MyLann မှတင်ဆက်သော ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #8 1008 views


MyLann မှတင်ဆက်သော ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သော အစားအစာများ" #8
--------------------------------------------------------------------------------

MyLann ရဲ့သူငယ်ချင်းတွေအားလုံးပဲ မင်္ဂလာပါဗျာ။ သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ Post လေးတွေရဲ့အပိုင်း (၈) ကိုရောက်လာပါပြီ။ ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားလေးဖြစ်အောင် မကြာသေးမီက ကျွန်တော်သွားရောက်ခဲ့တဲ့ခရီးစဉ်တစ်ခုအကြောင်းနှင့် ခရီးစဉ်အတွင်းမှာ စားသောက်ဖြစ်ခဲ့တဲ့ ထူးထူးခြားခြားအစားအသောက်တွေအကြောင်းကိုပြောပြချင်ပါတယ်ဗျာ….

ဒီလ ပထမပတ်အတွင်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ကို မမျှော်လင့်ဘဲ ကျွန်တော်ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်အလုပ်သဘောအရ ရေဦး အ.ထ.က (၁) အာစရိယပူဇော်ပွဲအတွက် ရိုက်ကူးရေးသွားရောက်ရတာဖြစ်ပါတယ်။ ရန်ကုန်ကနေ ညနေ (၅)နာရီကစပြီး စီးတဲ့ကားက ရေဦးကို မနက်(၈)နာရီလောက်မှရောက်ပါတယ်။ ရေဦးမြို့ဟာ မုံရွာအလွန်၊ နာမည်ကြီး ဒီပဲယင်းမြို့ရဲ့ကပ်လျက်မှာတည်ရှိပါတယ်။ အညာဒေသဆိုပေမယ့် အပင်တွေပေါများတာကြောင့် နွေရာသီမှာတောင်အရမ်းမပူပါဘူးလို့ မြို့ခံတွေရဲ့ပြောစကားအရသိရပါတယ်။ သမိုင်းဝင်ရှေးဟောင်းဘုရားပုထိုးတွေလည်းရှိပြီး ရေဦးမြို့ရဲ့ထူးခြားချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပညာရေးမြို့တော်ဖြစ်နေလို့ပါပဲ။ နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံးဆုကို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ရေဦးမြို့ကကျောင်းတွေကသာဆွတ်ခူးလေ့ရှိပြီး တစ်မြို့လုံးမှာလည်း ဘော်ဒါတွေ၊ သီးသန့်ကျောင်းတွေနှင့် ပြည့်နေပါတယ်။ အောက်မြန်မာပြည်ကတောင် ရေဦးကစည်းကမ်းကောင်းတဲ့ ဘော်ဒါဆောင်တွေမှာကျောင်းလာတတ်နေတဲ့ ကျောင်းသားတွေရှိတယ်လို့ဆိုပါတယ်။
ရေဦးမြို့ဟာ စီးပွားရေးအဆင်ပြေကြပြီး မုံရွာဒေသအတွက် အထင်ရှားဆုံးအစားအစာတစ်ခုကို ထုတ်လုပ်ပေးရာဒေသလည်းဖြစ်ပါတယ်။ အဲဒါကတော့ မုံရွာ၊ ရေဦးဝက်အူချောင်းပါ။ (ရေဦးဝက်အူချောင်းအကြောင်းကို အောက်မှာအကျယ်ပြောပြပါမယ်။) ရေဦးမြို့သူမြို့သားတွေက လက်ဖက်ကိုလည်း အဓိကသွားရည်စာအနေနှင့်စားသုံးလေ့ရှိပြီး အညာဒေသပေမယ့် စိမ်းလန်းစိုပြေနေတဲ့ ရေဦးမြို့က ထူးခြားတဲ့အစားအစာလေးတွေအကြောင်းကို ကျွန်တော်စပြီး ပြောပြပါရစေ။

