The Chicken Rice Shop ရဲ့ မီနူးဆန်းဆန်းလေးတွေနဲ့ အရသာလန်းလန်းလေးတွေ 834 views


Junction City ရောက်တုန်းခဏ Shopping လေးလည်းထွက်ရင်း  တစ်ခုခုစားမယ်ဆို စဉ်းစားရတော့ခက်မှာပဲ စားသောက်ဆိုင်တွေလည်းတော်တော်များများရှိသလို Food Stream မှာလည်းဆိုင်တော်တော်စုံတာတော့တွေ့ ရတယ်။ ရွေးစရာတွေလည်းများနေတယ်။ တစ်ပတ်လောက်ပတ်ကြည့်ပြီး နောက်ပိုင်းကိုယ်မစားဖြစ်သေးတဲ့ The Chicken Rice Shop ဆိုင်လေးထဲပဲဝင်ဖြစ်ခဲ့တယ်။ ကိုယ်စပ်စုမိသလောက် ဒီဆိုင်ကတော့ နိုင်ငံခြားကနေ Franchise ယူပြီး မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့ဖွင့်ထားတာတဲ့။ အခြားမှာဆိုရင် မလေး၊ စင်္ကာပူအပြင် အခြား နိုင်ငံတော်တော်များများမှာလည်းရှိတယ်။

 

The Chicken Rice ကမြန်မာနိုင်ငံမှာဖွင့်တာမကြာသေးဘူးဆိုပေမယ့် Junction City မှာတစ်ဆိုင်၊ နောက် Sule Square မှာတစ်ဆိုင် နှစ်ဆိုင်ရှိပြီ။  သူကအဓိကအားဖြင့်တော့ မလေးနဲ့ စင်္ကာပူအစားအစာတွေအစုံရှိ တယ်။ ဆိုင်က Level 4 မှာရှိတယ်။ အကယ်၍စင်တာကိုအထဲကနေပတ်မယ်ဆိုရင်တော့ ဒီဆိုင်လေးကိုနည်းနည်းတော့ရှာရလိမ့်မယ်။ အနီးစပ်ဆုံးပြောရရင် MPT နဲ့ Samsung Showroom အလယ်က ဝင်ပြီးတည့်တည့်ဆက်လျှောက်သွားရင်တော့ ရှာရတာအဆင်ပြေတယ်။

 

ဆိုင်ပုံစံလေးကတော့ အေးအေးဆေးဆေးလေးပါပဲ။ ဒီဆိုင်မှာကမိသားစုတွေများတယ်။ သူငယ်ချင်းအပေါင်း အသင်းတွေစုပြီးလာကြတာလည်းရှိသလို၊ အေးအေးဆေးဆေးသမားတွေအတွက် ပိုအဆင်ပြေတယ်။

 

ကြက်ဆီထမင်းကတော့ဒီကနာမည်ကြီးပြီးသားပဲ။ နောက် ပျားရည်ကြက်ကင်လည်းလူကြိုက်များတယ်။ ဒါနဲ့ ဒီမှာက အမဲသား၊ ဝက်သားမရဘူး။ ဆိုတဲ့အတွက် ခြေလေးချောင်းရှောင်တဲ့သူတွေဆိုလည်း ဒီဆိုင်လေးနဲ့အဆင်ပြေမှာပါ။ ဒီမှာကကြက်သားနဲ့ငါး သီးသန့်ပဲအဓိကရတယ်။ Vege သီးသန့်မီနူးတွေလည်း ရှိတယ်။ ကြက်သားကိုပုံမှန်ဆိုရင်အက်မင်ကသိပ်မစားဖြစ်ဘူး။ ကြက်သားနဲ့ အခြားဟင်းတခုခုရွေးဆို အခြားဟင်းပဲစားဖြစ်တာများတယ်။ ကြက်သားကို ကြော်တယ်၊ ချက်တယ်၊ သုပ်တယ်။ ဒါနဲ့ပဲ…. ဒီမှာရတဲ့ ကြက်သားမီနူးလေးတွေကကျတော့ ကိုယ်တွေစားနေကျပုံစံ၊ စားနေကျအရသာတွေနဲ့လည်းကွဲပြားတဲ့အပြင် ဆန်းဆန်းလေးတွေဆိုတော့လည်းတစ်မျိုးလေးခံစားရစေတာပေါ့။

 

အရင်ဆုံးဒီမှာနာမည်ကြီးပြီးသား ပျားရည်ကြက်ကင် သူကိုတော့တစ်ယောက်စာ One Potion လေးအနေနဲ့ မှာလိုက်တယ်။ တစ်ခြမ်းတို့၊ တစ်ကောင်လုံးစားချင်လည်းရှိတယ်။ သူ့ရဲ့ဆွဲဆောင်မှုတွေထဲကတစ်ခုက အနံ့။ လာချပေးကတည်းက ကြက်ကင်နဲ့ပျားရည်ပေါင်းစပ်ထားတဲ့ဆိမ့်ပြီးမွှေးနေတဲ့အနံ့ခပ်သင်းသင်းလေးရနေတာ။ နွေးနွေးလေးဆိုတော့အငွေ့လေးကလည်းတထောင်းထောင်းနဲ့ပေါ့။ အရသာလေးစားကြည့်တော့လည်း မဆိုးဘူးဆိုတဲ့အဆင့်မဟုတ်ဘူး။ သိပ်ကောင်းပါတယ်။ အက်မင်တို့သိပ်ကြိုက်ပြီးခံတွင်းတွေ့ခဲ့ရပါတယ်။ အက်မင်ထင်တယ် သူကအရိုးလည်းမပါတော့ ခလေးလေးတွေစိတ်ချလက်ချနဲ့ကျွေးလို့ရတယ်။ ဈေးနှုန်းကတော့ (၄၅၀၀)ပဲ။ တစ်ယောက်စာတော့အေးဆေးစားလောက်ပါတယ်။

