ထိုင်းစာကြိုက်တဲ့သူတွေအတွက် လမ်းမတော်က Thai Style ဆိုတဲ့ဆိုင်လေးထပ်တွေ့ထားတယ်ဗျို့ 1074 views


Junction မော်တင်ဘက်ကိုသွားရင်းနဲ့ ညနေပိုင်းဘာစားရကောင်းမှန်းမသိ၊ Center ထဲက ဆိုင်တွေကလဲ စားဖူးပြီးသား၊ အဲ့နားပတ်ဝန်းကျင်ကဆိုင်တွေမှာလည်း စားရတာထပ်နေပြီ။ အဲ့ဒါနဲ့ပဲ ဖုန်းလေးဖွင့်ပြီး ဟန်နီစုထားတဲ့ List ထဲကဆိုင်လေးတွေရှာတယ်။ (ဟန်နီမှာစားချင်တဲ့ ဆိုင်လေးတွေစုထားတဲ့ List လေး ရှိတယ် :D သူငယ်ချင်းတွေအသိတွေ ကိုယ့်ပတ်ဝန်းကျင်က လူတွေက ကောင်းတယ်လို့ ပြောတဲ့ဆိုင်လေးတွေကိုမှတ်ထားတယ်။ ချက်ချင်းမစားဖြစ်ရင်တောင် အဲ့ဒီဘက်ရောက်ရင်စားလို့ရအောင် List လေးလုပ်ထားတယ်) :D အဲ့မှာကြည့်လိုက်တော့ လမ်းမတော်နားရှိတဲ့ Thai Style ဆိုတဲ့ဆိုင်လေးကဟန်နီမစားဖူးသေးဘူးရှင့်။ အဲ့ဒါနဲ့ သူငယ်ချင်းတွေနဲ့ အဲ့ဒီကိုပဲချီတက်သွားကြတယ် ပေါ့။

ဆိုင်ကဖွင့်ထားတာတော့ကြာပြီ၊ သူက လမ်းမတော်၊ လမ်းသစ်လမ်းထဲမှာ ရှိတယ်။ ဆိုင် ထဲကိုဝင်လိုက်တာနဲ့ ကြမ်းပြင်တွေကို ပါကေးလေးတွေခင်းပြီး ဘယ်ဘက်ခြမ်းနဲ့ညာဘက်ခြမ်းမှာ လေးယောက်စာခုံနဲ့စားပွဲချထားတယ်၊ ဝင်ဝင်ချင်းလျှောက်ရတဲ့လမ်းလေးကကျတော့ ဘေးနှစ်ဘက် မှာ ကျောက်ခဲဖြူဖြူလေးတွေကို ခင်းထားတယ်။ အဲ့ပေါ်မှာလျှောက်လို့တော့မရဖူးပေါ့နော် ပုံစံလေးကချစ်ဖို့ကောင်းလို့ပြောပြတာ :D ဆိုင်ကိုပြင်ဆင်ထားတဲ့ပုံစံလေးက ရိုးရိုးလေးနဲ့ပဲချစ်ဖို့ ကောင်းအောင်ပြင်ဆင်ထားတယ်။ ဆိုင်ထဲမှာလဲ သီချင်းအေးအေးလေးတွေဖွင့်ပေးထားတယ်။ အေးအေးဆေးဆေးရှိတော့ အတွဲတွေအတွက်လဲစကားပြောလို့ကောင်း၊ သူငယ်ချင်းတွေသွားထိုင် မယ်ဆိုရင်လဲကောင်းတဲ့ဆိုင်လေးပါ။

Menu ကိုကြည့်တော့ ဈေးနှုန်းတွေက (၂၅၀၀)ကနေ (၉၉၀၀)အတွင်းမှာရှိတယ်။ ဟင်းပွဲလေးတွေ ဘေးမှာလဲဈေးနှုန်းလေးတွေကပ်ပေးထားဆိုတော့ ကိုယ်ကြိုက်သလိုချင့်ချိန်ပြီးစားလို့ရတာပေါ့နော်။ သူ့ကထိုင်းစာမီနူးအစုံရတယ်။ ဒီမှာဆိုရင် ဟင်းပွဲတွေလဲအသစ်ထပ်တိုးပြီး ဈေးနှုန်းတွေကိုပါ ပြောင်းထားတယ်တဲ့။ ဟန်နီတော့ ပထမဆုံး ကွန့်ထန်တစ်ပွဲမှာတယ်။ ပြီးတော့ မစားမဖြစ် ဝက်ဂုတ်သားကင်ရယ်၊ ကျွဲကောသီးထောင်းရယ်၊ ပုစွန်ဆန်လှော်သုပ်နဲ့ ယိုးဒယားခေါက်ဆွဲကြော်တွေ မှာလိုက်တယ်။ သူငယ်ချင်းကသွားတာ(၄)ယောက်ရယ် ဒီလောက်တော့စားမှာပေါ့နော် :D