(၁) ရေဦးဝက်အူချောင်း
ရေဦးမြို့မှာ ဝက်အူချောင်းလုပ်ငန်းများစွာရှိပေမယ့် မြို့ခံတွေကို ကိုယ်တိုင်နှစ်သက်စွာစားသုံးလေ့ရှိပြီး ရောင်းမလောက်ပေမယ့် လုပ်ငန်းကိုမတိုးချဲ့ပဲ တစ်ပိုင်တစ်နိုင်ပဲပြုလုပ်တယ်။ အရသာသူမတူအောင်ကောင်းတယ်။ အရည်အသွေးလည်းကောင်းတယ်ဆိုတဲ့ဆိုင်က ငွေလှေကားဝက်အူချောင်းဆိုင်ပါ။ ခြံဝန်းထဲမှာတင် ဝက်အူချောင်းပြုလုပ်နေပုံအဆင့်ဆင့်ကိုတွေ့ရပြီး သန့်ရှင်းသပ်ရပ်စွာလုပ်ကိုင်နေကြတာကို သတိထားမိပါတယ်။ ဝက်အူချောင်းပြုလုပ်တော့မယ်ဆိုရင် အချို့ကအထဲက အသားကိုကြာရှည်ခံအောင် ယမ်းစိမ်းထည့်တယ်လို့လည်း ကြားဖူးပေမယ့် ဒီမှာတော့သဘာဝအတိုင်းပဲလို့သိရပါတယ်။ ပုံမှန်တွေ့နေကြ ဝက်အူချောင်းတွေကို ရှည်မျောမျောပုံစံအတိုင်းပဲ တစ်ခါစားစာ အသားလုံးပုံစံမျိုးတွေ့ရပါတယ်။ ရေဦးငွေလှေကားဝက်အူချောင်းမှာ ဆိတ်အူကိုသာအဓိကသုံးထားပြီး ဆိတ်အူမရခဲ့ရင် ထုတ်လုပ်မှုရပ်ထားတယ်လို့တောင်ဆိုပါတယ်။ အရည်အသွေးအရမ်းထိန်းထားတာပါ။ ဝက်အူချောင်းကိုကြော်ပြီဆိုရင်လည်း ဆီလုံးဝမသုံးပဲကြော်တဲ့နည်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ အချို့လဲ သိပြီးသားပါ။ ဝက်အူချောင်းကို ဓားနဲ့မွှန်း၊ ရေကိုဝက်အူချောင်းမြုပ်အောင်ထည့်ပြီး ဒယ်အိုးကိုအဖုံးပိတ်ထားရမှာပါ။ ရေခမ်းသွားတဲ့အခါ ဝက်အူချောင်းထဲကအဆီတွေထွက်လာပြီး “ဝက်အူချောင်းဆီ နှင့် ဝက်အူချောင်းပြန်ကြော်” သလိုဖြစ်သွားတာပါ။ ဆီလည်းမကုန်ဘူး၊ ကျန်းမာရေးအတွက်လည်းကောင်းတယ်။ ကြာကြာအထားခံချင်ရင် ဆီလေးကိုပါဝက်အူချောင်းကြော်ဘေးမှာ လောင်းထည့်ထားလိုက်ရုံပါပဲ။
ရေဦးဝက်အူချောင်းမှာ အဆီပါဝင်မှုနည်းတယ်လို့ပြောလို့ရပါတယ်။ အချိုဓာတ်လည်းနည်းပြီး တကယ့်သဘာဝအရသာကိုစားနေရသလိုပါပဲ။ ငွေလှေကားတံဆိပ်မဟုတ်ပေမယ့် အခြားအမှတ်တံဆိပ်တွေက်ု ရေဦးဝက်အူချောင်းအနေနဲ့ City Mart ဆို်င်တွေမှာရနိုင်ပါတယ်တဲ့။ ဝယ်ပြီး ကျွန်တော်ပြောပြတဲ့နည်းအတို်င်း ကြော်စားကြည့်လိုက်ကြပါဦးဗျာ။

(၂) ရေဦးမုန့်တီ
အထက်မြန်မာပြည်ကပြည်သူတွေအတွက်တော့ မုန့်တီဆိုတာ မရှိမဖြစ်နံနက်ခင်းစာပါလို့ ရေဦးမြို့ခံတွေကပြောပါတယ်။ ရေဦးမုန့်တီမှာထူးခြားချက်က မုန့်ဖတ်က နန်းလုံးအတုတ်ကိုသုံးထားပြီး မုန့်တီမသုပ်ခင်မှာ ရေနွေးဖျောပါတယ်တဲ့။ မုန့်တီသုပ်ကို နွေးနွေးလေးစားလို့ရအောင်ပါ။ ကြက်သွန်၊ ဂျင်း၊ နံနံပင်၊ ဂေါ်ဖီ အစရှိတာတွေအပြင် မတ်ပဲကြော်နှင့် တို့ဖူးကြော်ကိုလည်း ချေမွပြီးထည့်ပေးပါသေးတယ်။ မန္တလေးမုန့်တီထက် ဆီပါဝင်မှုနည်းတယ်လို့ဆိုရမှာဖြစ်ပြီး ထူးခြားချက်က အသားအနေနှင့် ကြက်သားပြုတ်ကိုသာ သုံးထားတာပါ။
တကယ်ကို အရသာရှိပါတယ်။ ပါးစပ်ထဲရောက်တာနှင့် နွေးထွေးနူးညံ့နေတဲ့ မုန့်တီဖတ်တွေ၊ ပဲမှုန့်ကောင်းကောင်းရဲ့အရသာနှင့် မနက်ခင်းစာရေဦးမုန့်တီကို ကျွန်တော်မေ့လို့ရတော့မှာမဟုတ်ဘူး။ ဆိုင်လေးက ရေဦး အ.ထ.က (၁)နှင့် မျက်နှာချင်းဆိုင်မှာရှိပါတယ်။ ကြုံရင်ဝင်စားကြည့်ကြပါဗျာ။

