Pezzo Pizza 924 views


ခုတလော လှည်းတန်းစင်တာဘက်ကို ခဏခဏရောက်ဖြစ်တယ်။ စားစရာ ဆိုင် ကောင်းကောင်းလေးတွေကလည်း တစ်ခု ပြီး တစ်ခု ဖွင့်လာတော့ ရွေးချယ်စရာတွေလည်း နည်းနည်းများလာတယ်။ လှည်းတန်း စင်တာ ပတ်ရင်း တစ်ခုခု စားမယ်လုပ်တော့ Basement ထပ်မှာ ဆိုင်အသစ် တစ်ခု တွေ့ တယ်။ Pezzo Pizza ဆိုတဲ့ ဆိုင်လေးပါ။

သူက ထူးထူးခြားခြား တစ်စိတ်ချင်းလည်း ရောင်းပေးတဲ့ ပီဇာဆိုင်ပါတဲ့ ။ ပုံမှန်ဆို ပီဇာ စားမယ်လို့ စဉ်းစားလိုက်ရင် တစ်ယောက်ထဲလည်း တစ်ခြပ်လုံး မကုန်တော့ ဘော်ဒါတွေနဲ့  စုနေရတာက အလုပ်တစ်ခုနော်။ ဒီတစ်ခါတော့ တစ်စိတ်ချင်း ကိုယ်ကြိုက်တာ ရွေးစားလို့ ရတယ် ဆိုတော့ မဆိုးဘူးပေါ့။ ဒါနဲ့ ဆိုင်ကို နည်းနည်းလေး မေးကြည့်တယ်။ ဘာတွေကောင်းလဲ ? ဘာတွေ ရလဲပေါ့ ..

သူက ပီဇာအမျိုးအစား ဆယ်မျိုးလောက် ရပါတယ်တဲ့။ တစ်စိတ်ချင်း လည်း ရောင်းသလို ကိုယ် နှစ်သက်သလို တစ်ခြပ် ဒါမှမဟုတ် တစ်ဝက် ၊ သုံးစိတ် အထိ မှာစားလို့ ရတယ်။ အမျိုးအစားကလည်း ဆယ်မျိုးလောက် ရှိတော့ မတူတဲ့ အရသာကို ကြိုက်တဲ့အစိတ်လိုက် ရွေးပြီး တစ်ခြပ်စာလောက်ယူလည်း အဆင်ပြေတယ်။ ကိုယ်စားချင်တဲ့ ဟာကို စောင့်စရာမလိုဘဲ အပူပေးထားတဲ့ မှန်ဘောင်လေးမှာ လက်ညိုးထိုးရွေးရင်း ချက်ချင်းစားလို့ ရတယ်။

ဒါနဲ့  စိတ်ဝင်စားသွားပြီ တစ်စိတ်လောက် အရင်မြည်းကြည့်တော့ Hot Chick ဆိုတဲ့ ဟာလေးပါ။ ကြက်သားနဲ့ ငရုတ်ပွသီးလေးတွေပါတဲ့ဟာ ။ စားလို့ တော်တော် ကောင်းတယ်။ ပူတုန်းလေးစားရတာ ဆိုတော့ ပါးစပ်ထဲမှာ ဝါးလိုက်ရင် အသား၊ချီစ်၊ဆော့တွေက ရောပြီး မွှေးနေတာပဲ။ တစ်စိတ်ဆိုပေမဲ့ အပြင်မှာ ကိုယ်တွေ အရင် စားနေကြ ပီဇာ နှစ်စိတ်စာလောက် ရှိတယ်။ တကယ်ကြိုက်တာက ဆိုင်မှာ ထိုင်ပြီး စောင့် စားစရာမလိုပဲ ကိုယ်စားချင်တဲ့ ပီဇာတစ်စိတ် ပူပူနွေနွေးလေးကို လက်ညိုးထိုးပြီး Take Away ယူ ၊ ပြီးရင် လှည်းတန်းစင်တာလေး ပတ် ။ ထည့်ပေးတဲ့ ဘူးလေးမှာ ထုတ်ထုတ်ပြီး စားရတာကိုပဲ။ လွတ်လွတ်လပ်လပ် ဖီလင်ရှိတယ်။ ဈေးကလည်း တစ်စိတ်ကို ၂၇၀၀ ကျပ်တန်နဲ့ ၃၃၀၀ ကျပ်တန်ဆိုပြီး အစားအစား ရှိပါတယ်။ တစ်စိတ်ကို အကြီးကြီး ခွဲထားပေးတော့ ဗိုက်လည်း ဝတယ်။

ပီဇာကလည်း ၁၀ မျိုး ရွေးချယ်စားလို့ ရတယ်။ ကြက်သား ကြိုက်တဲ့ သူတွေအတွက်ဆိုရင် Chicken delight , BBQ Chicken , Hot Chick ကောင်းတယ်။

အသားမကြိုက်တဲ့သူတွေ အတွက် ချီစ် သီးသန့် ဆို Cheeesy Cheese ရှိတယ်။

Turkey ဆိုတဲ့ ကြက်ဆင်သားနဲ့ ဆိုရင် Supremo , Hola Hawaiian ကောင်းတယ်။

အမဲသား ကြိုက်တဲ့သူဆိုရင်တော့ meat muchers , Mexicana , pepperoni party , big daddy စတာတွေကောင်း။ အသီးအရွက်သမားအတွက်လည်း Very Veggie ဆိုတာ ရှိတယ်။

တစ်စိတ်ချင်းကို ၂၇၀၀ နဲ့  ၃၃၀၀ တန်ဆိုပြီး အစားစားရှိသလို။
သုံးစိတ်ကို ၈၁၀၀ နဲ့ ကြိုက်တဲ့ အစိတ်ရွေးဝယ်စားလို့ ရတယ်။
တစ်ခြပ်လုံး ယူမယ်ဆိုရင်လည်း အရသာမတူတာ ၆ခြပ်လောက်ကို ၁၅၉၀၀
နဲ့ ရောင်းပါတယ်တဲ့။ တွက်ကြည့်ရင် ဈေးတွေလည်းလျော့ထားပေးသေးတယ်။ ဆိုတော့ တန်မှတန်ပဲ။ အရွယ်အစားကလည်း ၁၄ လက်မအကျယ်ရှိပါတယ်တဲ့ ။

ကဲ အစားအသောက် ဆိုရင် လက်မနှေးတက်တဲ့ MyLann မိတ်ဆွေများရေ.. ရှော့ပင်ထွက်ရင်းပဲ စားစား ၊ ဘော်ဒါတွေနဲ့ မိုးအေးတဲ့ အချိန် တစ်အိမ်အိမ်မှာ စုပြီး အရသာ ပူပူနွေးနွေးလေးကို စားချင်တယ် ဆိုရင် Pezzo Pizza လည်း မဆိုးဘူးလို့ ။ တစ်ယောက်တစ်စိတ်ချင်းလည်း ရတော့ ခေါင်းစားစရာမလိုတော့ဘူး ဆိုတာ လက်တို့ လိုက်ပါတယ်။

Pezzo Pizza
လှည်းတန်းစင်တာ
Basement 1 (B1) – 04 ,
ပြည်လမ်း နဲ့ လှည်းတန်းလမ်းထောင့် ၊ ရန်ကုန်။

Fred ( MyLann)