MyLann Foodie @ Mr.Thai (Extraordinary Thai Cuisine) 1090 views


ဒီရက်ပိုင်းမှာ မိုးအေးအေးလေးနဲ့ ပူပူစပ်စပ် ထိုင်းအစားအစာလေးတွေစားလိုက်ရရင်ကောင်းမှာပဲလို့တွေးနေတုန်း MyLann က Mr. Thai (Extraordinary Thai Cuisine) ကို Foodie အနေနဲ့ အစားအစာတွေသွားရောက်မြည်းစမ်းကြည့်ဖို့ပြောတော့ တော်တော်ဝမ်းသာသွားပါတယ်။ Mr. Thai ရဲ့ပိုင်ရှင် ကိုမင်းဆက်က Foodie ရဲ့မိတ်ဆွေပါ။ အရင်မြေနီကုန်း၊ စမ်းချောင်းလမ်းမှာဖွင့်တုန်းက ခဏခဏရောက်ဖြစ်ပေမယ့် ဒီဆိုင်အသစ်ကိုတော့ ဖွင့်ပွဲနေ့က တစ်ခေါက်ပဲရောက်ဖြစ်ပါသေးတယ်။ အရင် Mr. Thai နဲ့မတူတဲ့ထူးခြားချက်က အရင်ဆိုင်က မြန်မာလူမျိုးစားဖိုမှူးနဲ့ Sweet and Spice ဆိုတဲ့ Theme ၊ အခုဆိုင်အသစ်မှာက ထိုင်းစားဖိုမှူးတွေကိုယ်တိုင်ချက်ပြုတ်ပြီး (Extraordinary Thai Cuisine) ဆိုတဲ့ Theme နဲ့အသစ်ပြန်လည်ဖွင့်လှစ်ထားတာပါ။ နေရာက Junction Zawana (YKKO ရဲ့မျက်စောင်းထိုး) မှာတည်ရှိပါတယ်။

ဆိုင်အပြင်အဆင်က နီညိုရောင်ရင့်ရင့်နဲ့ နှစ်ထပ်ဖြစ်ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲတွေ အချိန်ဖြုန်းလို့ အနားယူလို့ကောင်းမယ့်ပုံစံမျိုးပါ။ Foodie ရောက်တော့ Mr. Thai ပိုင်ရှင် ကိုမင်းဆက်ကိုယ်တိုင်လာနှုတ်ဆက်ပါတယ်။ ဒီဆိုင်လေးက အရင်ဆိုင်ထက်နေရာပိုကျယ်ပြန့်တယ်။ ပြီးတော့ ထိုင်းလူမျိုးစားဖိုမှူးစစ်စစ်တွေရဲ့လက်ရာဆိုတော့ အရင်ဆိုင်နဲ့လုံးဝကွဲပြားသွားတယ်လို့ပြောပါတယ်။ အစားအစာမီနူးအသစ်တွေလဲ ထပ်ထည့်ထားတယ်လို့သိရပြီး Menu စာအုပ်ကိုကြည့်တာနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်က ဈေးနှုန်းတွေကို Shopping Center ကြီးတွေမှာရှိနေကြတဲ့ ထိုင်းအစားအစာဆိုင်တွေထက် ၁၀%-၂၀% လောက်သက်သာအောင်စီစဉ်ထားတယ်လို့သိရပါတယ်။

အစားအစာမျိုးစုံကို မြည်းကြည့်ချင်တဲ့ Foodie တစ်ယောက်အနေနဲ့ကတော့ Mr. Thai က Menu တွေကိုကြည့်ရုံနဲ့တင် သွားရည်ကျရတော့တာပါပဲ။

မြည်းကြည့်ဖြစ်တာလေးတွေကို တစ်ခုချင်းအစဉ်လိုက်ပြောပြမယ်နော်။

အစားအစာမစားခင် Green Tea Juice အေးအေးမွှေးမွှေးလေးကို အရင် Serve လုပ်လာပါတယ်။ FREE ပါတဲ့…

ပထမဆုံးမြည်းကြည့်ဖြစ်တာကတော့ ပုစွန်မွကြော်သုပ်ပါ။ ငါးခူမွကြော်သုပ်ကိုစားဖူးနေကျ ကျွန်တော်တို့အတွက်တော့ နာမည်ကြားတာနဲ့တင် ထူးဆန်းရပါတယ်။ တကယ်တော့ ပုစွန်ထုပ်အကောင်ကြီးကြီးတစ်ကောင်ကိုနုပ်နုပ်စင်း၊ ငါးအသားမွှနယ်ပြီးကြော်၊ အပေါ်ကမှ သရက်ချဉ်မျှင်လေးတွေပါတဲ့ ချိုချဉ်စပ်ဆော့စ်လေးနဲ့စားရတာပါ။ ငါးခူမွကြော်သုပ်နဲ့မတူတာက ငါးမွကြော်တွေထဲမှာ ပုစွန်အသားအရသာကိုပါခံစားမိတာပါ။

