MyLann Foodie @ BBQ Chicken Secret Garden 1249 views


BBQ CHICKEN  – SECRET GARDEN

ရောင်စုံလိပ်ပြာလေးတွေက ဟိုဟိုဒီဒီ ပျံဝဲနေကြသလို ဖြူနီပြာဝါ ချစ်စရာ ပန်းပွင့်ငယ်လေးတွေကလည်း လေယူရာယိမ်းနေကြတယ်.. နွယ်ကပ်ပင် စိမ်းစိုစိုတွေနဲ့ သစ်ပင်မြင့်မြင့်တို့က ဒီပန်းခြံလေးထဲ ပနံတင့်လှတယ်.. ပျားပိတုန်းလေးတွေကတော့ ပန်းဝတ်မှုန်လေးတွေသယ်ဆောင်ရင်း ဟိုပင်ဒီပင် ကူးနေကြပါတယ်.. မြက်ခင်း စိမ်းလဲ့လဲ့မှာ အလှစိုက်ပန်းအိုးကြီးတွေက ထည်ထည်ဝါဝါနဲ့ .. အို .. ဘယ်လောက်တောင် လှလိုက်တဲ့ သီးသန့်ကမ္ဘာငယ်လေးပါလိမ့်.. ဒီလိုနဲ့ လှည့်ပတ်ကြည့်ရှုရင်း.. .. ဒီလိုနဲ့.. .. .

ဒီလိုနဲ့.. အိပ်မက်ကနေ လန့်နိုးလာပြီးတော့ ကိုယ့်ကိုယ်ကို အံ့သြနေမိတယ်.. ဒီလောက်တောင် အစွဲလမ်းကြီးလားလို့လေ.. Facebook နဲ့ Instagram မှာ သူများတွေ တင်ထားတဲ့ Secret Garden (Junction Square) ကဓာတ်ပုံတွေ မြင်ပြီးကတည်းက သွားချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်နေတာ ဒီနေ့တော့ အိမ်မက်မက်တဲ့အထိပါပဲ.. နောက်တစ်ခေါက်ထပ်ပြီး အိပ်မက်မမက်ခင် ရောက်အောင်သွားမှပါပဲလို့ ဆုံးဖြတ်ရင်း..

