One of the Japanese Restaurant in town 1958 views


ဒီနေ့ သူငယ်ချင်းတွေနဲ့ ဂျပန်အကင်ဆိုင်မှာ သွားစားဖို့ ချိန်းထားတယ်လေ.. စားနေကျ အကင်တွေက ယိုးဒယားဆိုင်တွေများတော့ ဒီတစ်ခါ ဂျပန်အကင်ကို ကောင်းကောင်းမြည်းစမ်းကြည့်ဖို့ တွေးထားလိုက်တယ်..အဲဒါနဲ့ပဲ သွားလိုက်မိတဲ့ဆိုင်ကတော့ ....!! Manpuku ပါ။ Manpuku ကိုရောက်တော့ ဆိုင်ထဲမှာ ဂျပန်လူမျိုးတွေ အများကြီးဆိုတာ သတိထားလိုက်မိပါတယ်.. ဆိုင်နေရာ မကျဉ်းမကျယ်မှာ နေရာတကျနဲ့ သပ်သပ်ရပ်ရပ်ခင်းကျင်းထားတာကို တွေ့ရပါတယ်.. ကျွန်မတို့ စားပွဲဆီသို့ Menu ရောက်လာပါပြီ..!!

Menuထဲမှာပါတဲ့ အဆင့်တစ်ဆင့်ချင်းစီအတိုင်း စတင်မှာကြပါတယ်.. ပထမဆုံးအနေနဲ့ Menuရဲ့ အရှေ့ဆုံးစာမျက်နှာပါ Appetizer ထဲမှ “ကင်မချီ အစုံ နဲ့ ကိုရီးယား ရေညှိ”ကို မှာကြပါတယ်.. ထို့နောက် Side Dishes ထဲမှ “အဏ္ဏဝါပီဇာ”ရယ်.. Salad ထဲမှ “ပင်လယ်ရေမှော်သုပ် နဲ့ ပဲကြာဇံသုပ်”ကို မှာလိုက်ပါတယ်.. ပြီးနောက် Rice Dish Menu မှ “အသီးအရွက်စုံနှင့် ကြက်ဥကျောက်အိုးထမင်း” တစ်ပွဲရယ်၊ Soup Menu မှ ပွဲတိုင်းကျော် “တုံယမ်းဟင်းရည်” တစ်ပွဲရယ် မှာလိုက်ပြီး အကင်များကို စမှာကြပါတယ်.. ဝက်သားကြိုက်သူများအဖွဲဆိုတော့ ဝက်သားထဲကပဲ ရွေးချယ်ကြတယ်လေ.. ပထမဆုံး ဝက်သားအစုံနဲ့ ကညွတ်၊ချယ်ရီခရမ်းချဉ်ကို သုံးထပ်သားပတ်ထားတဲ့ Combinationတစ်ပွဲ၊ ပြီးတော့ လိုင်းသား၊ ပခုံးသား၊ လျှာ၊ နှလုံး နဲ့ နို့အုံသား တွေမှာကြပါတယ်.. လိုင်းသားနဲ့ ပခုံးသားတို့မှာ (ဆားအရသာ၊ ပဲငံပြာရည်နဲ့ ကြက်သွန်ဖြူအရသာ၊ ပဲငါးပိအရသာ) ဆိုပြီး အရသာသုံးမျိုးရှိတဲ့အထဲကမှ ပဲငါးပိအရသာကို မြည်းကြည့်ကြပါတယ်.. အအေးကတော့ သရက်သီးကြိုက်သူပီပီ Mango Smoothie တစ်ခွက်၊ ပြီးတော့ ထမင်း(၅)လုံးကို နောက်ဆုံးပိတ်အနေနဲ့ မှာလိုက်ပြီး ရောက်လာတော့မယ့် အစားအစာတွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတော့တယ်..

