ့ကတော့ အသားပြုတ်ရည်၊ ဒါမှမဟုတ်အရိုးပြုတ်ရည်ထဲကိုမှ အသီးရွက်တွေ၊ အသားတွေ၊ ခေါက်ဆွဲစုပြုံထည့်စားရတာမျိုးပေါ့။ ကျွန်တော့အနေနဲ့ ပြောပြရင်တော့ တရုတ်စတိုင်လ် ဟော့ပေါ့ကို ပိုပြီးနှစ်သက်မိပါတယ်။ ရန်ကုန်မှာ ဂျပန်စတိုင်လ် ရှာဘူရှာဘူ ဟော့ပေါ့ကိုမှ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်ပြောပြခဲ့တဲ့ ဆိုင်နှစ်ဆိုင်ကို သွားကြည့်လိုက်ပါဗျာ။

၂။ မန္တလေးနန်းရှေ့ကဒိန်ချဉ်

            မန္တလေးရဲ့ ဒိန်ချဉ်က ရန်ကုန် ဒိန်ချဉ်နဲ့ ပြင်ဆင်ပုံကွာခြားတာတစ်ခုကို သတိထားမိပါတယ်။ အုန်းသီးပါ။ ဒိန်ချဉ် အိအိထွေးထွေးပျစ်ပျစ် လေးထဲကို ဇွန်းချစ်အုန်းသီးနုနုလေးတွေ နိုင်းချင်းဖြူးထည့်ပေးတာ

ဘာနဲ့မှ မလဲနိုင်လောက်အောင်ကောင်းပါတယ်။ ကျွန်တော်သောက်သုံးခဲ့တဲ့ ဒိန်ချဉ်ဆိုင်လေးက ၂၇လမ်းနဲ့ ၆၉လမ်းထောင့်၊ မြမန္တလ်ာဟိုတယ် ဘေးမှာရှိတာပါ။ စတော်ဘယ်ရီပေါ်ချိန်ဆို လက်ညှစ်စတော်ဘယ်ရီကို လည်းထည့်စားလို့ရပါသေးတယ်။ မန္တလေးမှာ ဒီ့ထက်ပိုကောင်းတဲ့ဒိန်ချဉ်ဆိုင်တွေ ရှိနိုင်ပေမယ့် ကျွန်တော်ကတော့ ဒီဒိန်ချဉ်အရသာကို အခုထက်ထိမမေ့နိုင်သေးပါဘူးဗျာ……။

၃။ လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲက မန္တလေး ကြာဆံချက်နဲ့ ငါးဖယ်သုပ်

            ဒီဆိုင်ကတော့ ရန်ကုန်မြို့မှာ မသိသူမရှိပါဘူး၊ လှည်းတန်းရောက်ပြီဆိုရင် တကုတ်တရသွားစားရတဲ့ ဆိုင်ပေါ့။ နေ့လည်ဘက်နဲ့ ညဘက်တွေမှာဆိုရင် လူပြည့်ကျပ်နေလို့ မတ်တပ်ရပ်စောင့်ရပါတယ်။ ဒီဆိုင်က ကြာဆံချက်မှာ ကြက်သားဖက် အကြီးကြီးတွေနဲ့ တကယ်ကိုအရသာရှိတဲ့ အပြင်အခုတလော အသစ်ရောင်းချနေတဲ့ ကြက်ဆီထမင်းကလည်း တကယ်စားလို့ကောင်းပါတယ်၊ ပြောချင်တာကတော့ ငါးဖယ်သုပ်ပါ။ ငါးဖယ် ငါးဆုပ် စစ်စစ် အရသာကို ခံစားနိုင်မယ့် ငါးဖယ်ကြော် အကြီးကြီးတွေကို ပါးပါးပြားပြားလှီးထားတယ်။ ဂေါ်ဖီ နိုင်ချင်း၊ ဆီချက်နိုင်းချင်းနဲ့ ချဉ်ငံစပ်သုပ်တယ်။ ကြက်သွန်နီ ဆီချက်ဖက်တွေအများကြီးနဲ့ဆိုတော့ ကြက်သွန်စိမ်းထည့်တာထက် ပိုအရသာရှိတယ်။ ငါးဖယ်သုပ်လေးတစ်ဇွန်းစားလိုက်၊ ပူလာ စပ်လာရင် သံပုရာရည်လေးသောက်လိုက်နဲ့ ရန်ကုန်မြို့ရဲ့အကောင်းဆုံး အစားအစာ စာရင်းဝင် ငါးဖယ်သုပ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ။

၎။ ဂျပန်အသားကင်များ (Yakiniku)

