One Fine Day @ Nervin Cafe' 1016 views


Nervin Cafe'

ရာသီဥတုလေးကောင်းနေတာနဲ့ပဲ ကော်ဖီကောင်းကောင်းလေး တစ်ခွက်လောက်သောက်ရင်း ဒီနေ့ကိုဖြတ်သန်းဖို့ ဆန္ဒဖြစ်မိတယ်.. အဲ့လိုနဲ့ ဘယ်ဆိုင်သွားရမှန်းမသိတဲ့အဆုံး MyLann Website (www.mylann.com) ကိုပဲ ဝင်ရောက်မွှေနှောက်လိုက်တဲ့သကာလ “Nervin” ဆိုတဲ့ ဆိုင်လေးကို တွေ့ရှိသွားပါတယ်.. Nervinက ဆိုင်(၂)ဆိုင်ရှိတော့ အိမ်နဲ့အနီးဆုံး ကန်တော်ကြီး ဥယျာဉ်ကမ္ဘာထဲက ဆိုင်လေးကို ရွေးချယ်လိုက်ပါတယ်.. ကိုယ်လိုချင်တဲ့ မနက်ခင်းမျိုးလေး သူပေးနိုင်မလားဆိုတာ သိရအောင် “Nervin”ကို အရောက်လှမ်းခဲ့လိုက်ပါတော့တယ်..

ကန်တော်ကြီးထဲကို ဝင်လိုက်တာနဲ့ စိမ်းစိမ်းစိုစို သစ်ပင်ပန်းမန်တွေရဲ့အလှက ရင်ကိုအေးမြစေပါတယ်.. စိတ်ကိုလည်း လန်းဆန်းစေပါတယ်.. ဒီလိုနဲ့ လျှောက်လာလိုက်တာ “Nervin”ဆိုတဲ့ဆိုင်လေးကို အဝေးကနေ လှမ်းမြင်နေရပါပြီ.. သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ကုန်းမြင့်လေးပေါ်က ဒီဆိုင်လေးကို မြင်ရရုံနဲ့ ကျွန်မသဘောကျမိနေပါပြီ.. ဆိုင်ထဲကိုရောက်ရင်ပဲ ရေကန်ကြီးကို မျက်နှာမူထားတဲ့စားပွဲမှာ နေရာယူလိုက်ပါတယ်.. ရေကန်ကိုဖြတ်တိုက်လာတဲ့ လေအေးအေးလေးတွေက လူ့ရဲ့စိတ်ကို ကြည်လင်သွားစေပါတယ်.. Air Conခန်းထဲမှာ အေးမြနေတာထက် ဒီလိုသဘာဝအတိုင်း လေတဖြူးဖြူနဲ့ စားသောက်ရတာကို ပိုပြီးနှစ်သက်မိပါတယ်.. သာယာတဲ့နံနက်ခင်းကို အပြုံးနဲ့ ဝန်ဆောင်မှုပေးဖို့ ရောက်လာတဲ့ စားပွဲထိုးလေးဆီက Menu စာအုပ်ကို လှမ်းယူလိုက်ပါတယ်..

စာအုပ်ထဲမှာ ကော်ဖီအမျိုးအစား စုံစုံလင်လင်ရှိတာကို တွေ့ရပါတယ်.. Coffee အပူ၊ အအေး၊ smoothie မျိုးစုံ၊ Frappe မျိုးစုံ၊ Chocolate Drinks မျိုးစုံနဲ့ မှာယူစရာ များပြားလှပါတယ်.. ရွေးချယ်စရာများစွာထဲကမှ Hazelnut Syrup နဲ့ ရောနှောဖျော်စပ်ထားတယ်ဆိုတဲ့ “Latte Aroma” ကိုရွေးချယ်လိုက်ပါတယ်.. အစားအစာ Menu ကိုကြည့်တဲ့အခါမှာတော့ Appetizers,  Salads, Soup, Burgers, Sandwiches, Grilled Panini, Pasta, Pizza, Main Fare, Side Dishes ဆိုပြီး ခေါင်းစဉ် (၁၀)မျိုးအောက်မှာ မှာယူနိုင်တာကို တွေ့ရပါတယ်.. အစားအစာနဲ့တွဲရက် ဈေးနှုန်းများပါ ပါဝင်တာကြောင့် စပ်စုကြည့်လိုက်တဲ့အခါမှာ ဈေးသက်သာတဲ့အထဲ မပါဝင်ဘူးလို့ ပြောလို့ရပါတယ်.. Menu စာအုပ်ကို လေ့လာကြည့်တဲ့အခါမှာတော့ စိတ်ဝင်စားစရာတွေ များစွာတွေ့ရပါတယ်.. Side Dishes ထဲက “Jacket Potato” ကိုမှာယူသော်လည်း မရတဲ့အတွက် Main Fare ထဲက “Roasted Spring Chicken” ကိုပဲ မှာလိုက်ပါတယ်.. “Latte Aroma” ကအရင်ရောက်လာပြီး မြည်းစမ်းကြည့်တဲ့အခါ အရသာက ထူးထူးဆန်းဆန်းဖြစ်နေတာကို သတိထားမိပါတယ်.. Hazelnut Syrup ကြောင့် ကော်ဖီအရသာက တမူထူးခြားသွားတာပါ.. “Latte Aroma”ကို ကျွန်မကြိုက်နှစ်သက်မိပါတယ်.. တော်တော်ကြာကြာလေး စောင့်ဆိုင်းပြီးတဲ့ အချိန်မှာတော့ “Roasted Spring Chicken”ရောက်လာပါတယ်.. ပထမဆုံး ကျွန်မစိတ်ထဲဖြစ်ပေါ်မိတာကတော့ ပြထားတဲ့ဓာတ်ပုံထဲကလို အရမ်းစားချင်စဖွယ်ဖြစ်မနေတာပါပဲ.. ဒါနဲ့ အရသာကို စတင်မြည်းစမ်းကြည့်ပါတယ်.. ကြက်သားရဲ့ နူးညံ့မှုက တစ်ခုနဲ့တစ်ခု မတူညီပါဘူး.. တစ်ချို့အပိုင်းလေးတွေက တော်တော်စားလို့ကောင်းပြီး တစ်ချို့ကတော့ ကြမ်းရှရှဖြစ်နေပါတယ်.. စားမရလောက်အောင် ဖြစ်နေတာတော့မဟုတ်ပါဘူး.. ကျွန်မက ဒိထက်ပိုပြီး မျှော်လင့်ထားမိလို့ပါ.. ဟင်းပွဲထဲမှာပါဝင်တဲ့ ငရုပ်ပွ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီစတာတွေကလည်း အရသာထူးခြားတယ်လို့ မဆိုနိုင်ပါဘူးရှင်.. အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ မေ့မရတဲ့အရသာမျိုး၊ ထပ်ကာတလဲလဲ စားချင်နေတဲ့အရသာမျိုးကိုတော့ မပေးစွမ်းနိုင်တာ အမှန်ပါ.. တခြားစားစရာတွေ ဘယ်လိုရှိတယ်ဆိုတာတော့ မပြောတတ်ဘူးပေါ့နော်.. ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး၊ တိတ်တိတ်ဆိတ်ဆိတ် အပန်းဖြေချင်သူများအတွက် သင့်တော်တဲ့နေရာဆိုတာတော့ သေချာပါတယ်ရှင်..