One Fine Day @ Disbo 1320 views


"ကြက်ကြော်"လို့ ဆိုလိုက်ရင် အရင်ကလို စားစရာတစ်ဆိုင်၊ နှစ်ဆိုင်နဲ့ ရွေးချယ်စရာနည်းပါးတဲ့ အချိန်တွေကို ကျော်လွန်လာခဲ့ပါပြီ !! နိုင်ငံပေါင်းစုံမှ Brand ပေါင်းစုံကို အရသာအမျိုးမျိုးနဲ့ စားသုံးနိုင်လို့ အဆင်ပြေ၊ ဟန်ကျလှပါတယ်.. အဲဒီ့ထဲမှာမှ လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့ Halal တံဆိပ်ပါတဲ့ ဆိုင်ကတော့ အလွန်နည်းပါးပါသေးတယ်.. ဒီနေ့ MyLannရဲ့ ချစ်သူငယ်ချင်းတို့ကို Halal အစားအစာဖြစ်ပြီး အရသာတမူထူးခြားတဲ့ ကြက်ကြော်ဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေ.. .. သွားရလာရလွယ်ကူတဲ့ ရန်ကုန်မြို့လယ်ခေါင်က "ရွှေဘုံသာအထက်လမ်း" မှာတည်ရှိတဲ့ "DISBO" ကြက်ကြော်ဆိုင်မှာ ဒီနေ့သွားရောက် မြည်းစမ်းကြည့်ခဲ့ပါတယ်..

