MyLann မှတင်ဆက်သော ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #9 1040 views


MyLann မှတင်ဆက်သော ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သော အစားအစာများ" #9
--------------------------------------------------------------------------------
MyLann ရဲ့သူငယ်ချင်းတွေအားလုံးပဲ မင်္ဂလာပါဗျာ… 
ဘာလိုလိုနှင့် အပိုင်း (၉)တောင်ရောက်လာပြန်ပါပြီ။ ဒီနေ့မှာတော့ ကျွန်တော်က “ဒိန်ချဉ်” အကြောင်းကိုပြောပြချင်ပါတယ်ဗျ။
ဒိန်ချဉ် “Yogurt” ဆိုတဲ့စကားလုံးက တူရကီဘာသာစကားကနေ စတင်ဆင်းသက်လာတယ်လို့ဆိုပါတယ်။ နို့ကို Bacterial Fermentation ဆိုတဲ့နည်းနဲ့အချဉ်ဖောက်ထားတာပါ။ ဒိန်ချဉ်စားသုံးမှုဟာ အာရှတိုက်ကနေစတင်ခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ အိန္ဒိယလူမျိုးတွေက “ဒိန်ချဉ်နှင့်ပျားရည်” ရောစပ်ထားတဲ့အစားအစာကို “The Food & The Gods”, မြန်မာလိုအနီးစပ်ဆုံးပြောရရင် နတ်သုဒ္ဓါလို့တောင်တင်စားလေ့ရှိကြပါတယ်။
အံ့သြဖို့ကောင်းတာက ဒိန်ချဉ်ဟာ အမေရိကားကို ၁၉၀၀ပြည့်နှစ်အစောပိုင်းကနေ၊ ၂၀ရာစုအစပိုင်းမှသာ ရောက်ရှိလာခဲ့တာပါ။ အခုဆိုရင်တော့ အမေရိကားဟာ ကမ္ဘာမှာဒိန်ချဉ်စားသုံးမှု အများဆုံးဈေးကွက်ကြီးတစ်ခုဖြစ်နေပါပြီ။

ကျွန်တော်တို့မြန်မာပြည်မှာတော့ ဒိန်ချဉ်ကိုယေဘုယျပုံစံ (၂)မျိုးနှင့်စားလေ့ရှိပါတယ်။ ထန်းလျက်နှင့်စားတယ်။ သကြား (သို့) သကြားရည်နှင့်မွှေစားတယ်။ သစ်သီးတွေနှင့်လဲ ရောစားလေ့ရှိတယ်။ ဒိန်ချဉ်ပြုလုပ်မယ်ဆိုရင် သန့်စင်ကျိုချက်ပြီးသားနွားနို့ထဲကို သံပုရာရည် ၁စက်လောက်၊ ဒါမှမဟုတ် ဒိန်ချဉ်တစ်ဇွန်းထည့်ထားလိုက်ရင်ရပါပြီ။
ဒိန်ချဉ်မှာ ကာဘိုဟိုက်ဒရိတ်၊ ဗီတာမင်၊ ပရိုတိန်း စတဲ့လူခန္ဓ္ဓာကိုယ်အတွက် အကျိုးရှိစေမယ့်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ကဲ.... ကျွန်တော်မှတ်မှတ်ရရဖြစ်ရတဲ့ ဒိန်ချဉ်တွေအကြောင်းကိုပြောပြပါ့မယ်။