ဒုတိယမြောက်မြည်းကြည့်မိတာက ပင်လယ်စာအစုံငါးစီဖောင်းသုပ်ပါ။ ရန်ကုန်မြို့ကစားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ “ငါးစီဖောင်းကြက်သားသုပ်” ဟင်းလျာကနာမည်ကြီး၊ ကျွန်တော်အကြိုက်ပါ။ Mr. Thai ရဲ့ ငါးစီဖောင်းပင်လယ်စာအစုံသုပ်ကရော ဘယ်လိုရှိမှာလဲ။ ဒီဟင်းလျာကို ပထမဆုံးမြည်းကြည့်လိုက်တာနဲ့ ရရှိတဲ့ခံစားမှုက ချဉ်ချဉ်စပ်စပ်၊ ပြင်းရှရှအရသာပါ။ ကြွပ်ရွနေတဲ့ငါးစီဖောင်းကြော်တွေရယ်၊ လတ်ဆတ်တဲ့ပင်လယ်စာရယ်ကို အရသာပြင်းပြင်းချဉ်စပ်ဆော့စ်နဲ့သုပ်ထားတာ ထမင်းနဲ့တွဲစားရင်ကို အင်မတန်မြိန်ပါတယ်။ မြန်မာပါးစပ်နဲ့ လုံးဝကွက်တိကျမယ့် ထိုင်းဟင်းလျာတစ်ခုပါပဲ။

တတိယမြောက်ဟင်းလျာက Mr. Thai ကန်စွန်းရွက်ကြော်ပါ။ ငရုတ်ပွထောင့်အနီ၊ ပဲပိစပ်စေ့၊ ခရုဆီတွေနဲ့ ပုံမှန်မြန်မာစတိုင်ကန်စွန်းရွက်ကြော်အရသာနဲ့တော့ လုံးဝကွဲပြားနေတာမို့ မြည်းစမ်းကြည့်ဖို့ညွှန်းဆိုပါရစေ။

နောက်ထပ်ဟင်းလျာတွေကတော့ တုန်ယမ်းဟင်းရည်အကြည်၊ ကြက်ဆီထမင်းနဲ့ ဂဏန်းပျော့မဆလာချက်တို့ပါ။

အုန်းနို့၊ ဒါမှမဟုတ် နို့ပါဝင်တဲ့ တုန်ယမ်းဟင်းရည်ပျစ်ပျစ်ကို မကြိုက်ဘူးဆိုရင်တော့ Mr. Thai က တုန်ယမ်းဟင်းရည်အကြည်ကို မြည်းကြည့်ဖို့ညွှန်းဆိုပါရစေ။ ပင်လယ်စာဆိုပေမယ့် ထူးခြားချက်က ငါးပုစွန်တွေကို တန်ပူရာပုံစံ၊ မုန့်နှစ်နဲ့ကြော်ပြီးမှ ဟင်းရည်ထဲကိုခပ်ထားတဲ့ပုံစံမျိုးပါ။ ရှုးရှုးရှဲရှဲနဲ့တကယ်ကို သောက်လို့ကောင်းပါတယ်။ ချဉ်စပ်ဟင်းရည်အကြည်လေးဆိုတော့ အရသာအီသွားတာမျိုးလည်းလုံးဝမဖြစ်တော့ဘူးပေါ့။

Mr. Thai ရဲ့ကြက်ဆီထမင်းကတော့ ကြက်သားရဲ့အဆီအနှစ်အရသာပြည့်ပြည့်ဝဝကိုခံစားရပါတယ်။ ကြက်ပေါင်းဆော့စ်ကလည်း Ready Made မဟုတ်ပဲ ထိုင်းစားဖိုမှူးကြီးတွေကိုယ်တိုင်ပြုလုပ်ထားတာမို့ တကယ်ကို လိုက်လိုက်ဖက်ဖက်နဲ့စားလို့ကောင်းပါတယ်။

နောက်ဆုံးမြည်းကြည့်ဖြစ်တာက Mr. Thai (Extraordinary Thai Cuisine) ရဲ့အထင်ကရ လူကြိုက်အများဆုံးဟင်းလျာတစ်ခုဖြစ်တဲ့ ဂဏန်းပျော့မဆလာချက်ကို မြည်းကြည့်မိပါတယ်။ ဂဏန်းနဲ့အလိုက်ဖက်ဆုံးက ကြက်ဥဖြစ်ပြီး ဒီဟင်းလျာမှာလည်းတစ်ကောင်လုံးအခွံပါမကျန်ဝါးစားလို့ရတဲ့ ဂဏန်းပျော့ကို မဆလာနံ့သင်းသင်း၊ ကြက်ဥနိုင်းချင်းနဲ့ ထမင်းမြိန်မြိန်စားလို့ကောင်းလှပါတယ်။ Mr. Thai ရောက်ရင်း မဖြစ်မနေမြည်းစမ်းပါဦးနော်။

Mr. Thai (Extraordinary Thai Cuisine) ဆိုင်ကတော့ အမှတ်.၂၅/၆၊ လေးထောင့်ကန်လမ်း၊ သုမင်္ဂလာအိမ်ယာ(ဂိတ်-၂)၊ သင်္ဃန်းကျွန်းမြို့နယ် မှာရှိပါတယ်။ ဈေးနှုန်းကလည်းသင့်တင့်ပြီး ပေးရတဲ့ဈေးနဲ့တန်လည်းတန်တာမို့ အနုပညာရှင်တွေတော်တော်များများတောင် သွားရောက်စားသုံးနေကြတာကို FB မှာတွေ့နေရပါတယ်။ ကဲ.. MyLann ပရိတ်သတ်ကြီးလည်း Foodie ညွှန်းတဲ့အတိုင်းသွားစားကြည့်ကြဦးနော်။

http://www.mylann.com/yangon/places/detail/mr-thai