            ကျွန်တော်နောက်ဆုံးပြောပြဖို့ ကျန်နေတာကတော့ အသားကင်ဆိုင်တွေပါ၊ ရှေ့က Post မှာ ယိုးဒယားအသားကင်၊ တရုတ်အသားကင်၊ ဟောင်ကောင်စတိုင်လ်အသားကင်၊ ဘဲကင်၊ ကြက်ကင်တွေအကြောင်းကို ပြောပြခဲ့တော့ ဒီတစ်ခါတော့ ကိုယ်တိုင်မီးဖိုမှာ ကင်စားရတဲ့ “Yakiniku” ယာကိနိကု ဆိုင်တွေအကြောင်းကိုပြောပြချင်ပါတယ်။ ယာကိနိကုဆိုင်တွေကို ရန်ကုန်မြို့မှာ 1997-1998 ၀န်းကျင်ကတည်းက ရွှေဘုံသာအထက်လမ်း မှာ တစ်ဆိုင်ဖွင့်ခဲ့ပါတယ်လို့ မှတ်မိနေပါတယ်။ TV ကြော်ငြာလည်းလာတယ်၊ ဒါပေမယ့် ကိုယ်တိုင် ကင်စားလို့ရတာ ဟုတ်မဟုတ်တော့သေချာမသိပါဘူး။ ယာကိနိကုရဲ့သဘာဝအရ သူငယ်ချင်းတွေ အုပ်စုဖွဲ့ပြီး မီးသွေးမီးဖိုနဲ့ အသားတွေကင်၊ ဆာကေးသောက်၊ ဒီလိုပုံစံပါ။ ကိုအေးဂျပန်အမဲသားကင်တွေဆို တစ်ပွဲကို $100 ၀န်းကျင်ရှိပါတယ်။ ရန်ကုန်မှာတော့ တော်ဝင်စင်တာဘေး စကားဝါလမ်းထဲက “Man Pu Ku” ဆိုင်လေးရယ်၊ ကမ္ဘာအေးဘုးရားလမ်း ပုလဲကွန်ဒိုရှေ့က “Haru Premium Ya Ki Ni Ku” ရယ်ကို သွားရောက်ဖူးပါတယ်။ Man Pu Ku မှာက Gas မီးဖိုနဲ့ Hot Pot ကို သုံးပြီးကင်နိုင်တယ်။ Haru က မီးသွေးမီးနဲ့ကင်ရတာပါ။ ကိုအေး Beef စစ်စစ်ကိုတော့ Haru မှာရနိုင်သလို Man Pu Ku က တော့ ဈေးနှုံးပိုမိုသက်သာပါတယ်။ တရုတ်အသားကင်တွေကို စားရတာညှိးငွေ့သူတွေ၊ ကိုယ်တိုင်ကင်စားရမှ ကျေနပ်ချင်သူတွေအတွက်တော့ တကယ်ကိုသင့်တော်ပြီး အရသာလည်းကောင်းမွန်ပါတယ်။ အညှော်စုပ်စက်တွေလည်း နှစ်ဆိုင်လုံးမှာရှိတာမို့ အတွေ့အကြုံသစ်၊ အရသာသစ်ကို ခံစားလိုသူများသွားရောက် မြည်းစမ်းသင့်ကြောင်းပါ။

            MyLann ပရိတ်သတ်များ၊ သူငယ်ချင်းများခင်ဗျား။ 2015 ခုနှစ် Jan 24,25 မှာ MyLann Food Fair ပွဲကြီးကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ စည်ကားစွာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီပွဲမှာတင်ဆက်သူ အနေနဲ့ နှစ်ရက်စလုံးရှိနေပါမယ်။ ရန်ကုန်မြို့ရဲ့ အကောင်းဆုံး စားသောက်ဆိုင် တော်တော်များများလဲ ပြခန်းဖွင့်လစ် ရောင်းချမယ်လိုသိရပါတယ်။ အကောင်းဆုံးအစားအစာတွေကို တစ်စုတစ်ဝေး မြည်းစမ်းကြည့်နိုင်မယ့် အခွင့်အရေးပါပဲ။ မနက်ပိုင်းကနေ ညနေပိုင်းထိ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ ဖျောဖြေမှုတွေနဲ့အတူ တင်ဆက်ပေးသွားမို့ တစ်ရက်တော့ လာဖြစ်အောင်လာရောက်စေချင်ပါတယ်။ ကျွန်တော်လည်း ဒီ Post လေးတွေနဲ့ အစဉ်တစိုက် စာဖတ်သူတွေကို တွေ့ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။ ၂၀၁၅ မှာ MyLann နဲ့ ဒီထက်ပိုကောင်းမွန်တဲ့ အစီအစဉ်များကို တင်ဆက်ပေးအုံးမှာမို့ MyLann Page ကို ခဏခဏ ၀င်ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ နောက်တစ်ပါတ် အစားအသောက်ကောင်း တစ်မျိုးအကြောင်းကို ကျွန်တော်ရှာဖွေတင်ဆက်ပေးပါဦးမယ် ခင်ဗျား….။