Sunday Special Brunch @ The Square 1516 views


Brunch @ The Square (Novotel Yangon Max)

အချိန်က နံနက်စာမကျ နေ့လည်စာမကျ အချိန် - ၁၀နာရီခွဲလောက်၊ တနင်္ဂနွေရဲ့ ဒီလိုအချိန်မှာ ဖုန်းဆက်လာသူက နိုင်ငံခြားသူ သူငယ်ချင်းလေး.. ဒီလိုအချိန်မှာ တွေ့ဖို့ဖြစ်လာတော့ နည်းနည်းဦးနှောက်ခြောက်ပြီလေ.. သူ့ကို Brunch ကောင်းကောင်း ကျွေးဖို့အတွက် ဘယ်ကိုခေါ်သွားရမလဲ?! တို့မြန်မာပြည်ကြီးမှာ ဒီလိုခန့်ငြားထည်ဝါတဲ့ အဆောက်အဦးဟိုတယ်ကြီးတွေ၊ ဒီလို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အစားအသောက်ကောင်းတွေ၊ သူတို့အံ့သြသွားစေလောက်တဲ့ မြင်ကွင်းမျိုးတွေ.. .. ဒါမျိုးတွေကို ပြသချင်စိတ်နဲ့ ဟိုတယ်တစ်ခုကို ရွေးချယ်ရတော့မယ်.. ခက်တာက ဘယ်ဟိုတယ်မှာ Brunch ရတယ်ဆိုတာ သေချာမသိ! အဲ့ဒါနဲ့ပဲ All Day Dining Restaurant လို့ဆိုတဲ့ "The Square @ Novotel Hotel" ကို ဆက်သွယ်စုံစမ်းကြည့်တော့ ကံကောင်းစွာပဲ "Sunday Special Brunch" ရှိနေပါတယ်.. ဒါနဲ့ (၂)ယောက်သား ခမ်းနားလှပတဲ့ Novotel Hotel ကြီးဆီ ခြေဦးလှည့်လိုက်ပါတော့တယ်.. ကျွန်မတို့ရောက်သွားတော့ The Square Restaurant ထဲမှာ ပျားပန်းခတ်မျှ များပြားလှတဲ့ Brunch စားသုံးသူများနှင့် စည်ကားနေတာကို တွေ့လိုက်ရပါတယ်.. ပထမအကြိမ်ရောက်စဉ်ကနှင့် မတူတော့တဲ့အခြေအနေကို သတိထားလိုက်မိတယ်.. အချိန်တိုလေးအတွင်းမှာ များစွာပြောင်းလဲထားနိုင်တဲ့အတွက် ရင်ထဲမှ ချီးကျူးစကားဆိုလိုက်မိတယ်.. မိမိစိတ်တိုင်းကျ အရသာဖြင့် ပြုလုပ်နိုင်တဲ့ Pancake ကောင်တာ၊ ပေါက်ပေါက်ဆုပ်လှည်းလေး၊ အဖျော်ယမကာမျိုးစုံ ရနေပြီဖြစ်တဲ့ Bar ကောင်တာစတာတွေနှင့် ပြည့်စုံအောင် ဖြည့်ဆည်းထားတာ တွေ့ရပါတယ်.. ဒီလိုနဲ့ ဗိုက်ဆာနေတဲ့ ကျွန်မတို့နှစ်ယောက် အစားအသောက်ကောင်တာဖက်ကို လှမ်းခဲ့လိုက်ပါတယ်.. ဟင်းခပ်ယူဖို့ အဖုံးတစ်ခုကို တစ်ခါဖွင့်လိုက်တိုင်း ဟင်းရနံ့နှင့် အပြင်အဆင်က သွားရည်ယိုသွားလောက်အောင် ဆွဲဆောင်မှု ပြင်းထန်လှပါတယ်.. ဟင်းအမျိုးအစား စုံလင်လွန်းပြီး မရတာမရှိလောက်အောင် ချက်ပြုတ်ပြင်ဆင်ထားလို့ အလွန်ပဲစိတ်တိုင်းကျလှပါတယ်.. အဖုံးတစ်ခုကို တစ်ခါဖွင့်လိုက်တိုင်း စားချင်စရာအရမ်းကောင်းတဲ့ ဟင်းများကိုတွေ့တွေ့လိုက်ရတဲ့အတွက် ထိုအချိန်လေးက ကျွန်မအတွက်တော့ ပျော်စရာအပြည့်နှင့် စိတ်လှုပ်ရှားစရာအလွန်ကောင်းလှပါတယ်.. ကျွန်မဘော်ဒါလေးလည်း အလွန်သဘောကျနေတာကို တွေ့ရပါတယ်.. ထိုနေ့အတွက် Main Dishes အကုန်လုံးကို ပန်းကန်အပြည့်ထည့်ပြီး အားရပါးရ စားကြည့်လိုက်တဲ့အခါ.. .. WOW !! Novotel Hotel မှ စားဖိုမှူးများ အပီအပြင်လက်စွမ်းပြထားတာကို သဘောပေါက်လိုက်ပါပြီ!! Marinated Char Sui Pork Lion with Bok Choi - အသားထဲမှာ အရသာဝင်အောင်သေချာနှပ်ထားတဲ့ ဝက်သားလိုင်းသားဟာ ကိုက်လိုက်တာနဲ့ အနှစ်လေးတွေထွက်လာပြီး၊ သူ့ရဲ့နူးညံ့မှုက ဘာနဲ့မှနှိုင်းယှဉ်လို့မရလောက်အောင် နူးညံ့နေပါတယ်.. အရသာကတော့ ပြောစရာမလိုလောက်အောင် ကောင်းပါတယ်.. (အခု ဒီစာရေးနေရင်းတောင် သွားရည်ကျမိပါတယ်) .. Grilled Lamb Cubes with Vegetables - သိုးသားဆိုတာ ကိုယ့်ဟာနဲ့ကိုယ်ဆို စားခဲပါတယ်.. မစားဖြစ်သလောက်ပါပဲ! အခုတော့ ရောက်တုန်းရောက်ခိုက် စားကြည့်ဖြစ်ပါတယ်.. Grilled လုပ်တဲ့အတွက် အနံ့သိပ်မပျောက်တာ သတိထားမိပါတယ်.. တခြားအသားတွေနဲ့တော့ အရသာကွဲတာမို့ ခုတော့စားဖူးပြီမို့ ကျေနပ်မိပါတယ်.. နောက်တစ်ခုက Bolognese Lasagna - အသား၊ ဟင်းသီးဟင်းရွက်၊ ချိစ်၊ ခရမ်းချဉ်သီးအနှစ်တို့နဲ့ Baked လုပ်ထားတဲ့ Italian အစားအစာတစ်မျိုးဖြစ်ပြီး မွှေးရနံ့ရော၊ အရသာရော အထူးကောင်းမွန်ပြီး စွဲဆောင်မှုအပြည့်ရှိလှပါတယ်.. ထို့နောက် Ratatouille လို့အမည်ရတဲ့ ကြက်သွန်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုပ်ပွ စတာတွေကို ရောစပ်ကြော်လှော်ထားတဲ့ ကျန်းမာရေးနဲ့အထူးညီညွတ်တဲ့အစားအစာကိုလည်း Menu ထဲမှာ ထည့်သွင်းထားတာလည်း သဘောကျလှပါတယ်.. အရသာလေးက ချဉ်ပြုံးပြုံးနဲ့မို့လို့ စားကောင်းပါတယ်.. ကြက်သားနဲ့ပတ်သက်ပြီး ပုံစံနှစ်မျိုးနဲ့တွေ့ရပါတယ်.. ယိုးဒယားစတိုင် Green Chicken Curry ရယ်၊ ကြက်ကောင်လုံးကင်ရယ်ပါ.. ဒါ့အပြင် Salmon