ဘယ်လိုတောင်တန်တဲ့ပရိုးမိုးရှင်းတွေပေးထားတာလဲ Pasta Mania ရယ် 566 views


ဒီတစ်ခေါက်က ပီဇာ၊ ပါစတာကြိုက်တဲ့သူတွေအတွက်….

Pasta Mania အကြောင်းပြောပြပေးချင်တာကြာပါပြီ။  အခုမှပဲ ဒီဆိုင်အေးဆေးရောက်ဖြစ်လို့။ ရောက်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလည်း ကိုယ့်ကိုချက်ချင်းအဲ့ထသွားရလောက် အောင် ဆွဲဆောင်တဲ့အရာကရှိနေတယ်လေ။ အဲ့ဒါဘာလဲမေးဆို…. ပရိုမိုးရှင်းပါ။ Monsoon Promotion. ပုံမှန်ဆိုရင်တော့ Pasta Mania မှာသိပ်သွားမစားဖြစ်ဘူး။ သူငယ်ချင်းနဲ့ချိန်းတယ်တို့ Gathering လုပ်တဲ့အခါမျိုးမှာမှပဲသွားဖြစ်တယ်။ ဘာလို့ဆို ကိုယ်စားတဲ့ပုံစံမျိုးနဲ့ဆို ဘတ်ဂျက်ထိသွားမှာစိုးလို့။ အခြားပီဇာဆိုင်တွေနဲ့ဈေးကမကွာပေမယ့်လည်းလေ အမြဲတမ်းတော့အဲ့ဒါတွေမစားနိုင်တာ ကျွန်မတစ်ယောက်ထဲလားပေါ့။ ထားပါ။ အခုလည်းပရိုမိုးရှင်းလေးရှိလို့ အက်မင့်လိုလူတွေအတွက် ဘက်ဂျက်ချွေတာတဲ့သူတွေအတွက် စားရအောင် ပြန်ညွှန်းပေးမှာပါ။

 

Pasta Mania မှာက အဓိကက Pizza, Pasta, Spaghetti, Snacks နဲ့ Drinks တွေရတယ်ပေါ့။ ဒါကတော့ခြုံငုံ ပြီး ပြောလိုက်တာပါ။ မီနူးလေ့လာချင်ရင်တော့ ဓါတ်ပုံရိုက်လာပေးပါတယ်။  

 

ပရိုမိုးရှင်း။ အားလုံးစိတ်ဝင်စားနေမယ့်ဟာလေး။ သူ့ရဲ့ပရိုမိုးရှင်းပေးထားတဲ့ Idea ကနည်းနည်းတော့မိုက်တယ် ဗျ။ လည်တယ်လို့လည်းပြောလို့ရတယ်။ :P ဘယ်လိုပေးထားလည်းဆို နေ့အလိုက်ပေးထားတာ။ တနင်္လာနေ့ဆိုတစ်မျိုး၊ အင်္ဂါတစ်မျိုး၊ ကြာသပတေးနေ့ထိကိုတစ်မျိုးစီ၊ သောကြာ၊ စနေ၊ တနင်္ဂနွေကကျတော့ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိပေးတာတွေကမှ ကြိုက်တာရွေးလို့ရတယ်။ နည်းနည်းရှုပ်သွားပြီထင်တယ်။ ရှင်းပြမယ်လေ။

 

သူက တနင်္လာနေ့မှာ Bolognese Item တွေထဲက ပီဇာဖြစ်ဖြစ်၊ စပါကတီဖြစ်ဖြစ် ဘာယူယူ Buy (1), Get (1) ပေးတယ်။ အင်္ဂါနေ့ဆိုရင်ကြိုက်တဲ့ ပီဇာ ဒါမှမဟုတ် ပါစတာတစ်ခုခုစားရုံနဲ့ Soft Drinks တစ်မျိုးမျိုးကို Free Flow ပေးတယ်။ ဗုဒ္ဓဟူးဆိုရင် ပီဇာ၊ ပါစတာကြိုက်တာတစ်ပွဲစား Galeto တစ်ပွဲလက်ဆောင်။ နောက် ကြာသပတေးကတော့ တစ်သောင်းဖိုးစားရုံနဲ့ Chessy Chicken Italian Fries ဒါမှမဟုတ် Chicken Cheese Sausage with Tomato Sauce တစ်ပွဲကြိုက်တာရွေးချယ်နိုင်တယ်။ Free ရမှာ။

