Shake Food House 824 views


ပြီးခဲ့တဲ့ရုံးပိတ်ရက်က မရောက်တာကြာပြီဖြစ်တဲ့ Junction Mawtin ကို ကျွန်တော်တို့ သူငယ်ချင်းတစ်စု ရောက်ဖြစ်ခဲ့တယ်။ သိတဲ့အတိုင်းပဲ Shopping Center ဆိုတော့ ဈေးဆိုင်တွေနဲ့ပြည့်နေတာ…အဲ့ဒီတော့ ရောက်တုန်းရောက်ခိုက်ဆိုပြီး တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ပတ်ကြည့်ဖြစ်တယ်…ဘာမှတော့ မဝယ်ဖြစ်ဘူးဗျ။ ခဏနေတော့ ထုံးစံ အတိုင်း အချိန်က ၁၂ နာရီကျော်ပြီမို့ ဗိုက်ကအချက်ပြနေပြီ…အဲ့တော့ သူငယ်ချင်းတွေနဲ့ ဟိုဟာစားမယ် ဒီဟာစားမယ် ငြင်းခုန်ရပြီပေါ့။ နောက်ဆုံးတော့ မထင်မှတ်ဘဲ Junction Mawtin ရဲ့ မျက်စောင်းထိုး အနော်ရထားလမ်းနဲ့ လမ်းသစ်လမ်းထောင့်နားက Shake ကိုရောက်ခဲ့တယ်။

နာမည်က Shake ဆိုတဲ့အတိုင်း Menu ကြည့်လိုက်တော့ Cold Drink နဲ့ Milk Shake တွေအစုံရတယ်။ ရည်ရွယ်ချက်က ဗိုက်ဖြည့်ဖို့ဆိုတော့ Soft Drink ကို ခဏထားပြီး Hard Food လိုင်းကို တချက်ကြည့်လိုက်တော့ မစားတာကြာပြီဖြစ်တဲ့ ကတ်ကြေးကိုက် ကိုမှာလိုက်တယ်...ကိုယ့်ဗိုက် အကြောင်း ကိုသိနေတော့ ကတ်ကြေးကိုက် အပြင် ဆိုင်ရဲ့ နာမည်ကြီး လျှာကျွမ်းပြန် ကော်ရည်ခေါက်ဆွဲ ဆိုလားဘဲ အဲ့ဒါပါ ထပ်မှာလိုက်တယ်။ သိပ်မကြာပါဘူး ခဏနေတော့ Waiter က အကိုရပြီတဲ့ လာချတော့ အားပါးပါး ကြည့်လိုက်တာနဲ့ ဗိုက်ပါပြည့်ချင်သလိုဖြစ်သွားတယ်။ ပင်စိမ်းနဲ့ ငရုပ်သီးစိမ်း အနှံ့မွှေးနေတဲ့ ကတ်ကြေးကိုက်၊ မြင်လိုက်တာနဲ့စားချင်စရာ ကော်ရည်ခေါက်ဆွဲ၊ တကယ်တမ်းဆွဲဆောင်တာက ဘေးက ငပိထောင်း ဖြစ်နေတယ်။ ဗိုက်ဆာနေတာနဲ့သူငယ်ချင်းတွေကိုမစောင့်ဘဲ အရင်စားနှင့်လိုက်တယ်။

မစားတာကြာလို့ဘဲလားမသိ ကတ်ကြေးကိုက် ကတော်တော်စားလို့ကောင်းတယ်ဗျ။ ကြက်ဥရယ် ကြက်သားရယ် ရောကြော်ထားတဲ့ ညှပ်ခေါက်ဆွဲ ကို အနံ့ အရသာ ပိုကောင်းသွားအောင် ငရုပ်သီး စိမ်း နဲ့ ပင်စိမ်းရွက် လေးပါရောကြော်ထားတာဆိုတော့ တခြားဆိုင်တွေနဲ့ မတူဘဲ ပိုမိုထူးခြားပြီးတော့ စားချင်စရာဖြစ်နေတယ်။ ပြီးတော့ ကော်ရည်ခေါက်ဆွဲကို အရင်ကလည်းစားဖူးပြီးသားဆိုတော့ မစားတော့ဘူး ပေါ့ အခု သူ့ဟာက လျှာကျွမ်းပြန် ကော်ရည်ခေါက်ဆွဲဆိုတော့ နဲနဲ အထူးအဆန်းဖြစ်နေတာနဲ့ မှာစားလိုက်တယ်။ နာမည်နဲ့ လိုက်တယ်လို့ဘဲပြောရမလား ကော်ရည်ခေါက်ဆွဲက တော်တော်စားလို့ကောင်းဗျ။ တကယ်တမ်း မိုက်တာက ဘေးက ငပိထောင်း။ စားလို့ကလည်းကောင်း ငပိထောင်းကြိုက်သူဆိုတော့ ငပိထောင်း တစ်ခွက်ပီး တစ်ခွက်မှာစားပလိုက်တယ်။ စားပြီးတော့ လျှာကျွမ်းပြန် ဆိုတဲ့ အတိုင်း လျှာပါကျွမ်းပြန်ချင်သလို ဖြစ်သွားတယ်။

Shake မှာ ကတ်ကြေးကိုက် ၊ ကော်ရည်ခေါက်ဆွဲအပြင် တခြား ပသျှူးထမင်းကြော် ၊ ထမင်းပေါင်းကအစ ရှမ်းခေါက်ဆွဲ ၊ မြှီရှည် အဆုံး Cold Drink ၊ Hot Drink တွေကလည်းအစုံ ဆိုတော့ အေးအေးဆေးဆေး နဲ့ ဗိုက်ဖြည့်လို့ ကောင်းတယ်ဆိုတဲ့ အကြောင်း မိတ်ဆွေတို့ အတွက် မျှဝေလိုက်ပါတယ်။

Htain Lin ( MyLann)