အစားအစာတွေစောင့်နေရင်းနဲ့ပဲ စကားလေးပြောလိုက်၊ ဆိုင်က Wifi လေးလွှင့်ပေးထားတော့ အင်တာနက်လေးသုံးလိုက်ပေါ့နော်။ Check In တင်တဲ့သူကလဲတင်။ Chat တဲ့သူက Chat နဲ့။ (၁၀)မိနစ်၊(၁၅)မိနစ်လောက်နေလို့ အစားစာတွေလာမှပဲ ငြိမ်သွားကြတယ်။

အဲ့ဒီမှာ ပထမဆုံးအနေနဲ့ ‪#‎ပုစွန်ဆန်လှော်သုပ်‬ ပြောရရင်တော့ ပုစွန်ကိုမှဆန်လှော်မှုန့်ထည့်ပြီးသုပ်ထားတာ။ သူကတော့တစ်ပွဲ (၄၅၀၀)။ ဈေးနဲ့တန်အောင်လဲ ပုစွန်များများထည့်ပေးထားတယ်။ သူ့ကတော့ ချဉ်စပ်လေးပါ။ သူနဲ့တွဲပြီးစားရတဲ့အချဉ်လေးက ငရုတ်သီးစိမ်းတွေ၊ သံပုရာသီးတွေနဲ့လုပ်ထားတာ။ ချဉ်ချဉ်စပ်စပ်လေး။ ရှူးရှူးရှဲရှဲနဲ့ အစပ်ကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမှာအမှန်။

နောက် ‪#‎ကျွဲကောသီးထောင်း‬ ဟန်နီတို့စားနေကျက သင်္ဘောသီးထောင်း။ အဲ့ဒါစားရတာရိုးသွားလို့ ဒါလေးပြောင်းစားကြည့်တာ။ ကျွဲကောသီးလဲကြိုက်တာဆိုတော့ ဘယ်သူမှမငြင်းကြဘူး။ လုပြီး တော့တောင်စားရတယ် :P သူက ချိုချဉ်အရသာလေး။ အခြား သီးစုံထောင်းတွေဘာတွေလဲရတယ်။

ပြီးတော့ ‪#‎ဝက်ဂုတ်သားကင်‬ အဲ့ဒါကတော့အမြဲတမ်းစားဖြစ်တာလေး။ ဝက်သားရဲ့ အချိုအရသာလေးလဲပေါ်တယ်။ အသားကလဲနူးညံ့တယ်။ တစ်ပွဲကို (၅၀၀၀)။ အဲ့ဒါကိုမှ အသုပ်လဲရတယ်။ ဈေးတူတူပဲ။ ဒါနဲ့ သူနဲ့တွဲစားရတဲ့ Sauce လေးကကျတော့ ငရုတ်သီးမှုန့်နဲ့ လုပ်ထားတဲ့အချဉ်လေး။ ကြက်သွန်ဖြူလေးရယ်၊ နံနံပင်လေးပါထည့်ထားတော့မွှေးနေရောပဲ။ ဒါပေမဲ့ ယိုးဒယားထန်းလျက်လေးလဲထည့်သုံးထားတော့ အစပ်ကြီးအရသာ တစ်ခုထဲမဟုတ်ပဲနဲ့ အချိုအရသာလေးပါ ပါနေတော့ ချိုစပ်လေး။

နောက် ရှူးရှူးရှဲရှဲကွန့်ထန် သူကထိုင်းကလူတွေသိပ်ကြိုက်ဆိုပဲ။ အဲ့မှာ ပုစွန် ဂဏန်း နဲ့ပြောင်းဖူးတွေကိုအုန်းနို့နည်းနည်းနဲ့ပင်စိမ်းထည့်ပြီးချက်ထားတော့အနံ့လေးကမွှေးနေတာ။ အဲ့ဒါကို လက်အိတ်နဲ့သေချာစားမယ်ဆိုပိုမိုက်တယ်။ အထူးဆန်းလေးဖြစ်သွားတာပေါ့။ သူကတစ်ပွဲက်ု ၁၂၀၀၀။ ဂဏန်းနှစ်ကောင်နဲ့ပုစွန်ငါးကောင်လောက်ပါတယ်။ အခြား Seafood အစုံနဲ့စားလဲရတယ်။ ဈေးကလဲတူတူပဲ။

