New place~New Taste @ Thai Kitchen 2045 views


Thai Kitchenရဲ့ ဓမ္မစေတီလမ်းနားကဆိုင် ဘယ်ကိုပြောင်းသွားမှန်းမသိလိုက်တည်းက သတိရနေခဲ့တာ အတော်ကြာပါပြီ.. ဒီနေ့တော့ တော်ဝင်စင်တာနားက "သံတမံလမ်း"ထဲကို ကိစ္စတစ်ခုနဲ့ သွားရင်း ခြံဝန်းတစ်ခုထဲက ခေါင်မိုးနီနီနဲ့ နှစ်ထပ်အိမ်လေးကို သတိထားမိလိုက်တယ်.. ခြံဝန်းအပြင်ဘက်မှာ ပန်းအိုးကြီးတွေနဲ့ အလှဆင်ထားပြီး အထဲကို ချောင်းကြည့်လိုက်တော့လည်း သစ်ခွပန်းလေးတွေ အစီအရီစိုက်ပျိုးထားတာကို တွေ့ရပါတယ်.. ဒါနဲ့ အရမ်းစိတ်ဝင်စားမိပြီး ဟိုဟိုဒီဒီရှာဖွေကြည့်လိုက်တော့မှ "ဟာ !! ကျွန်မရှာဖွေနေတဲ့ Thai Kitchen ဖြစ်နေတာပါလား.." ဒါနဲ့ ကျွန်မလည်း နေ့လည်စာကို ဒီမှာပဲစားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်..

ဒီနေ့တော့ အရင်စားဖူးနေတာတွေ မစားတော့ဘဲ အသစ်အဆန်းတွေမှာစားကြည့်ခဲ့ပါတယ်.. ဟင်းအမျိုးပေါင်း "၁၀၀"ကျော်ရှိတဲ့ Menuစာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ရင်း ပထမဆုံး စိတ်ဝင်စားမိတာက "သင်္ဘောသီးကြော်သုတ်"ပါ.. တစ်သက်လုံး သင်္ဘောသီးဆို အစိမ်းလိုက်ပဲသုတ်စားဖူးခဲ့တာပါ.. ခုတော့ ကြော်ပြီးမှသုတ်မှာတဲ့.. Thai Kitchen မှ Chef တွေရဲ့ အရည်အသွေးကိုယုံကြည်လို့ မှာလိုက်ပါတယ်.. နောက်တစ်မျိုးရှာကြည့်တော့ "ဆေးဘဲဥပင်စိမ်း"ကို တွေ့ပါတယ်.. ဘယ်လိုလေးချက်ထားမလဲဆိုတာ သိချင်လို့ မြည်းစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.. နောက်တစ်ပွဲကတော့ "ဝက်စင်းကောကြော်သုတ်" နဲ့ ငါးမစားရတာကြာလို့ "ငါးရံ့တုန်ရမ်း"ကို မှာဖြစ်ပါတယ်.. ပြီးတော့ အရည်သောက်အတွက် "ကြက်တောချက်"ကို မှာလိုက်ပြီး "အုန်းစိမ်းရည်လေး"သောက်ရင်း ဆိုင်အတွင်း မျက်စိပသာဒဖြစ်စဖွယ် မြင်ကွင်းတွေကို လိုက်လံစပ်စုနေလိုက်ပါတယ်.. 

