Restaurant "Café Café" @ Hotel Parami Yangon 1002 views


Restaurant "Café Café" @ Hotel Parami Yangon

Hotel Parami ဆိုရင် MyLannရဲ့ ပရိတ်သတ်ကြီးနဲ့ အထူးတလည် မိတ်ဆက်ပေးစရာလိုမယ် မထင်ပါဘူး။  MyLann ကစီစဉ်တဲ့ Beach in the City ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသော Pool Party ကို ခြိမ့်ခြိမ့်သဲ၊ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ နေရာဆိုလည်း မမှားပါဘူး။ အခုတစ်ခါ ထပ်မံပြီး သတင်းကောင်းပါးချင်တာကတော့ သာမန်စားသောက်ဆိုင် တစ်ဆိုင်မှာရောင်းချနေတဲ့ဈေးနှုန်းနဲ့ ကြယ်(၄)ပွင့်အဆင့်ရှိဟိုတယ်မှာ အရသာပြည့်ဝကောင်းမွန်တဲ့ အိန္ဒိယအစားအစာနဲ့ အခြားအစားအစာတွေကို ဈေးသက်သက်သာသာ သုံးဆောင်နိုင်မယ့် အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဟိုတယ်ပါရမီရဲ့ ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ "Café Café" ဆိုတဲ့ All Day Dining Restaurant မှာ ထူးခြားတဲ့ အစီအစဉ်အသစ်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ နိုင်ငံတစ်ခုစီရဲ့ အစားအစာများကို Set Menu အဖြစ်တွဲစပ်ပြီး အသက်သာဆုံးဈေးနှုန်းနဲ့ ရောင်းချပေးမှာပဲဖြစ်ပြီး (၁၀)ရက်လျှင် တစ်ကြိမ် နိုင်ငံတစ်ခုချင်းစီ ပြောင်းသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ စီစဉ်ပွဲထုတ်လိုက်တာကတော့ "Passage Through India" ပါပဲ.. Three-Course Menu ဖြစ်ပြီး Appetizer, Main Course နှင့် Dessert ဆိုပြီးပါဝင်ပါတယ်။ Appetizer နဲ့စတင်မိတ်ဆက်ပေးပါ့မယ်။ Mini Vada Pav Slider with Mint Coriander Chutney ဆိုတဲ့ ပေါင်မုန့်လုံး အငယ်စားလေးထဲမှာ မွှေးပျံ့ပျံ့အာလူးကတ်တလစ်လေးညှပ်ထားပြီး ပုံမှာမြင်ရတဲ့ နံနံပင်၊ ပူစီနံအရည်ပျစ်ပျစ်လေးနဲ့ တွဲဖက်သုံးဆောင်ရတဲ့ Appetizer ပဲဖြစ်ပါတယ်။ အစာစားချင်စိတ်ကို အမှန်တကယ်ဖြစ်ပေါ်စေတဲ့ အစားအစာလေးပါပဲ။ အာလူးရဲ့ အနံ့အရသာကို နှစ်သက်မိသလို Chutney ရဲ့ကောင်းမွန်စွာ ဖော်စပ်နိုင်မှုကိုလည်း အသိအမှတ်ပြုရပါတယ်။ ပြီးနောက် Main Course ကိုတော့ ရွေးချယ်စရာ (၂)မျိုးပေးထားပါတယ်။ အသားနဲ့ဖြစ်စေ၊ သက်သက်လွတ်ဖြစ်စေ ရွေးချယ်လို့ရပါတယ်.. ကျွန်မကတော့ အသားပါတဲ့ Whole Chicken Leg Tandoori, Cumin Basmati Rice, Kachumbar Salad, Papadum Cracker set menu ကို ရွေးချယ်သုံးဆောင်ကြည့်ခဲ့ပါတယ်။ ကြက်ပေါင်ကို အမွှေးနံ့သာ၊ ဒိန်ချဉ် စတာတွေနဲ့ အရသာအတွင်းပိုင်းထိဝင်အောင် (၂၄)နာရီတိတိ နှပ်ထားပြီး စားခါနီးမှ ကင်ပေးပါတယ်.. ကြက်ပေါင်တစ်ခုလုံးဟာ အနံ့အရသာနဲ့ ပြည့်စုံရုံမျှမက အရေခွံမှအစ အရိုးနားကပ်နေတဲ့ အသားမျှင်လေးတွေအထိ စွဲမက်စရာ မွှေးရနံ့နဲ့ ထိထိမိမိ အရသာတို့က လျော့ကျမသွားဘဲ ကောင်းမွန်လွန်းလှပါတယ်။ စမုံစပါး၊ ဇီရာစေ့တို့နဲ့ ချက်ပြုတ်ထားတဲ့ ထမင်းဟာလည်း မွှေးမွှေးကြိုင်နဲ့ စားချင်စဖွယ်ပါ။ ထမင်းနှင့် ကြက်ကင်ကို မြိန်ယှက်စွာ သုံးဆောင်ပြီးတဲ့အချိန်မှာတော့ Chef ရဲ့ အထူးပြုလုပ်ထားတဲ့ Hotel Parami ၏ Signature လို့ဆိုနိုင်တဲ့ ကူလ်ဖီးရေခဲမုန့်ကို အချိုတည်းကြည့်တော့ "အော! ဒါကြောင့် Signature အဖြစ်သတ်မှတ်ထားတာပါလား.." လို့ သုံးသပ်မိပါတယ်။ လူတိုင်းကြိုက်ကြတဲ့ ကူလ်ဖီးထဲမှာ မွှေးနေစေမယ့် ဟင်းခတ်တစ်ခုကို ထည့်ထားပြီး Almond စေ့ကို ပါးပါးလှီးကာ ဖြူးပေးထားတဲ့ ဒီရေခဲမုန့်လေးဟာ တကယ်ကို ပြီးပြည့်စုံစေပါတယ်။ ဒါနဲ့ Menuကို ထပ်ကြည့်ကြည့်တော့ Coffee (သို့) Tea တစ်ခုခု သုံးဆောင်နိုင်သေးတယ်ဆိုတာနဲ့ ကော်ဖီသရဲကျွန်မ စိမ့်စိမ့်လေးနဲ့ မွှေးတဲ့ Cappuccino တစ်ခွက်နဲ့ လောကစည်းစိမ် အပြည့်အဝ ခံစားခဲ့ပါတယ်။ အခုပြောသွားတဲ့ အစားအစာအားလုံးရဲ့ ကျသင့်ငွေကတော့ "US$9.90"  ပဲကျသင့်မှာဖြစ်ပါတယ်။ တစ်ခါက ကျွန်မသွားစားခဲ့ဖူးတဲ့ ရိုးရိုးစားသောက်ဆိုင်က Set Menuထက် ဈေးသက်သာနေတာကြောင့် အံ့သြမိခဲ့ရပါတယ်။ နောက်တစ်ခုက ဟင်းတွေရဲ့အရသာကို ပိုင်ပိုင်နိုင်နိုင် ချက်ပြုတ်နိုင်တာ သတိထားမိပါတယ်။ ပြီးတော့ အရသာအားလုံးဟာ အပိုအလိုမရှိဘဲ ပြေပြစ်လှပါတယ်။ အချိန်က နံနက် (၁၁:၀၀)နာရီ မှ ည (၁၀:၃၀)ထိ စားသုံးနိုင်မှာဖြစ်ပြီး၊ ဇွန်လ (၁၁)ရက် မှ (၂၀)ရက်နေ့ထိပဲ ရောင်းချပေးမှာ ဖြစ်တဲ့အတွက် မြန်မြန်သွားစားထားမှ စိတ်ချရမှာမို့လို့ ဒီနေ့ပဲအရောက်လှမ်းလိုက်ကြမယ်နော်..

 

http://www.mylann.com/yangon/places/detail/restaurant-caf-caf-hotel-parami