လှပဆန်းပြားတဲ့ Secret Garden ထဲမှာတော့ ကျွန်မအကြိုက်တွေချည်းပဲ သီးသန့်စုစည်းထားတာ တွေ့ရပါတယ်.. စားသောက်ဆိုင်တွေ !! နာမည်ကြီးပြီးသားရော၊ အသစ်အဆန်းတွေရော အစုံပါပဲရှင်.. အဲ့ဒိထဲမှာမှ ဘယ်နှစ်ခါရောက်ရောက် မရိုးနိုင်တဲ့ “BBQ Chicken” ဆိုတဲ့ ကြက်သားဟင်းလျာတွေပဲ သီးသန့်ရောင်းတဲ့ဆိုင်လေးကို ရွေးချယ်လိုက်ပါတယ်.. “BBQ Chicken” ရဲ့ထုံးစံအတိုင်း ဆိုင်ရဲ့ Decorationကို အခမ်းနားဆုံးနဲ့ အလှပဆုံး၊ အမြင်အဆန်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်.. နေအလင်းရောင် ကောင်းကောင်းရပြီး အပြင်ကမ္ဘာလောကကို အပေါ်စီးကမြင်နိုင်မဲ့နေရာကို ရွေးချယ်လိုက်ပြီး ဆိုင်ဝန်ထမ်းလေးပေးလာတဲ့ Menu စာအုပ်ကို စတင်လေ့လာလိုက်ပါတယ်.. “BBQ Chicken”ရောက်တိုင်း မပါအဖြစ် မှာယူရတဲ့ “Jamaican Grilled Chicken” တစ်ပွဲမှာလိုက်ပြီး နောက်ထပ်မှာစရာ ရှာကြည့်တော့ တစ်ခါမှ မမြည်းစမ်းဖူးသေးတဲ့ “Paris Chicken” တစ်ပွဲကို မှာလိုက်ပါတယ်.. ပြီးနောက် အားလုံးကြိုက်တဲ့ “Golden Olive Chicken” တစ်ပွဲမှာယူလိုက်ရင်း သာယာတဲ့တေးသံမှာ စီးမြောရင်း စားသောက်ဖွယ်ရာတွေ ရောက်လာမယ့်အချိန်ကို စောင့်နေလိုက်ပါတယ်.. ဟင်းပွဲတွေကို ကြိုတင်စီမံထားတာမျိုးမဟုတ်ဘဲ မှာယူတဲ့အခါမှ ပြင်ဆင်ချက်ပြုတ်ပေးတာမို့လို့ အချိန်အနည်းငယ်ပေးရပေမယ့် စားရတဲ့အရသာကတော့ တခြားကြက်ကြော်၊ တခြားဟင်းလျာတွေနဲ့ အကွာကြီးကွာပါတယ်.. “Paris Chicken”က အရင်ဆုံးရောက်ရှိလာပြီးတော့ မမြည်းစမ်းဖူးသေးတဲ့ အရသာမို့လို့ အရမ်းစိတ်ဝင်တစားနဲ့ မြည်းကြည့်လိုက်တဲ့အခါမှာတော့.. .. Wow !! ချဉ်ချဉ်၊ချိုချို၊စပ်စပ် (၃)မျိုးပေါင်းအရသာ၊ မွှေးပျံ့တဲ့ရနံ့၊ တခြားဘယ်မှာမှ မရဖူးတဲ့ ထူးခြားဆန်းသစ်တဲ့အရသာတို့နဲ့ လူကိုတကယ်ပဲ ဆွဲဆောင်လိုက်နိုင်ပါတယ်.. အရသာကောင်းလွန်းတာကို စာဖွဲ့ပြစရာ စကားလုံးတောင်မရှိအောင်ပါပဲ.. ကြက်သားရဲ့အတွင်းပိုင်းအထိပါ အရသာဝင်နေတဲ့အတွက် တကယ်ကိုပြီးပြည့်စုံစေပါတယ်.. ပန်းငရုတ်ပွရဲ့ မွှေးပျံတဲ့ရနံ့ကိုလည်း သိသိသာသာရနေပါတယ်.. ဒါကလည်း “Paris”ရဲ့ နှစ်သက်စရာ လျှို့ဝှက်ချက်လေးဖြစ်မယ်နဲ့ တူပါတယ်.. ပြီးတော့ အချဉ်ဖောက်ထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ မုန်လာဥဖြူ နဲ့ ငရုပ်နီတို့ကလည်း “Paris Chicken” ကို တကယ်အရသာထူးစေပါတယ်.. ပြီးတော့ ဒီအချဉ်ကို တကယ်ကြိုက်နှစ်သက်မိပါတယ်.. နူးညံ့လွန်းတဲ့ကြက်သားနဲ့ ဆန်းပြားတဲ့အရသာရယ်၊ သခွားသီးအချဉ်ရယ်ကြောင့် “Paris Chicken”ကို တကယ်ကိုအကြိုက်တွေ့သွားပါတယ်.. နောက်ထပ်ရောက်လာတာက “Jamaican Grilled Chicken” ပါ.. ဘယ်တော့မှကို ရိုးမသွားနိုင်တဲ့ ဟင်းလျာပါ.. ပြီးတော့ ကျွန်မအကြိုက်ဆုံးတွေထဲက ဟင်းလျာတစ်ခုပါ.. ကိုယ်ကြိုက်တာလေး စားရတော့မယ်ဆိုတဲ့အသိက ကျွန်မကိုရွှင်မြူးတက်ကြွစေပါတယ်.. ကြက်သားကို