ဟင်းပွဲတွေ တစ်ပွဲပြီး တစ်ပွဲထွက်လာပါပြီ !! ကျွန်မစိတ်ဝင်စားလွန်းလို့ မှာထားတဲ့ "သင်္ဘောသီးကြော်သုတ်"ကို ရှာဖွေမိတော့ "အို! အဆန်းပဲရှင့်"! သင်္ဘောသီးကို ခြစ်နဲ့ခြစ်ပြီး မုန့်နှစ်နဲ့ကပ်ကြော်ထားပါတယ်.. တစ်ခါမှမစားဖူးတော့လည်း အဆန်းဖြစ်ရပါတယ်ရှင်.. သူနဲ့တွဲဖက်စားသုံးဖို့ကတော့.. .. "ပုဇွန်ကို ရေနွေးဖျောပြီး ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ခရမ်းကြွပ်သီး၊ မုန်လာဥနီ၊ မြေပဲ တို့နဲ့ရောထောင်းထားတဲ့ ချိုချိုချဉ်ချဉ်အရသာပေးတဲ့ အလိုက်ဖက်ဆုံး တွဲစပ်စားစရာပဲ ဖြစ်ပါတယ်.. သင်္ဘောသီးကြော်လေးက သူ့ချည်းပဲစားရင် ချိုနေပြီးတော့ ပုဇွန်ထောင်းလေးနဲ့တွဲစားတဲ့အခါ အရသာတစ်မျိုးပြောင်းသွားပြီး စားလိုက်တိုင်း သဘောအကျကြီးကျနေပါတော့တယ်.. Thai Kitchenရောက်ရင် မစားမဖြစ် စားသင့်တဲ့ဟင်းပွဲအဖြစ် ညွှန်ပါရစေရှင်.. နောက်တစ်မျိုး "ငါးရံ့တုန်ရမ်း" .. ငါးရံ့အကောင်ကြီးကြီးတစ်ကောင်လုံးကို သေချာသန့်စင်ဆေးကြောပြီး အမွှေးနံ့သာအရွက်တွေ၊ ခရမ်းချဉ်သီး၊ ပြီးတော့ ငါးရံ့အတွက် ထူးခြားတဲ့အတွဲအစပ်အဖြစ် "မှိုဖြူ"နဲ့ရောနှောပြီး တုန်ရမ်းအရသာပေါ်အောင်ချက်ထားတဲ့ အရည်သောက်ဟင်းတစ်မျိုးပါ.. ငါးရံ့ရဲ့ လတ်ဆတ်ပြီး ချိုပုံချိုနည်းက ဘာနဲ့မှမတူပါဘူးရှင်.. တစ်ခါမှ မတွေးမိတဲ့ တွဲဖက်ချက်ပြုတ်မှုပါပဲ.. ငါးရံ့နဲ့ တုန်ရမ်း ! အလွန်လိုက်ဖက်လှပါတယ်.. တုန်ရမ်းအရသာက အုန်းနို့ပါတယ်ဆိုရုံသာပါပြီး အထူးကောင်းမွန်တာ သတိပြုမိပါတယ်.. ဒီဟင်းလျာကလည်း စားပွဲဝိုင်းမှာ မပါမဖြစ်ပါသင့်တဲ့ဟင်းလို့ ဆိုချင်ပါတယ်.. "ဆေးဘဲဥပင်စိမ်း"ကို မြင်ရတဲ့မြင်ကွင်းကိုက စိမ်းစိမ်းစိုစိုနဲ့ စားချင်စရာကောင်းလှပါတယ်.. ပင်စိမ်းရွက်တွေကို ကြွပ်ကြွပ်လေးဖြစ်နေအောင် ကြော်ထားပြီး ဝက်သားတောက်တောက်စင်းနဲ့ ဆေးဘဲဥကြော်ပေါ်မှာ အုပ်ပေးထားပါတယ်.. ဆေးဘဲဥကြော်က ကောင်းသလို ဝက်စင်းကောနဲ့ ပင်စိမ်းရွက်ကြော်ကလည်း အရသာကို ပိုလို့ထူးခြားစေပါတယ်.. အရည်သောက် "ကြက်တောချက်"နဲ့လည်း မိတ်ဆက်ပေးပါရစေ.. ကြက်သားနုနုကို တကယ်စုံလင်လှတဲ့ အသီးအနှံတို့နဲ့ အရည်သောက်ချက်ပြုတ်ထားတာဖြစ်ပြီး အရသာရှင်းရှင်းလင်းလင်း ကြိုက်နှစ်သက်သူတွေအတွက် မှာယူသုံးဆောင်သင့်တဲ့ဟင်းပွဲပဲ ဖြစ်ပါတယ်ရှင်.. "ဝက်စင်းကောကြော်သုတ်"ကို မြည်းကြည့်တဲ့အခါမှာလည်း ထူးခြားမှုကို တွေ့ရပါတယ်.. ဝက်စင်းကောကိုကြော်ထားပြီးမှ ပင်စိမ်းပါးပါးလှီးကာ ပြန်လည်သုတ်ပေးထားတဲ့ အသုတ်မွှေးမွှေးလေးပါ.. အသုတ်နဲ့တွဲစားဖို့ သခွားသီး၊ ဂေါ်ဖီထုတ်၊ ပဲတောင့်ရှည်၊ ပင်စိမ်း စတာတွေပါပါတယ်.. ယနေ့အတွက် နေ့လည်စာက အထူးပင် မြိုင်ဆိုင်လှပါတယ်.. မစားရတာကြာပြီဖြစ်တဲ့ Thai Kitchen ရဲ့လက်ရာကို စားလိုက်ရလို့လည်း အကျေနပ်ကြီးကျေနပ်နေမိပါတယ်.. 

 

Meeting, Birthday Party, Gathering များအတွက် (၁၀)ယောက်ဆံ့အခန်း၊ (၁၄ - ၁၈)ယောက်ဆံ့အခန်းများကို တစ်နာရီ (၄,၀၀၀)ကျပ်နှုန်းနဲ့ ငှားရမ်းနိုင်ပါတယ်.. ပြီးတော့ မွေးနေ့၊ Gathering များအတွက်လည်း Buffet Menu ကိုရေးဆွဲခိုင်းလို့ရသလို Wedding Dinner များအတွက် တစ်ဆိုင်လုံးငှားရမ်းကာ ကျင်းပနိုင်ပါတယ်.. အရှေ့မျက်ခင်းပြင်မှာဆို လူ(၆၀)စာလောက်အတွက် ပြင်ဆင်ခင်းကျင်းနိုင်ပါတယ်.. ကားပါကင်အတွက်လည်း ပူစရာမလိုလို့ တကယ်ကို အဆင်ပြေလှပါတယ်..  ရွေးချယ်စရာ အစားအစာတွေများပြီး ဝန်ဆောင်မှုကောင်းမွန်သလို ဈေးနှုန်းသင့်တင့်တဲ့အတွက် Thai Kitchen မှာ ခဏခဏစားသုံးနေမိဦးမှာပါပဲရှင်..