MyLann Foodie @ Mina-O 1141 views


ဒီနေ့မှာတော့ မစားရတာကြာပြီဖြစ်တဲ့ ဂျပန်စာသွားစားဖို့ စိတ်ကူးမိတယ်.. Mina-O ဆိုတဲ့ ဂျပန်ဆိုင်လေးကို တွေ့တွေ့နေတာကြာပြီ.. တစ်ခါမှတော့ မရောက်ဖြစ်သေးဘူး.. ဒီနေ့တော့ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..

ဂျပန်စာဆို Sushi ပဲစားဖြစ်တာများတော့ ဒီတစ်ခါတော့ တခြားအစားအစာတွေကို မြည်းစမ်းကြည့်ဖြစ်ခဲ့တယ်.. Menu စာအုပ်ထဲမှာ ရွေးချယ်စရာသိပ်အများကြီးမဟုတ်ပေမဲ့ စိတ်ဝင်စားစရာကောင်းတာတစ်ခုတော့ တွေ့လိုက်တယ်.. အစားအစာဆို စိမ်းစိမ်းစိုစိုဖြစ်နေတာကိုမှ စားချင်မိတာကြောင့်  “ဂျင်းဆော့စ်ဝက်သားကင်” (Grilled Pork Sause) တစ်ပွဲနဲ့ ကြက်ဥလိပ်တစ်ပွဲကို မှာယူလိုက်ပါတယ်.. ဝက်သားကင်ပေါ်မှာ စမ်းထားတဲ့ “ဂျင်းဆော့စ်” ရဲ့ အရသာက ပေါ်လွင်နေပါတယ်.. ဝက်သားက နူးညံ့မှုသိပ်မရှိလှပါဘူး.. ရိပ်ရိပ်လေး လှီးထားတဲ့ ရေခဲစိမ်ဂေါ်ဖီကို ကြက်သွန်နီနည်းနည်းထည့်ပြီး သံပုရာရည်ညှစ်ထားတဲ့ Salad နဲ့ တွဲဖက်စားသုံးတဲ့အခါ အရသာက တော်တော်လေးပြည့်စုံသွားပါတယ်.. Mayonnaise နဲ့ အာလူးထောင်းလေး အနည်းငယ်ကိုလည်း ပန်းကန်ထဲမှာပုံပေးထားပါတယ်.. ဂျင်းဆော့စ်ရဲ့ ရှတတအရသာကြောင့် စားနေကျအရသာမျိုးမဟုတ်ဘဲ အသစ်အဆန်းဖြစ်နေပါတယ်..  ကြွပ်ဆပ်ဆပ် ဂေါ်ဖီအေးအေးလေးကလည်း ဝက်သားကင်နဲ့ လိုက်ဖက်လှပါတယ်.. ထို့နောက် သူငယ်ချင်းရဲ့ ကြက်ကြော်ကာရီ (Fried Chicken Curry) ကိုလည်း မြည်းကြည့်ပါသေးတယ်.. ထမင်းရယ်၊ ကြက်ကြော်ရယ်၊ ဟင်းအနှစ်တွေရယ်ကို ပန်းကန်ထဲမှာ ပုံပေးထားတာပါ.. ကြက်ကြော်ရဲ့အရသာမှာ ထူးခြားမှုကို မတွေ့ရပါဘူး.. ကြက်ကြော်ကာရီက ကျွန်မအတွက်တော့ သာမန်ပါပဲ.. နောက်ဆုံးမှ ကြက်ဥလိပ်ကို စားကြည့်ပါတယ်.. ကြက်ဥလိပ်ဟာ နူးနူးညံ့ညံ့လေး ဖြစ်နေပြီး အရသာ တော်တော်လေးကောင်းမွန်တာကို တွေ့ရပါတယ်.. စားဖူးတဲ့ ကြက်ဥလိပ်တွေထဲမှာတော့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်.. ဒါပေမဲ့ ရေသန့်နဲ့ တခြားအအေးဈေးနှုန်းတွေက ဟိုတယ်ဈေးနှုန်းတွေဖြစ်နေတာတော့ သိပ်အဆင်မပြေလှပါဘူး..

ဆိုင်အပြင်အဆင်က ခမ်းခမ်းနားနားမဟုတ်ပေမယ့် သန့်ရှင်းသပ်ရပ်နေပါတယ်.. ဆိုင်ဝန်ထမ်းတွေအားလုံးလည်း ပျူပျူငှာငှာရှိပါတယ်.. ပြီးတော့ အမြဲမပြတ် စောင့်ကြည့်ပြီး လိုအပ်တာတွေကို လိုက်လံဖြည့်စည်းနေတာလည်း တွေ့ရပါတယ်.. အလုပ်လုပ်ပုံ ရိုကျိုးပြီး သပ်ရပ်မှုလည်း ရှိပါတယ်.. ဆိုင်ထဲမှာ ဂျပန်လူမျိုး စားသောက်သူတွေလည်း တွေ့ခဲ့ရပါတယ်.. နောက်တစ်နေ့ အချိန်ရတဲ့အခါ မမြည်းစမ်းခဲ့ရတဲ့ အစားအစာတွေကို ထပ်မံပြီး သွားရောက်စားသောက်ဖို့အတွက် Mina-Oကို စာရင်းထဲထည့်ထားလိုက်ပါပြီရှင်..

(စကားချပ် - Mina-O သွားရင်း Daren က ပေါင်မုန့်မုန့်ကောင်းကောင်းလေးတွေလည်း မြည်းကြည့်ခဲ့ကြပါဦး.. ဆိုင်ချင်းနီးတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့) :D