ဒီဆိုင်လေးကို Thailand နဲ့ Taiwan မှာ ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်.. ဒီလိုဆို အခုရန်ကုန်မှာဖွင့်လှစ်ထားတဲ့ တခြားသောဆိုင်တွေနဲ့ အရသာကွဲပြားနေလိမ့်မယ်လို့ တွေးလိုက်မိပါတယ်.. ကျွန်မထင်တဲ့အတိုင်းပါပဲ!! ထူးခြားဆန်းပြားတဲ့ အရသာများကို သုံးဆောင်ခဲ့ရပါတယ်.. အမျိုးအမည်ပေါင်းများစွာရှိတဲ့အနက် ကျွန်မမြည်းစမ်းကြည့်ခဲ့တာလေးကို ပြန်လည်မျှဝေပါရစေ.. ပထမဆုံး မြည်းကြည့်တာက "ကြက်ရင်ဖုံ" !! ကြက်တစ်ကောင်ရဲ့ ရင်ဖုံသားကို အရိုးများမပါစေဘဲ အရသာပြည့်ဝအောင် ပြုလုပ်ထားပြီး ကြော်ထားတာပါ.. နူးညံ့တယ်ဆိုတာထက် ကိုက်လိုက်တိုင်း "အိအိလေး"ဖြစ်နေရုံမက အရသာလေးက ချိုနေပါတယ်.. လူကြီးတွေအပြင် ကလေးတွေပါ အကြိုက်တွေ့နိုင်မဲ့ ကြက်ရင်ဖုံက တခြားဆိုင်တွေမှာမရနိုင်တဲ့ အမယ်တစ်မျိုးပါ.. ကျွန်မတော့ ကြိုက်သွားပါပြီ !! နောက်တစ်မျိုးက "ပျားရည်အရသာ"ကို အပြည့်အဝခံစားရမယ့် "ပျားရည်ကြက်ကင်"ပါပဲ.. ပျားရည်၊ ငရုတ်ကောင်း၊ အရသာမှုန့်တို့နဲ့ အသားအတွင်းထဲထိ အရသာဝင်သွားအောင် နယ်ပြီး တစ်ရက်ခန့်သိပ်ထားပါတယ်.. ပြီးနောက် ကြက်တစ်ကောင်လုံးကို ကင်တဲ့အခါမှာ "ဆီ"အစား "ပျားရည်" ကိုသာသုတ်ပေးပြီး ကင်ထားပါတယ်.. တခြားနေရာမှာ မရနိုင်တဲ့၊ နိုင်ငံတကာက စားသုံးသူတိုင်း အမှာမဖြစ်မှာကြတဲ့ Disboရဲ့ အဓိက အစားအစာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်.. ပျားရည်အနံ့၊ ပျားရည်အရသာက ဖုံးလွှမ်းထားလို့ ကြက်သားအညှီနံ့ လုံးဝမထွက်တာ သတိထားမိခဲ့ပါတယ်.. အရသာလေးလေးပင်ပင်ရှိသလို အစပ်အရသာလည်းပါတော့ ကျွန်မအကြိုက်နဲ့ တစ်ထပ်တည်းကျပါတယ်.. ကြက်တစ်ကောင်လုံးမကုန်နိုင်ရင် လက်မောင်းသားနဲ့ အတောင်ပံတွဲထားတဲ့ တစ်ယောက်စာကို မှာယူစားသုံးနိုင်ပါတယ်.. ပြီးတော့ Seafood Burger ကိုလည်း မြည်းကြည့်ခဲ့သေးတယ်.. နာမည်က "7 Shrimp Burger" !! ပုဇွန် (၇)ကောင်ကို နုတ်နုတ်စင်းထားခြင်း၊ ဂျုံမှုန့်ရောထားခြင်းမရှိဘဲ အကောင်လိုက်မုန့်နှစ်ကပ်ကြော်ပြီး ထည့်ထားတာမို့လို့ ထိထိမိမိနဲ့ အားရပါးရရှိလှပါတယ်.. Seafood Burger ကဆိုင်တိုင်းမှာ မရနိုင်လို့ ဒီဆိုင်လေးမှာ ရှိတယ်ဆိုတာ ကျွန်မသေချာမှတ်ထားလိုက်ပါတယ်.. နောက်တစ်မျိုးကတော့ Mexican အစားအစာတစ်မျိုးဖြစ်တဲ့ Taco နဲ့ခပ်ဆင်ဆင် တူပါတယ်.. ဂျုံထဲမှာ ကြက်ကြော်ရယ်၊ Salad ကောင်းကောင်းရယ်ထည့်လိပ်ထားတဲ့ အစားအစာတစ်မျိုးပါ.. တကယ်စားလို့ကောင်းပါတယ်.. ကြက်သားအပြင် ပါဝင်တဲ့ Vegetable တွေကအစ ကြွပ်ကြွပ်လေးနဲ့ ဝါးလို့ကောင်းလှပါတယ်.. နောက်ဆုံးအစားပိတ်အနေနဲ့ "ပိန်းဥဖျော်ရည်" ပူပူလေးတစ်ခွက်ကို သောက်သုံးဖြစ်ခဲ့ပါတယ်.. အရေကျဲကျဲပုံစံမဟုတ်ဘဲ ခပ်ပျစ်ပျစ်လေးပါ.. ချိုတဲ့အရသာ သိပ်မပါဘဲ စိမ့်စိမ့်လေးသောက်သုံးရတဲ့ ပိန်းဥဖျော်ရည်ကလည်း မြည်းစမ်းကြည့်သင့်အထဲမှာ ပါပါတယ်.. နေရာထိုင်ခင်း သပ်ရပ်သန့်ရှင်းပြီး လက်အိတ်လေးတွေပါချပေးပါတယ်.. စားသုံးသူကို ဂရုစိုက်တဲ့အတွက် ကျေနပ်စရာပါ.. အပေါ်ထပ်လည်းရှိလို့ လွတ်လွတ်လပ်လပ် မိမိစိတ်ကြိုက်နေရာကို ရွေးချယ်နိုင်ပါတယ်.. ဈေးနှုန်းကိုလည်း သင့်တင့်သောအနေအထားဖြင့်သာ ယူထားတာမို့ စားသုံးရတာနဲ့ ပေးရတာ တန်ပါတယ်.. တခြားကြက်ကြော်တွေ စားသုံးရတာ ရိုးအီနေပြီဆိုရင် အရသာထူးခြားပြီး ဈေးနှုန်းပါသင့်တင့်တဲ့ "Disbo"မှာ သုံးဆောင်ကြည့်ဖို့ အကြံပေးပါရစေရှင်..

 

http://www.mylann.com/restaurants/disbo