အစားအသောက်များကိုလည်း အစဉ်အတိုင်းပဲ ချပေးပါတယ်.. “ကင်မချီနဲ့ ရေညှိ”ပြီးတော၊့ “ပင်လယ်ရေမှော်သုပ်”ရောက်လာပါပြီ.. စိမ်းစိမ်းစိုစို ဆလပ်ရွက်တွေရယ်၊ အချဉ်စိမ်ထားတဲ့ သခွားသီးရယ်၊ မုန်လာဥဖြူရိပ်ရိပ်လေးတွေရယ်၊ ပြီးတော့ ပင်လယ်ရေမှော်လေးတွေရယ်၊ အဲ့ဒါတွေအားလုံးရဲ့ အရသာကို ပေါ်လွင်စေမယ့် ဇာတ်လိုက်ကျော် “နှမ်းဆီ”ရယ် ပေါင်းစပ်ထားတဲ့အသုပ်ကို မြည်းစမ်းကြည့်တဲ့အခါ.. .. Qualityကောင်းကောင်းနှမ်းဆီရဲ့ အနံ့က အသိစိတ်ကို နှိုးဆွလိုက်သလို၊ နှမ်းဆီနိုင်နိုင်နဲ့ သုပ်ထားတဲ့ “ရေမှော်သုပ်”က တကယ်အရသာကောင်းတယ်ဆိုတာကို ချက်ချင်းပဲ အသိအမှတ်ပြုလိုက်ရပါတယ်.. ဒီအသုပ်လေးတစ်ပွဲစားကြည့်တာနဲ့တင် ကျေနပ်မှုအပြည့်အဝရနေပါပြီ.. ပြီးတော့ “အဏ္ဏဝါပီဇာ”လို့ ခေါ်တဲ့ Korean Seafood Pancake ကိုမြည်းကြည့်ပါတယ်.. Seafood အစုံအလင်ကို မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့နဲ့ရောပီး မုန့်နှစ်နဲ့ကြော်ထားတာပါ.. ဘေးသားကြွပ်ကြွပ်လေးက စားကောင်းသလို၊ ပင်လယ်စာမျိုးစုံပါတဲ့ အလည်သားပျော့ပျော့လေးကလည်း အရသာရှိလှပါတယ်..  “ကျောက်အိုးပူထမင်း”လို့ အများသိကြတဲ့ ရေညှိရယ်၊ ကြက်ဥအစိမ်းရယ်၊ ပါးပါးလှီးထားတဲ့ အရွက်အစုံအလင်ရယ်ကို ကျောက်အိုးပူပူထဲမှာ ထမင်းနဲ့ရောထည့်နယ်ထားတဲ့ ထမင်းသုပ်ဟာလည်း တကယ်ကို အစပ်အဟပ်တည့်လှပါတယ်.. ပေါ့တယ်၊ ငန်တယ်၊ စပ်တယ်၊ ချိုတယ် စသဖြင့် အပြစ်ပြောစရာမရှိလောက်အောင် ကောင်းလှပါတယ်.. အချဉ်နဲနဲကဲထားပြီး ပုဇွန်၊ ပြည်ကြီးငါးတို့နဲ့ သုပ်ထားတဲ့ ပဲကြာဇံသုပ်ဟာလည်း ထိုနည်းလည်းကောင်းပါပဲရှင်.. တုန်ယမ်းဟင်းရည်ဟာလည်း ကတွင်းရှင်းသွားလောက်တဲ့ အရသာမျိုးပါ.. ပြီးတော့ ကင်မချီ - ယနေ့ထိ စားဖူးသမျှ ကင်မချီထဲမှာ အကောင်းဆုံးလို့ပဲ ပြောပါရစေ..ဘယ်ဟင်းပွဲမှ အရသာ လွဲချော်သွားတာမျိုးမရှိဘဲ တစ်ခါမြည်းကြည့်လိုက်တိုင်း “ဟာ! ကောင်းလိုက်တာ..”ဆိုပြီး ပြောရလောက်တဲ့အထိ ထိမိလှတဲ့အရသာကို ခံစားရပါတယ်.. အသားကင်အလှည့်လာပါပြီ.. အသားတစ်မျိုးစီမှ အရသာတစ်မျိုးစီကို ပေးစွမ်းယုံတင်မကဘဲ နူးညံ့မှုတစ်မျိုးစီကိုပါ တိတိကျကျ ပေးနိုင်ပါတယ်.. တစ်ချို့အသားတွေဟာ ပါးစပ်ထဲမှာတင် အရေပျော်သွားတယ်လို့ ထင်ရပါတယ်.. တစ်ချို့ကျတော့ ဝါးလိုက်တာနဲ့ နူးနူးအိအိလေး ဖြစ်နေပါတယ်.. လတ်ဆတ်ပြီး နုနယ်လှတဲ့အသားတွေမို့လို့ အကြာကြီးလည်း ကင်နေစရာမလိုပါဘူး..  “ကင်တိုင်းမနူး”၊ “ဝါးတိုင်းသွားနာ”ဆိုင်တွေကို ကြုံဖူးထားတော့ ဒီဆိုင်လေးမျိုး စားကြည့်မိတဲ့အခါ မိုးနဲ့မြေလိုပဲ ကွာချင်းတိုင်း ကွာနေတော့တာပေါ့.. လတ်လတ်ဆတ်ဆတ်အသားတွေကို အော်ဒါမှာတော့မှ ပြင်ဆင်ပေးတာမို့လို့ လူများတဲ့အချိန်မှာ ဟင်းပွဲထွက်ဖို့ အချိန်ပေးရပါတယ်.. သရက်သီးအရသာ ပြည့်ဝနေတဲ့ Mango Smoothie လေးသောက်လိုက် အကင်လေးစားလိုက်နဲ့ Pop Corn တစ်ယောက် လောကစည်းစိမ်ကို ကောင်းကောင်းကြီး ခံစားနေပါတော့တယ်.. :D

