ပင်လယ်စာကိုမှ တိုင်းရင်းသားရိုးရာပုံစံလေးတွေအတိုင်း ခံစားရစေမယ့် ‘ရွှေကြာနီ’ 507 views


သင်္ကြန်တစ်တွင်းလုံးစားသောက်ဆိုင်တွေကလည်းအစုံမဖွင့်တော့ စားချင်တာမစားရတာတောင် တော်တော်ကြာခဲ့ပြီ…. စမ်းချောင်း၊ ကျောင်းကုန်းလမ်းထဲမှာရှိတဲ့ဒီဆိုင်လေးမှာ ဒီဆိုင်လေးက ဖွင့်ထားတာလည်းတော်တော်ကြာသလို ကြားဖူးတာလည်းကြာပါပြီ။ ဈေးများတယ်၊ ဘာညာပြောကြတာနဲ့မသွားဖြစ်တာ။ သွားစားဖူးတဲ့သူငယ်ချင်းတစ်ယောက်ကိုမေးမြန်း၊ သူ့ပေ့ခ်ျလေးထဲလည်းဝင်ကြည့်ပြီး မဆိုးဘူးထင်လို့ သွားစားဖြစ်ခဲ့တယ်။ ဒီမှာက ပင်လယ်စာတွေကိုမှ တိုင်းရင်းသားရိုးရာစတိုင်တွေနဲ့ရနိုင်တယ်။ တချို့ကျတော့ ပင်လယ်စာကြိုက်တယ်။ အရသာအသစ်အဆန်းလေးတွေလည်း စားချင်တယ်ဆိုတဲ့သူတွေ အတွက် ဒီဆိုင်လေးကိုညွှန်းချင်တာပါ။ နောက် သူက ကြက်၊ ဝက်၊ ပင်လယ်စာပဲရတယ်။ အမဲသားမရဘူး။ ဈေးတွေကထင်ထားသလောက်သိပ်မကြီးပါဘူး။ အသီးအရွက်နဲ့ ပတ်သတ်ရင် (၁၅၀၀)၊ (၂၀၀၀)၊ (၂၅၀၀)ပတ်ဝန်းကျင်ပဲ။ အသား၊ ပင်လယ်စာတွေနဲ့ပတ်သတ်တာတွေက တစ်ပွဲကို (၃၅၀၀)၊ (၄၀၀၀)၊ (၅၀၀၀)ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ အဲ့ဒီထက်များတာဆို (၇၅၀၀)တို့ (၁၅၀၀၀)တန်တွေရှိတယ်။ အစားအစာတွေလည်း ပါတာများတော့ အဲ့ဒါမျိုးဆို လူများများနဲ့သွားစားရင် ပိုမိုက်တယ်။ (မီနူးလေးတွေပုံထဲမှာထည့်ပေးထားပါတယ်။ ဈေးနှုန်းလေးတွေအဲ့ဒီမှာကြည့်နိုင်ပါတယ်) ဆိုင်ကနှစ်ထပ်ရှိတယ် ဆိုတော့ အေးအေးဆေးဆေးထိုင်ချင်ရင်တော့အပေါ်ထပ်မှာထိုင်တာကောင်းတယ်။ ပြတင်းပေါက်အဝနားတွေမှာဆိုရင်လည်း ခုံပုလေးတွေနဲ့ ထိုင်လို့ရတယ်။ စကားအေးဆေးပြောချင်တဲ့သူတွေ အတွက်လည်းအဆင်ပြေသလို၊ မိသားစုထမင်းဝိုင်းတွေအတွက်လည်း သင့်တော်ပါတယ်။ ဆိုင်ကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ သီချင်းအေးအေးလေးတွေဖွင့်ထားတတ်တယ်။ ဆိုင်အောက်ထပ်မှာဆိုရင်လည်း အဝင်အဝမှာ စာရွက်ရောင်စုံလေးတွေကပ်ထားတာ ချစ်စရာလေးတွေ။ အဲ့ဒီမှာ ကိုယ်ကြိုက်တဲ့စာလေးတွေ ရေးခဲ့လို့ရတယ်။ အမှတ်တရဖြစ်ဖို့နဲ့ အပျော်လေးပေါ့။ ဒီဆိုင်ရဲ့အစားအစာတွေထဲမှာမှ ကိုယ်တွေစားခဲ့တာလေးတွေအကြောင်းပြောပြပေးချင်ပါတယ်။ ကမ်းခြေထမင်း - နာမည်ကတော့အဆန်းပဲ။ ကမ်းခြေထမင်းဆိုတော့ဘယ်လိုလဲပေါ့။ သူကကျတော့ကမ်းခြေ မှာရတဲ့စတိုင်မျိုး။ အဲ့ဒီမှာ ထမင်းဆိုရင် အုန်းသီးထဲကိုထည့်ပေးထားတယ်။ ထမင်းကသုံးယောက်လောက် အနည်းဆုံးစားလို့ရတယ်။ သူကကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ အုန်းသီးအရသာလေးတွေလည်းပါလို့ ဆိမ့်သလိုလိုလေးလည်းရှိသလို စပ်သလိုလိုလေးလည်းပဲပါတယ်။ အဲ့ဒါနဲ့တွဲစားဖို့က ပုစွန်၊ ဂဏန်း၊ ပြည်ကြီးငါး၊ ဂုံးနဲ့ အခြားအာလူး၊ မှို၊ ပြောင်းဖူးတွေနဲ့ချက်ထားတဲ့ ကမ်းခြေစတိုင်ပင်လယ်စာဟင်းလေးပါတယ်။ စားနိုင်တဲ့လူတွေဆို နှစ်ယောက်စာတော့အနည်းလေးရတယ်။ အရသာကလည်း ချက်ထားတာ ခရမ်းချဉ်သီးလေးနဲ့ဆိုတော့ ပုံမှန်ကပင်လယ်စာတွေကိုချက်ရင်အဲ့လိုမျိုးတွေမစားဖူးတော့ အပြောင်းအလဲလေး လည်းစားလိုက်ရတယ်။ စပ်တာလည်းတော်တော်လေးစပ်ပါတယ်။ အဲ့ဒီမှာထပ်ပါတာက အုန်းစိမ်းရေ။ ဒါတော့ ကိုယ်တွေတစ်ဖွဲ့လုံးကြိုက်တယ်။ အေးအေးချိုချိုလေး။ သူကနှစ်ခွက်ပေးတယ်။ အကယ်၍ထပ်သောက်ချင်ရင် အုန်းသီးတစ်လုံးကို (၁၈၀၀)ဆိုလားပဲ။ အချိန်မရွေးလည်းရတယ်တဲ့။ အုန်းစိမ်းရေလေးတော့ရောက်ရင်သောက် ခဲ့ကြအုံးနော်။ ဒီကမ်းခြေထမင်းက နှစ်ယောက်စာ Set လိုမျိုးဖြစ်နေတာ။ ဒါပေမယ့် တကယ့်တကယ် အခြားဟင်းနဲ့ရှယ်စားမယ်၊ ဆို သုံးယောက်လောက်တော့စားရတယ်။ ဈေးနှုန်းက အဲ့ဒီသုံးမျိုးပေါင်းမှ (၁၅၀၀၀)ကျပ်။ ဒါလေးကတော့ကမ်းခြေလည်းသွားစရာမလိုပဲ ကမ်းခြေမှာစားရတဲ့အရသာလေးအတိုင်း ရနိုင်မှာပါ မှိန်းဟေတုံ - တိုင်းရင်းသားအခေါ်ပေါ့နော်။ သူကတော့ ဝက်သားကိုမှ ချဉ်ချဉ်လေးနဲ့စပ်စပ်လေးဖြစ်အောင် ချက်ထားတာ။ ဈေးနှုန်းကတော့ (၄၀၀၀)၊ ဝက်သားမစားတဲ့သူတွေအတွက်လည်း ကြက်သားနဲ့ ငါးကတစ်ပွဲကို (၃၅၀၀)ကျပ် ကြက်ကချင်ချက် - ဒါကတော့ လူတိုင်းနဲ့လည်းရင်းရင်းနှီးနှီးရှိနေမှာပါ။ သူ့ကိုချက်ထားတာ တော်တော်လေးစပ် တယ်။ အစပ်ကြိုက်တဲ့ကိုယ်လိုလူတွေအတွက်အဆင်ပြေသလို၊ အစပ်မစားနိုင်ဖူးဆိုရင်တော့ ထမင်းနဲ့တွဲစားရင် အဆင်ပြေနိုင်ပါတယ်။ သူကတော့တစ်ပွဲကို (၃၉၀၀)ကျပ်။ သူလည်း နှစ်ယောက်လောက်တော့ စားရတယ်။ ပုစွန်မိုရာ - သူကပုစွန်ချိုချိုလေးတွေကိုမှ အစပ်အရသာလေးဖြစ်အောင်ချက်ထားတာ။ ငရုတ်သီးတွေလည်းအများကြီးပါတော့ အစပ်စားတဲ့သူတွေတော့အကြိုက်တွေ့စေမှာ။ နှစ်ယောက်၊ သုံးယောက်လောက်စားလို့ရတဲ့ ဒီဟင်းလေးက ပွဲသေးတစ်ပွဲကို (၇၅၀၀)ကျပ်။ လူများတယ်ဆို ပွဲကြီးလည်း ရှိတယ်တဲ့။ ရှင်မချက် - သူကတော့ပုစွန်နဲ့ ကက်ကတစ်အပြင် မုန်လာဥဖြူ၊ မုန်လာဥနီ၊ ရုံးပတေသီး၊ ရွှေပဲသီး စတဲ့ အသီးအရွက်တွေနဲ့ချက်ထားတာ။ တောချက်ပုံစံလေး။ ဒီဟင်းပွဲလေးကမစပ်တဲ့အတွက် အစပ်မစားတဲ့သူတွေ အတွက်ပါနော်…. သူကတော့တစ်ပွဲကို (၅၅၀၀)ကျပ်။ အခြားလူကြိုက်များတဲ့ဟင်းပွဲတွေဆိုရင် မွန်တံငါသည်ဟင်း၊ ဂဏန်းချဉ်စပ်၊ ကရင်ထမင်းထောင်း၊ ကဗအုတ်၊ ခရမ်းချဉ်သီးမီးဖုတ်ထောင်းတွေကောင်းတယ်တဲ့။ အုန်းစိမ်းရေလေးတော့သောက်ခဲ့ကြနော်…. အခုလောက်ဆိုရင် ဈေးတွေလည်းခန့်မှန်းမိမှာပါ။ တစ်ယောက်၊ နှစ်ယောက်လောက်သွားမယ်ဆိုလည်း ဟင်းပွဲတစ်ပွဲချင်းဈေးနှုန်းလေးတွေကသင့်တင့်ပါတယ်။ လူများတယ်ဆိုရင်လည်း ဟင်းပွဲအကြီးတွေရှိတယ်။ ပုံမှန်စားနေကျအရသာမျိုးမဟုတ်ပဲ တိုင်းရင်းသားရိုးရာစတိုင်နဲ့ အရသာမျိုးတွေရတာမို့ ပင်လယ်စာကြိုက်တဲ့သူတွေအတွက်ရော၊ တိုင်းရင်းသားအစားအစာစားချင်တဲ့သူတွေအတွက်ပါ ဒီဆိုင်လေးကို ပြန်ညွှန်းပေးခဲ့ပါတယ်။ ဆိုင်ကမနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိဖွင့်တယ်။ Reservation လုပ်ချင်လည်းရတယ်။ 09-963300653 ကိုဆက်လို့ရပါတယ်။ စမ်းချောင်းတစ်ဝိုက်ဆိုလည်း Delivery ရှိတယ်။ ဒီဆိုင်လေးက အမှတ်(၃၂)၊ ကျောင်းကုန်းလမ်း၊ (ဗဟိုလမ်းနဲ့ ဂွဈေးအနီး)၊ စမ်းချောင်းမြို့နယ်မှာပါ။ တစ်ခုက ဆိုင်ရှေ့မှာကားပါကင်ရဖို့တော့နည်းနည်းလေးခက်တယ်။ Honey (MyLann) #MyLann #Online_Food_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Lover #Food_Crazy #Food #Shwe_Kyar_Ni #Tine_Yin_thar_Restaurant #Seafood #Sanchaung