(၃) ရေဦးကြေးအိုး
ဒေသအလိုက် အစားအစာပြုလုပ်ပုံတွေကွဲပြားသွားကြတယ်ဆိုတာရဲ့သက်သေပါပဲ။ ကျွန်တော့်သူငယ်ချင်း Camera Man က ခေါက်ဆွဲဆီချက်ကို အရွက်ပြုတ်တွေ၊ ကြက်ဥပြုတ်တွေနှင့် တန်ဆာဆင်ထားတာမျိုးပါ။ အရသာအနေနှင့်ပြောရရင် ခေါက်ဆွဲကလက်လုပ်ခေါက်ဆွဲဖြစ်ပြီး သုံးထားတဲ့ဆီချက်ကြောင့် အရမ်းမွှေးပျံ့နေပါတယ်။ အသီးအရွက်ပေါတဲ့ဒေသဖြစ်တာကြောင့် အသီးအရွက်အများကြီးပါဝင်ပါတယ်။ အရသာက နည်းနည်းပေါ့သလိုရှိပါတယ်။ အချဉ်အနေနှင့် မုန်ညှင်းချဉ်ကိုပေးပါတယ်။ ကြေးအိုးစစ်စစ်ကိုစားချင်တဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ဆန္ဒမပြည့်လိုက်ပေမယ့် ဒေသအစားအစာတစ်ခုကို မြည်းကြည့်လိုက်ရတာက အမြတ်ပဲလို့ဆိုရမလိုပါပဲ။

(၄) ငါးသလဲထိုးကြော်
“မမြင်ဖူး၊ မူးမြစ်ထင်” ဆိုတဲ့စကားပုံကို ကြားဖူးကြမှာပါ။ ရေဦးမြို့ရဲ့ အနောက်ဖက်က “မူးမြစ်”ပါ။ ဒါကြောင့် မူးမြစ်ထဲက ငါး၊ ပုဇွန်တွေကို လတ်လတ်ဆတ်ဆတ်ရနိုင်တယ်လို့ဆိုပါတယ်။ အခုပြောပြချင်တာက ငါးသလဲထိုးကြော်ပါ။ မူးမြစ်ထဲက ငါးသလဲထိုး လတ်လတ်ဆတ်ဆတ်ကိုကြော်ထားတာပါတဲ့။
ထူးခြားပါတယ်။ ရန်ကုန်က ငါးသလဲထိုးကြော်တွေက ငါးကို ဆား၊ ဟင်းချိုမှုန့်နဲ့နယ်ပြီးတော့ တန်းကြော်တာပါပဲ။ ဒီရေဦးက ငါးသလဲထိုးကြော်မှာတော့ အကြော်မှုန့်အနည်းငယ်ကို ငါးနှင့်နယ်ထားတဲ့အပြင် ကြက်သွန်ဖြူဓားပြားရိုက်ကိုပါ အခွံပါမကျန်ထည့်ကြော်ထားပါတယ်။
လုံးဝကို မွှေးပျံ့နေတဲ့အနံ့၊ ကြွပ်ရွနေတဲ့အပြင်ခွံ၊ အထဲကငါးသလဲထိုးရဲ့နူးညံ့မှုနှင့်လတ်ဆတ်မှု၊ ကြက်သွန်ဖြူကြော်နံ့မွှေးမွှေးနဲ့ ရေဦးငါးသလဲထိုးကြော်ကို ကျွန်တော်တစ်သက်မေ့တော့မယ်မထင်ပါဘူး။