ငါးကင်ကို အကြိုက်တွေ့ခဲ့ပြီး Saffron Sauce နဲ့ပြုလုပ်ထားတဲ့ ငါး၊ပုဇွန် lollipops လေးတွေကလည်း စားချင်စိတ်ကို နှိုးဆွနေပါတယ်.. ဟင်းတွေက ဒါတွေပဲလားဆိုတော့ အများကြီးကျန်ပါသေးတယ်.. Seafood ကောင်တာ၊ အသုတ်ကောင်တာ၊ ဂျပန်အစားအစာကောင်တာ၊ ပေါင်မုန့်မျိုးစုံကောင်တာ၊ မြန်မာဟင်းများသီးသန့်ကောင်တာ စသည်ဖြင့် ရွေးချယ်စရာတကယ်များပြားလှပါတယ်.. ကျွန်မတို့နှစ်ယောက် မြိန်ယှက်စွာ စားနေတုန်း ထင်မှတ်မထားတဲ့ မျက်လှည့်ပြသူလေးက အနားကိုရောက်လာပါတယ်.. သူမရဲ့ မျက်လှည့်အစွမ်းနဲ့ စားသုံးသူတွေကို ရယ်မောပျော်ရွှင်အောင် စွမ်းဆောင်ပေးနေတာမြင်ရတော့ စီစဉ်သူတွေရဲ့ ဧည့်သည်တွေအပေါ်ထားတဲ့ စိတ်စေတနာကို အသိအမှတ်ပြုမိပါတယ်.. စားသောက်ဆိုင်ရဲ့ ထောင့်တစ်နေရာအမှာ သေသပ်လှပစွာ တီးခတ်သီဆိုနေတဲ့ Unplugged Band မှလည်း ငြိမ့်ညောင်းလှတဲ့ တေးသီချင်းများဖြင့် ဖျော်ဖြေပေးနေပါတယ်.. အရာအားလုံးက သီးခြားကမ္ဘာတစ်ခုကို ဖန်ဆင်းပေးထားသလိုပါပဲ.. ထို့အပြင် ကလေးများအတွက်လည်း မျက်နှာဆေးရောင်စုံခြယ်တဲ့နေရာလေး ထားပေးထားတော့ သားသားမီးမီးတို့ အကြိုက်တွေ့ကြပြီပေါ့ !! ကျွန်မတို့ ထမင်းစားပြီးတော့ အချိုတည်းစရာတွေ ခင်းကျင်းထားတဲ့ကောင်တာကို လှမ်းခဲ့ပါတယ်.. အမယ်စုံလင်လှတဲ့ မုန့်မျိုးစုံ၊ ကိတ်မျိုးစုံ၊ အသီးအနှံမျိုးစုံ ကြားထဲမှာ ကျွန်မတို့ အရမ်းပျော်နေမိပါတယ်.. ဘယ်လောက်ပဲ ဗိုက်တင်းနေပါစေ Dessert Chef ရဲ့ အံ့မခန်းလက်ရာကို မစားဘဲမနေနိုင်လောက်အောင် အရသာထူးကဲကောင်းမွန်လွန်းလှပါတယ်.. ထိုစားသောက်ခန်းမကြီးထဲမှ တော်တော်နှင့် ပြန်မထွက်နိုင်အောင် အစားအသောက်တွေက မက်မောခုံမင်စရာကောင်းလှပါတယ်.. ထင်မှတ်မထားဘဲ ကျွန်မတို့ရဲ့ Sunday Brunch လေးက သာယာစိုပြေခဲ့ပါတယ်.. မျှော်လင့်ထားတာထက် ပိုမိုပြည့်စုံခဲ့ပါတယ်.. အကြံပေးချက်တွေကို သေချာစွာလက်ခံတတ်တဲ့အတွက် ပြောင်းလဲမှုက ထင်ထားတာထက် ပိုပြီးမြန်ဆန်တယ်လို့လည်း ကျွန်မယုံကြည်ပါတယ်.. The Square Restaurant ဒီထက်ပိုလို့အောင်မြင်တိုးတက်ပါစေကြောင်း မေတ္တာအရင်းခံဖြင့် ဆန္ဒပြုလိုက်ရပါတယ်..