ဆိုင်အပြင်အဆင်က ရိုးရှင်းပေမယ့် ခမ်းနားပါတယ်.. တခြားဆိုင်တွေနဲ့မတူတဲ့ ထူးခြားချက်ကို ကျွန်မတို့လို မိန်းမသားတွေပဲ သတိထားမိမယ်လို့ ထင်ပါတယ်.. ဘာလို့ဆို တခြားဆိုင်တွေမှာစားတိုင်း အပူဒဏ်ကြောင့် ကျွန်မတို့ရဲ့ မျက်လုံးမှာချယ်ထားတဲ့ Eye Liner တွေ အရည်ပျော်ကျ၊ မျက်နှာတစ်ပြင်လုံး အဆီတွေပြန်ပြီး သရဲရုပ် မထွက်ယုံတမယ်ပါပဲ.. ပြီးတော့ တစ်ကိုယ်လုံး အညှော်တွေစွဲလိုက်ပုံများ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို BBQကြီးလို့တောင်ထင်မိပါတယ်.. :D ဒါပေမဲ့ Manpuku မှာတော့ ဒီလိုအနံ့မျိုးတွေစွဲဖို့နေနေသာသာ အနံ့စွဲလွယ်တဲ့ဆံပင်မှာတောင် ဘာအနံ့မှမစွဲခဲ့ပါဘူး.. ဈေးနှုန်းကတော့ သက်သာတဲ့အထဲမှာ မပါပါဘူး.. အကင်ကိုအဓိကထားပြီး စားမယ်ဆိုရင်တော့ တော်တော်ကျပါလိမ့်မယ်.. Side Dishes၊ ထမင်းတို့နဲ့တွဲစားမှ ဗိုက်လည်းပြည့်သလို Budget လည်း လျော့ချနိုင်မှာဖြစ်ပါတယ်.. ဆိုင်ဝန်ထမ်းများ၏ ဝန်ဆောင်မှုကလည်း ပြောစရာမလိုလောက်အောင် ကောင်းမွန်လှပါတယ်.. ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ မျက်နှာတစ်ချက်မပျက်ကြပါဘူး.. တကယ်ကို ပျူငှာပြီး တာဝန်ကျေကြပါတယ်.. MyLann ရဲ့ သူငယ်ချင်းတွေလည်း Pop Cornလိုပဲ အရသာရှိတာတွေစားပြီး ပျော်ရွှင်စရာကောင်းတဲ့ ညနေခင်းတွေကို ခဏခဏ ပိုင်ဆိုင်နိုင်ကြပါစေလို့.. :D

                                                                                                          Pop Corn

 

http://www.mylann.com/restaurants/manpuku

 

Review ကို ဘာသာပြန်တဲ့အခါ သုံးရအောင် အခေါ်အဝေါ်တွေ မှတ်လာခဲ့တယ်နော်..

၁. ကင်မချီအစုံ - Assortment of Kimchi

၂. ကိုရီးယားရေညှိ - Korea Dried Seaweed

၃. အဏ္ဏဝါ ပီဇာ - Korean Seafood Pancake

၎. ပင်လယ်ရေမှော်သုပ် - Seaweed Salad, Sesame Oil & Soy Source Dressing

၅. ပဲကြာဇံသုပ် - Glass Noodle Salad

၆. တုန်ယမ်းဟင်းရည် - Tom Yam Kung

၇. အသီးအရွက်စုံနှင့် ကြက်ဥကျောက်အိုးထမင်း - Seasoned Vegetable & Egg with Rice in Hot Stone Bowl

၈. လိုင်းသား - Lion (Salt & Oil / Soy Source Garlic / Miso Flavor)

၉. ပခုံးသား - Shoulder (Salt & Oil / Soy Source Garlic / Miso Flavor)

၁၀. လျှာ - Tongue

၁၁. နှလုံး - Heart

၁၂. နို့အုံ - Breast

၁၃. အသားစုံ - Assortment of Meat