မချက်ခင် (၂၄)နာရီတိတိ “BBQ Chicken”ရဲ့ အထူးပြုလုပ်ထားသော အမွှေးနံ့သာများနှင့် အသားထဲထိစိမ့်ဝင်အောင် နယ်ဖတ်ကာ နှပ်ထားပြီးမှ Oven ထဲတွင်ထည့်ကင်ထားခြင်း ဖြစ်ပါတယ်.. ပြီးတော့မှ BBQ Sauce ကိုအပေါ်ကနေစမ်းပေးထားပါတယ်.. ကြက်ပေါင်သား အပြားကြီးကြီးတွေရဲ့ နူးညံ့မှုက ဘယ်တော့မှမပြောင်းလဲဘဲ အရင်တိုင်းရှိနေတာ “BBQ Chicken” ရဲ့ “စံ”တစ်ခုပါ.. အဆီပါးပါးနဲ့တွဲလျက် အရေခွံကအစ အရသာပြည့်ဝလွန်းနေပါတယ်.. ကြက်သားကင်ကို တစ်ခါစားသုံးလိုက်တိုင်း အိစက်နူးညံ့တဲ့အထိအတွေ့ရယ်၊ ကောင်းမွန်လွန်းလှတဲ့အရသာရယ်ကြောင့် ကျေနပ်မှုကို တစ်ခါဖြစ်စေပါတယ်.. ကိုရီးယားနိုင်ငံထုတ် BBQ Sauce ရဲ့ မွှေးရနံ့နဲ့ ထူးခြားတဲ့အစပ်အဟပ်ကြောင့်လည်း တကယ်ကိုကောင်းမွန်တဲ့၊ မရိုးနိုင်တဲ့ကြက်ကင်ဖြစ်နေရခြင်းရဲ့ အဓိကသော့ချက်ပဲဖြစ်ပါတယ်.. “Golden Olive Chicken” ရဲ့ထူးခြားချက်ကရော ဘာများဖြစ်မလဲ?! ရွှေဝါရောင်သန်းနေတဲ့ ကြွပ်ကြွပ်ရွရွကြက်ကြော်လေးက ရိုးစင်းစွာ စွဲမက်စရာကောင်းပါတယ်.. ဟိုးအတွင်းသားတွေထိ နူးအောင်၊ သွေးစတစ်ခုတစ်လေတောင် မတွေ့ရအောင် ကြော်ထားတာတွေ့ရပါတယ်.. အပြင်သားကြွပ်ကြွပ်၊ အတွင်းသားနူးနူးအိအိလေးကြောင့် Fried Chickenတွေထဲမှာ “BBQ Chicken”ကို အကြိုက်ဆုံးဖြစ်နေရတာပဲ ဖြစ်ပါတယ်.. ကြက်သားကြော်နဲ့ ဟင်းလျာ (၂)မျိုးမှာယူပေမယ့် တစ်ခုနဲ့တစ်ခု အရသာမတူ ကွဲလွဲတာကို သတိထားမိပါတယ်.. ဟင်းတစ်ပွဲစီကို အရသာတစ်မျိုးစီဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ထားကို သဘောကျလှပါတယ်.. အပေါ်ယံတင်အရသာရှိတာမျိုးမဟုတ်ဘဲနဲ့ အတွင်းသားတွေအထိ ထိထိမိမိရှိလှတဲ့အရသာကို ရရှိပါတယ်.. ကြက်ကြော်နဲ့ ဟင်းလျာအားလုံးကို ကျန်းမာရေးနဲ့ ညီညွတ်စေရန် Olive Oil တစ်မျိုးတည်းနဲ့ ကြော်လှော်ချက်ပြုတ်တယ်လို့ သိရပါတယ်.. Central Branch ကို အခေါက်ခေါက်အခါခါရောက်ဖူးပါတယ်.. ရောက်သွားတဲ့အခါတိုင်း တူညီနေတာတစ်ခုက တစ်ဆိုင်လုံး သပ်ရပ်၊ သန့်ပြန့်ပြီး စိတ်ကို အစဉ်သစ်လွင်နေစေတာပဲ ဖြစ်ပါတယ်.. “BBQ Chicken”က ဟောင်းနွမ်းတဲ့ခံစားချက်ကို ဘယ်တော့မှမပေးပါဘူး.. အဲ့ဒိလိုပဲ “BBQ Chicken”က ဘယ်တော့မှ ဟောင်းမသွားတဲ့အရသာ၊ တသသဖြစ်နေစေမယ့်အရသာ၊ ဘယ်ဆိုင်နဲ့မှ မတူညီတဲ့အရသာမျိုးကိုပဲ အစဉ်တစိုက်ပေးစွမ်းတယ်ဆိုတာ ယုံမှားစရာမရှိပါဘူးရှင်.. MyLannရဲ့ ချစ်သူငယ်ချင်းတို့လည်း မိမိတို့ချစ်ရသူ၊ မိတ်ဆွေသူငယ်ချင်း၊ မိသားစုနဲ့အတူတူ Quality Time လေးတွေကို ပိုင်ဆိုင်နိုင်အောင်လို့ Secret Garden (Junction Square) မှာ ခမ်းနားစွာ ဖွင့်လှစ်ထားတဲ့ “BBQ Chicken”ကို တစ်ခါတစ်ခေါက် အရောက်လှမ်းဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်.. :) :)

http://www.mylann.com/yangon/places/detail/bbq-chicken-junction-square-branch