(၁) Junction Square, Cool Land က စတော်ဘယ်ရီိဒိန်ချဉ်
Junction Square ကနေ ပြည်လမ်းဘက်ကိုထွက်တဲ့စင်္ကြန်လမ်းမှာ “Cool Land”ဆိုတဲ့ အအေးဆိုင်လေးတစ်ဆိုင်ရှိပါတယ်။
ဒီဆိုင်လေးရဲ့ထူးခြားချက်က ရာာသီပေါ်သစ်သီးဖျော်ရည်တွေကို ၁၂ရာသီပတ်လုံးရနိုင်အောင် စီစဉ်ထားတာပါ။ ဥပမာ-စတော်ဘယ်ရီ။ စတော်ဘယ်ရီသီးပေါ်ချိန်မှာ အသီးကိုသေချာသန့်စင်၊ ချေမွပြီး ပလတ်စတစ်အိတ်ထဲထည့်၊ ရေခဲတုံးပုံစံအအေးခံလိုက်ပါတယ်။
ဒီဆိုင်လေးက စတော်ဘယ်ရီဒိန်ချဉ်ထက်ကောင်းတဲ့ ဒိန်ချဉ်ကို ကျွန်တော်မတွေ့သေးပါဘူး။ ဒါအမှန်ပါ။ ဘာကြောင့်လဲပြောပြပါမယ်။ ဒိန်ချဉ်မှာလိုက်ပြီဆိုရင် ခုနကအအေးခံထားတဲ့ စတော်ဘယ်ရီသီးရေခဲတုံးကိုထုတ်၊ ဓားနဲ့ပါးပါးလှီး၊ နို့ဆီ၊ သကြားရည်နည်းနည်းထည့်၊ အပေါ်ကဒိန်ချဉ်ထည့်ပေးလိုက်တာပါ။
ရေခဲတောင်မလိုပါဘူး။ စတော်ဘယ်ရီရေခဲတုံးတွေက ဒိန်ချဉ်နှင့်ထိတော့ ပျော်သွားတယ်။ ရေခဲခြစ်ပုံစံဖြစ်သွားတယ်။ ဒါကို နို့ဆီ၊ သကြားရဲ့အရသာက၀င်လာတယ်။ ဒိန်ချဉ်တစ်ဇွန်းခပ်စားလိုက်ပြီဆိုရင် စတော်ဘယ်ရီသီးစစ်စစ်ရေခဲတုံးတွေရဲ့အရသာ၊ အချိုဓာတ်၊ အစိမ့်ဓာတ်၊ အချဉ်အရသာ၊ လုံးဝပြီးပြည့်စုံတဲ့ သစ်သီးဒိန်ချဉ်တစ်ခွက်ပါပဲဗျာ။ သွားစားဖြစ်အောင် စားစေချင်ပါတယ်။

(၂) မဟာဗန္တုလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း (အလယ်လမ်း)ထောင့်က ရွှေဗလီ ဒိန်ချဉ်
ရန်ကုန်မြို့ရဲ့အကောင်းဆုံးဒိန်ချဉ်ဆိုင်လို့အသိအမှတ်ပြုကြပါတယ်။ တစ်နေ့ကို ခွက်ရေထောင်သောင်းချီရောင်းရပါတယ်။ ဒိန်ချဉ်ကို ဆိုင်နှင့်မနီးမဝေးက အီကြာကွေးကြော်နှင့် တွဲဖက်စားကြတာလည်းမနည်းပါဘူး။ အနံ့မွှေးတယ်။ အထားခံတယ်။
အဓိက အရသာပြောင်းလဲသွားခြင်းလုံးဝမရှိပါဘူး။ ကျွန်တော်ဟိုးငယ်ငယ်လေးထဲက ဒီအရသာပါပဲ။ ရန်ကုန်မြို့လယ်ရဲ့ညတစ်ညရဲ့မြင်ကွင်းမှာ ဒီဆိုင်ရှေ့မှာခွေးခြေလေးတွေနှင့် ဒိန်ချဉ်သောက်နေကြတဲ့လူမျိုးပေါင်းစုံက မပါမဖြစ်ပါပဲဗျာ။ ဒိန်ခဲကလည်း အရမ်းကောင်းပါတယ်နော်။

(၃) အခုမရနိုင်တာ့ပြီဖြစ်တဲ့ Season Bakery ဆိုင်တွေက Fruit Yogurt
လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်ထဲက Season ဆိုင်တွေကိုရောက်ပြီဆိုရင် မပျက်မကွက်မှာဖြစ်တာက Fruit Yogurt ပါပဲ။ သစ်သီးသုံးမျိုးလောက်ကို နုတ်နုတ်စင်း၊ ဒိန်ချဉ် Ready Made ရယ်၊ သကြားရည်ရယ်၊ ရေခဲရယ်ကို Blander ဖျော်ရည်စက်ထဲထည့်ကြိတ်၊ အသီးတွေပေါ် လောင်းချပေးတာမျိုးပါ။ ဘာမှမထူးခြားဘူးထင်ရပေမယ့် အစပ်အဟပ်ကိုတည့်နေတာပါ။ အရမ်းမွှေးတယ်၊ အဆာခံတယ်၊ သောက်လိုက်တာနဲ့လန်းဆန်းသွားတယ်။ ဒိန်ချဉ်ပျစ်ပျစ်ခဲခဲကြီးတွေကိုမကြိုက်သူတွေအတွက်တော့ နှစ်သက်စရာပါပဲ။