(၅) ဂျင်းသုပ်
ရေဦးမြို့ဟာ လက်ဖက်ကို သွားရည်စာအနေနဲ့ အထူးနှစ်ခြိုက်စွာစားသုံးကြတယ်လို့ဆိုပါတယ်။ လက်ဖက်အကြော်ပုံစံမျိုးစုံကိုတွေ့ရပြီး ပဲစိမ်းနှင့်ပြုလုပ်ထားတဲ့အကြော်စုံကတော့ အနှစ်ခြိုက်ဆုံးပါပဲတဲ့။ လက်ဖက်စားသုံးမှုပုံစံက သိပ်မထူးခြားပေမယ့် ထူးခြားတာက ဂျင်းသုပ်ပါ။
ရန်ကုန်၊ မန္တလေးမှာတော့ ဂျင်းကို ရှာလကာရည်နှင့်ပဲနှပ်လေ့ရှိပါတယ်။ ရေဦးမှာတွေ့ခဲ့ရတဲ့ ဂျင်းမှာတော့ စောင်းလျားသီးနှင့်နှပ်ထားတယ်လို့ဆိုပါတယ်။ စောင်းလျားသီးက ထွက်လာတဲ့အချဉ်ဓာတ်နှင့် နှပ်ထားတဲ့ဂျင်းပါ။ နူးနူးညံ့ညံ့ ဂျင်းဖတ်လေးတွေမှာ စောင်းလျားသီးစိမ်းစိမ်း၊ စိတ်စိတ်လေးတွေရဲ့ ချဉ်ပြုံးပြုံးအရသာနှင့် ပေါင်းစပ်ထားပြီး ပါးစပ်ထဲမှာ စားလို့ကောင်းနေပါတယ်။ အကြော်အနေနှင့် ပဲစိမ်းကြော်အဓိကပါဝင်ပြီး မှတ်မှတ်ရရဖြစ်နေတော့မယ့်ဒေသအတွက် အစားအစာတစ်ခုပါပဲ။

(၆) ညောင်ပင်ဝိုင်းက အသားကြော်များ
ရေဦးကို အသွားရော၊ အပြန်ရော မုံရွာအနီးက ညောင်ပင်ဝိုင်းဆိုတဲံနေရာမှာ ခရီးတစ်ထောက်နားပါတယ်။ အဲဒီက ထမင်းဆိုင်တစ်ဆိုင်မှာတော့ စားပွဲပေါ်မှာ၊ စားပွဲတိုင်းမှာ အသားကြော်အစုံကိုချပေးထားတာတွှေ့ရပါတယ်။ ဂျိုးကြော်၊ ငုံးကြော်၊ စာကလေးကြော်၊ စနှိုက်ကြော်၊ ဆိတ်သားကြော်၊ ကြက်ကြော်၊ ငါးဖယ်ကြော်၊ ငုံးအသဲအမြစ်ကြော် စသည်ဖြင့်စုံလို့ပါပဲ။ ဒါတွေကို ထမင်းကြော်ဝါဝါလေးနှင့်လည်း တွဲဖက်စားလို့ရပါတယ်။ ကျွန်တော်မြည်းကြည့်မိတဲ့ ကြက်ကြော်ကတော့ ဗမာကြက်ကို အသုံးပြုထားတာပါ။ ဆားတစ်မျိုးတည်းနှင့် နယ်ထားပုံရပါတယ်။ ကြက်သားရဲ့သဘာဝအချိုအရသာကိုသာ အဓိကခံစားမိပါတယ်။ အသားတွေကို အခုလိုကြော်ထားတော့ အေးတဲ့ရာသီဆို ဘာမှမဖြစ်ပေမယ့် ရာသီဥတုပူရင်တော့ မလတ်ဆတ်နို်င်လောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် အညာစာအစုံမြည်းကြည့်ချင်သူတွေအတ်ွကတော့ အဆင်ပြေမှာပါ။

MyLann သူငယ်ချင်းများခင်ဗျား…. “သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ” Post လေးအတွက် MyLann Team ကရော၊ ကျွန်တော်ရော ဒီထက်ပိုကောင်းအောင်ကြိုးစားနေပါတယ်။ Trip Special အနေနဲ့လည်း ကြိုးစားတင်ဆက်သွားမှာပါ။ နောက်အပတ်မှာတော့ ဘယ်လိုအစားအစာတွေအကြောင်းကို ပြောပြပေးမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ပါဦးဗျာ။ ဒီနေ့တော့ ဒီလောက်ပါပဲဗျာ။ 

ကဲ ဒီတပါတ်တော့ ရေဦးကပုံတွေကို Album အနေနဲ့ တစ်စုတစ်စည်းတည်း ထားပေးထားပါတယ်ဗျာ။ အားလုံးဘဲ အားပေးကြပါဦး။
https://www.facebook.com/media/set/?set=a.506850666122912.1073741841.436895716451741