သောကြာ၊ စနေ၊ တနင်္ဂနွေနေ့မှာသွားရင်တော့ အရှေ့ကပြောခဲ့တဲ့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး အဲ့ဒီပရိုမိုးရှင်းတွေထဲက ကြိုက်တာတစ်ခုဆွဲယူလို့ရတယ်။ ပိုပြီးရွေးချယ်စရာများတယ်ပေါ့။ ပိတ်ရက်လည်းဖြစ်တော့ Date မယ့်သူတွေ၊ Chill မယ့်သူတွေဆိုရင် အကိုက်ပဲ။

 

ကိုယ်တော့ဒီပရိုမိုးရှင်းတွေကိုလက်လွှတ်မခံခဲ့ပါဘူး။ Tasty Thursday လေးကိုအမိအရယူခဲ့တယ်။ အဲ့ဒါကတော့ ကိုယ်တွေးမိတာ အတန်ဆုံးနဲ့ အမိုက်ဆုံးလို့ထင်မိလို့။ ဘာလို့ဆို တစ်သောင်းဖိုးစားရုံနဲ့ Chessy Chicken Italian Fries မဟုတ်ရင် Chicken Cheese Sausage တစ်ပွဲရလို့။ တစ်သောင်းဖိုးကဘယ်လိုစားစား ပြည့်တယ်လေ။ ပြီးတော့ Chessy Chicken Italian Fries ကဆိုရင်တစ်ပွဲကိုဝယ်စားရင် (၅၈၀၀)ကျပ်လေ။ အခုတော့တစ်သောင်းဖိုးပြည့်ရုံနဲ့အဲ့ဒါရတယ်ဆိုတော့ တကယ်တန်လို့…။

 

နောက် ဒီကနာမည်ရပြီးသား၊ လူကြိုက်များပြီးသား ဆိုင်ရဲ့ Signature ဖြစ်တဲ့ Pasta တစ်ပွဲလည်းမဖြစ်မနေကို မှာစားခဲ့တယ်ဗျ။ ဆိုင်တစ်ဆိုင်မှာသူ့ရဲ့အကောင်းဆုံးဆိုတာရှိစမြဲပဲ။  ‘Carbonara’ ဆိုတာ။ ဒါလေးကတော့တော်တော်လေးမိုက်ပါ တယ်။ ကိုယ်ကအမှန်ဆို Pasta မကြိုက်ဘူး။ အီလို့…. တော်ရုံနဲ့မစားဖြစ်ဘူး။ အခုတော့ Signature လေးလည်းဖြစ်တယ်ဆိုတော့ စားသင့်ပါတယ်ထင်လို့ စားခဲ့ပြီ။ စားရကျိုးနပ်ပါတယ်။ သူကတခြား Pasta တွေနဲ့ မတူတာက စားရတာ ဆိမ့်ဆိမ့်လေးပဲ။ ဆိမ့်တဲ့အဆင့်မှာပဲ ရှိတယ်။ အီတဲ့နေရာကိုရောက်မသွားဘူး။ ပီးတော့ ပါစတာသားလေးတွေကလည်း နူးညံ့ပြီးအိအိလေး။ Bacon လည်းပါတယ်။ ချိစ့်အရသာလေးက ပါစတာမကြိုက်တဲ့ ကိုယ့်ကိုတောင် နောက်တစ်ခါဒါလေးထပ်စားပါ ပြောစရာမလိုအောင် ဆွဲဆောင်ထားနိုင်ခဲ့တယ် ဘယ်လိုတောင်လဲ Carbonara ရယ်…. ကြွေပြီလေကွယ် လို့ပြောရင်လည်း Haha က ပေးကြအုံးမယ်…. တစ်ပွဲကိုတော့ (၉၀၀၀)ကျပ်ပဲ။ ပရိုမိုးရှင်းထဲတော့မပါဘူး။ ဒါမဲ့အဲ့ရောက်ဖြစ်ရင်တော့ ဒါလေးတစ်ပွဲတော့မဖြစ်မနေမြည်းစမ်းကြည့်သင့်လို့ လက်တို့ပေးခဲ့ပါတယ်။

 