(၄) ရွှေရွက်လှေ ကျန်းမာရေးဒိန်ချဉ်
မန္တလေးရောက်ဖြစ်တုန်းက စားခဲ့ရတာပါ။ ကျန်းမာရေးဒိန်ချဉ်ဆိုတဲ့အတိုင်းပဲ အဆီထုတ်ထားတယ်။ အချိုဓာတ်က မပါသလောက်ကိုနည်းတယ်။ အချိုကြိုက်ရင်တော့ သကြားထပ်ထည့်ရမယ်။ ပုံမှန်ဒိန်ချဉ်အရသာတွေထက်ပေါ့လို့ ပါးစပ်ထဲမှာ တစ်မျိုးတော့ဖြစ်နေမယ်။ ၀ိတ်ကျချင်သူတွေ၊ သွေးချို၊ ဆီးချိုသမားတွေအတွက်ကတော့ တကယ်အကောင်းဆုံးပါပဲ။ ရန်ကုန်မှာ Ocean နဲ့ City Mart ဆိုင်တွေမှာလဲဝယ်လို့ရပါတယ်။

(၅) ဘုန်းကြီးလမ်း ကြေးအိုးဆိုင်ရှေ့က အမေကြီးရောင်းတဲ့ဒိန်ချဉ်
မဟာဗန္တုလလမ်းနှင့် ဘုန်းကြီးလမ်းထောင့်က ဘုန်းကြီးလမ်းကြေးအိုးဆိုင်ရှေ့မှာ ညနေငါးနာရီလောက်ကစပြီးရောင်းတဲ့ အမေကြီးတစ်ယောက်ရဲ့ ဒိန်ချဉ်ဆိုင်လေးပါ။ ကျွန်တော်တို့ငယ်ငယ်ကလမ်းတွေထဲမှာ “ဒိန်ချဉ်” လို့သံရှည်ဆွဲပြီးအော်ရောင်းတတ်တဲ့ဒိန်ချဉ်သည်တွေရဲ့ ဒိန်ချဉ်ထုပ်လေးတွေကို ပြန်တွေ့နိုင်ပါတယ်။ သားရေပင်ကြိုးပြတ်ရောင်စုံလေးတွေနှင့်ချည်ထား၊ ထုတ်ပိုးထားတဲ့ ဒိန်ချဉ်အထုပ်ငယ်လေးတွေထဲမှာ မလိုင်ဖတ်နိုင်းချင်းပါဝင်နေပါတယ်။ ဒီအမေကြီးဆီမှာတော့ ၂ထုပ်ကို ၅၀၀ကျပ်နဲ့သောက်သုံးနိုင်ပါတယ်။ ထန်းလျက်ရည်ကြည်ကြည်လေးနှင့် ဒိန်ချဉ်ခွက်ထဲကို ရေခဲတုံးလေးတွေခေါက်ထည့်နေတဲ့ အမေအိုကိုကြည့်ရတာ ဒိန်ချဉ်ကို သူနှစ်ပေါင်းများစွာ ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြောင်း သက်သေပြနေသလိုပါပဲ။ ကြေးအိုးနှင့် ဒိန်ချဉ်မလိုက်ဖက်ဘူးဆိုရပေမယ့် ဘုန်းကြီးလမ်းကြေးအိုးဆိုင်ရောက်ရင်တော့ အမေအိုရဲ့မြန်မာဒိန်ချဉ်စစ်စစ်ကို မဖြစ်မနေသောက်သုံးကြသူချည်းပါပဲ။
ကဲ… ဒီအပါတ်တော့ ဒီလောက်ပါပဲဗျာ။ နောက်တစ်ပါတ်၊ နှစ်သစ်ကူးမှာ “အထူး Episode” လာပါဦးမယ်ဗျာ။ တာ့တာ