နောက်ဆုံးတော့ ‪#‎ယိုးဒယားခေါက်ဆွဲကြော်‬ သူကတစ်ပွဲကို (၃၅၀၀)။ ပုစွန်၊ပဲပြား၊ မုန်လာဥခြောက် နဲ့ အခြားပဲပင်ပေါက်တွေ၊ ဘဲဥတွေလဲပါတယ်။ သူလဲအချိုနဲ့အစပ်ရောပြီးရတဲ့အရသာမျိုး။ အခြား ဆန်ပြားခေါက်ဆွဲကြော်တွေ၊ ဘာတွေလဲရတယ်။ ထမင်းကြော်တို့ ထမင်းပေါင်းတို့လဲ မီနူးထဲတွေ့ခဲ့ တယ်။

အဲ့ဆိုင်မှာ တစ်ခုက Service ပေးတဲ့အနေနဲ့ ယိုးဒယားအချိုပွဲကျွေးတယ်။ အဲ့ဒါက လာစားတဲ့သူတိုင်းကိုကျွေးတာပါ။ အဲ့ဒီအချိုပွဲကိုလဲ တစ်နေ့တစ်မျိုးပြင်ဆင်ထားတာပါတဲ့။ ဟန်နီတို့သွားစားတဲ့နေ့ကတော့ ကောက်ညှင်းမှုန့်နဲ့ဆန်မှုန့်ကိုကျိတ်၊ ရောင်စုံလေးတွေလုပ်ပြီး အုန်းနို့နဲ့ပြန်ကျိုထားတာ။ သူတို့ဘက်က အဲ့ဒီလိုအချိုပွဲကျွေးတယ်ဆိုတော့လဲ၊အချိုပွဲအတွက်အကုန်ကျသက်သာသွားတာပေါ့ :P

ထပ်ပြီးတော့ အအေးမှာသောက်ခဲ့သေးတယ်။ Green Tea ဖျော်ရည်နဲ့ ယိုးဒယားလက်ဖက်ရည်အေး။ဘယ်လိုနေမှန်းမသိတာနဲ့ သောက်ကြည့်လိုက်တာ။ Green Tea ကကျတော့နည်း နည်း ဖန်တဲ့အရသာမျိုး။ လက်ဖက်ခြောက်ရဲ့အရသာလိုပေါ့ရှင်။ နောက်တစ်ခုက ယိုးဒယားလက်ဖက် ရည်အေး သူကကျတော့အချိုဘက်သွားတဲ့အရသာ။ အရမ်းကြီးချိုရဲနေတာမျိုးမဟုတ်လို့ သောက်လို့ ကောင်းပါတယ်။ အဲ့ဒါတွေကဈေးတူတူပဲ။ တစ်ခွက် (၂၅၀၀)။

ဟန်နီတို့စားပြီးလို့ Bill ရှင်းတော့ စားတာတွေက စုစုပေါင်း 33000 ကျတယ်ရှင့်။ အဲ့ဒါကိုမှ Service နဲ့ Tax တွေပေါင်းပြီး Total 10% Charges ပေးရတယ်ဆိုတော့ ပျမ်းမျှသုံးသောင်းခွဲလောက်တော့ ကျတယ်။ အဲ့ဒီတော့ကာ ဟန်နီတို့ကသူငယ်ချင်းလေးယောက် ပြန် Share တော့ တစ်ယောက်ကို ပျမ်းမျှ 8700 လောက်ကျ တယ်ရှင့်။ သူငယ်ချင်းတွေအဲ့လိုမျိုး Share ပြီးစားရင် ဟင်းပွဲလဲအစုံ စားရတယ်။ တန်လဲတန်တယ် ပေါ့။

သူက အမှတ် (၃၃)၊ လမ်းသစ်လမ်း၊ လမ်းမတော်မြို့နယ်မှာရှိပါတယ်။ Junction မော်တင်ကနေ အောက်ဘက်ကမ်းနားလမ်းဘက်ကိုဆင်းလာရင် ညာဘက်အခြမ်းမှာပါ။ လမ်းမတော်အနီးတဝိုက်ကို Delivery ပေးတာမို့ 01220157, 09260199713 ကိုဆက်သွယ်လို့ရပါတယ်။ ဆိုင်က မနက် (၁၀)နာရီကနေ ည(၁၀)နာရီအထိဖွင့်တယ်။

ဟန်နီကတော့ ထိုင်းစာကြိုက်လဲကြိုက်တယ်။ ခဏခဏလဲစားဖြစ်တယ်။ ဟန်နီနဲ့အကြိုက်တူ ဘော်ဒါတွေအတွက်လဲ ထိုင်းဆိုင် တစ်ဆိုင်ထပ်ညွှန်းပေး ခဲ့ပြီနော်။ ကွီးတို့၊ မွီးတို့ရဲ့အကြိုက်တွေကိုလဲ ပြောပြခဲ့အုံးနော် :P

Honey (MyLann)

‪#‎MyLann‬ ‪#‎Foodinyangon‬ ‪#‎FoodieMyanmar‬ ‪#‎ThaiStyle‬ ‪#‎ThaiFood‬ ‪#‎Delicious‬