နောက် အကြိုက်ဆုံးတွေထဲကပဲ ပီဇာအကြောင်းလေးပြောရအုံးမယ်။ မပါမဖြစ်လေးအနေနဲ့ပြောရမှာ။ ကိုယ်တွေစားခဲ့တာက Chicken Bolognese Pizza  ပေါင်မုန့်သားပါးပါးလေးပဲ။ ဒါမဲ့မွမွလေး။ မာတောင်တောင် ဖြစ်မနေလို့စားရတာလည်းအဆင်ပြေတယ်။ သူကရှစ်စိတ်ပါတယ်။ စားလို့တောင်မဝနိုင်ဖူး။ ကုန်မှာစိုးလို့ ဖြေးဖြေးချင်းလည်းစားရတယ်။ ဟီး

 

ပြီးတော့ Bolognese Spaghetti - စပါကတီစားမယ်ဆို ဘယ်နေရာရောက်ရောက် Bolognese ပဲစားဖြစ်တဲ့ ကိုယ့်အတွက် ဒီမှာ ပရိုမိုးရှင်းပါရှိနေတော့ စားဖို့ပိုပြီးတောင်တွန်းအားပေးခဲ့သလိုဖြစ်ခဲ့တယ်။ အအီမကြိုက်တဲ့ ကိုယ့်အတွက်သိပ်စားကောင်းသလို တော်တော်လေးလည်းစိတ်ကျေနပ်ရတယ်။ ဒါလေးစားလိုက်တာ…။ သူကတော့တစ်ပွဲကို (၈၅၀၀)ကျပ်တဲ့။

 

ကိုယ်တွေပရိုမိုးရှင်းကိုအမိအရယူခဲ့တဲ့ Chessy Chicken Italian Fries ကတော့အအီမကြိုက်တဲ့ကိုယ်တောင် တော်တော်လေးကြိုက်တယ်။ သူ့ရဲ့အနှစ်လေးတွေ၊ ကြွပ်ကြွပ်ကြွပ်ကြွပ်နဲ့အဖက်လေးတွေကစားကောင်းသလို စားနေကျပုံစံမျိုးလေးလည်းမဟုတ်လို့ တစ်မျိုးလေးခံစားပြီးစားကောင်းတယ်။

 

အအေးဆိုရင်တော့ Soft Drinks သောက်ခဲ့တယ်။ Calamansi Cooler ဆိုလည်းချဉ်သလိုလို၊ ဘာလိုလိုလေးနဲ့။ အအီပြေတယ်။ တစ်ခွက်ကို (၃၂၀၀)ကျပ်တဲ့။

 

စားလို့သောက်လို့ပြီးပြီ။ ပိုက်ဆံရှင်းမယ်ဆိုလည်းသိပ်မကျတော့ဘူး။ ပရိုမိုးရှင်းလည်းရှိတော့ စားထားသလောက်လည်းပေးစရာမလိုဘူးဆိုတော့ သဘောတွေ့တာပေါ့။  ဒီဆိုင်လေးကအေးအေးဆေးဆေးနဲ့ ဒိတ်မယ်ဆိုတဲ့သူတွေ၊ သူငယ်ချင်းနဲ့ Gathering လုပ်မယ့်သူတွေ၊ ပီဇာ၊ ပါစတာအသည်းစွဲတွေအတွက် သင့်တော်တဲ့ဆိုင်လေးတစ်ဆိုင်ပါ။ စားရသောက်ရတာလည်းအဆင်ပြေတယ်။ ပရိုမိုးရှင်းလည်းရှိနေတယ်။ ဒါနဲ့ August (၁၅)ရက်နေ့အထိပဲနော်။ ပရိုမိုးရှင်းရမှာ။

 

ဒီနေ့ကလည်းသောကြာနေ့ဆိုတော့ စနေ၊ တနင်္ဂနွေ အပြင်သွားမယ်ဆိုတဲ့သူတွေအတွက် အသေချာလေး လမ်းညွှန်ပေးခဲ့ပါပြီ။ ဆိုင်ကအင်းလျားလမ်းထဲမှာပါ။ ဓမ္မစေတီလမ်းမီးပွိုင့်နဲ့နီးတယ်။ Private Room လည်းရှိသလို ပွဲတွေ၊ ဘာတွေအတွက်လည်းအဆင်ပြေတယ်။

 

ကဲကဲ… TGIF ဘယ်သွားကြမှာလည်း။ စနေ၊တနင်္ဂနွေဘာလုပ်ကြမှာလဲ… အက်မင်တော့မေးလိုက်ပြီနော်။

 

Honey (MyLann)