 

နောက် Fish Cake. သူကငါးအသားကိုမှဂျုံနဲ့ Cake ပုံစံအတုံးတုံးလေးတွေလုပ်ပြီးကြော်ထားတာ။ အရသာလည်းဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတယ်။ စားရတာအဆင်ပြေတယ်။ ဒါလည်းကလေးတွေ သိပ်ကြိုက်မှာ။ ဈေးနှုန်းက (၄၅၀၀)ပဲ။

 

အခုက ထမင်းနဲ့တွဲစားရတာလေး ငါးရုံးပတီသီးချက် - ငါးကိုမှရုံးပတီသီးလေးတွေနဲ့ ခပ်ချဉ်ချဉ်လေးဖြစ်အောင် ချက်ထားတာ။ အစပ်တော့မပါဘူး။ အချဉ်စူးစူးလေးပါပဲ။ အရည်ကိုထမင်းလေးနဲ့စမ်းစားရင်တော့ အတော်ပါပဲ။ ဈေးနှုန်းကတော့တစ်ပွဲ(၅၀၀၀)ပဲ။ ဒါကတော့ Regular Size ပါ။ လူများရင်တော့ Large Size မှာလို့ရတယ်။

 

နောက် Spicy Mixed Vegetable (သီးစုံချဉ်စပ်ဟင်း) မုန်ညင်းစောကိုအခြေခံပြီး သူ့အရသာလေးထွက်အောင် ချက်ထားတာ။ ပူပူနွေးနွေးလေးနဲ့ အရသာကတော့ချို၊ ချဉ်၊ စပ်လေးဆိုတော့ အခုရာသီနဲ့လည်းလိုက်ဖက်သွား တယ်ပေါ့

 

ပေါ့ပေါ့ပါးပါးလေး Appetizer သဘောမျိုးစားချင်ရင်  ပဲပင်ပေါက်သုပ်လေးစား။ ပုံမှန်ဆို ကိုယ်တွေလည်း ပဲပင်ပေါက်ကြော်လောက်ပဲစားတာပဲနော်။ အခုကတော့ပဲပင်ပေါက်ကို နူးနူးအိအိကြီးမဟုတ်ပဲ ခပ်ကြွပ်ကြွပ်လေးပဲလုပ်ထားတာရယ်၊ အရသာကလည်း အချိုလေးပဲထွက်အောင်သုပ်ထားတာ။

 

ကြက်ဆီထမင်း - ကြက်ဆီထမင်းကတော့နာမည်ရပြီးသားပါပဲ။ သူကအဖြူတော့မဟုတ်ဘူး။ အဝါရောင်ပဲ။ ကိုယ်ကြိုက်မိတဲ့အချက်ကတော့ မအီတာရယ်။ အဆီမများတာရယ်ပဲ။ သူကတော့အဲ့ဒါချည်းမှာရင် တစ်ပွဲကို (၁၂၀၀)ကျပ်။

ဟင်းပွဲတွေအကြောင်းပြီးတော့ ဆော့စ်လေးတွေအကြောင်းပြောပြချင်တယ်။ ဟင်းပွဲတွေမှာရင် သူနဲ့လိုက်ဖက်တဲ့ဆော့စ်တွေကတော့ပါပြီးသားပေါ့။ အဲ့ဒါကိုမှထပ်ပြီးလိုချင်ရင်တော့ တောင်းလို့ရတယ်။ ဆော့စ်တွေကလည်းသူ့ဟာနဲ့သူတော့စားကောင်းသား။ သူတို့ကိုယ်တိုင်လည်းစပ်ထားပြီး ကိုယ်တွေစားနေကျ အရသာမျိုးနဲ့လည်းသိပ်မဆင်ဘူး။  မီနူးစာအုပ်ရှေ့ဆုံးမှာလည်း အဲ့ဒီဆော့စ်ပုံလေးတွေဲ့ ဆော့စ်အကြောင်းလေးတွေပြထားတာရှိပါတယ်။

 

စားပြီးရင်တော့ ဒီဆိုင်က အချိုပွဲတွေမြည်းကြည့်ခဲ့ဖို့လည်းလက်တို့ပေးလိုက်ပါတယ်။ အချိုပွဲမီနူးလည်း များသလို စားချင်စရာတွေချည်းပဲ။ ကိုယ်တွေတော့ Penang Rojak ဆိုတာ ပီနန်မှာ နာမည်ကြီးတဲ့ အစားအစာတစ်မျိုးပဲ။ သစ်သီး(၆)မျိုးလောက်ပါတယ်။ အရသာကတော့ အချိုရော၊ အဆိမ့်အပြင် အစပ် အရသာလေးပါပါတယ်။ သူ့ရဲ့ဆော့စ်ကလည်းတော်တော်လေးမိုက်တယ်။ စားစားချင်းမှာချိုပြီးတော့ မြိုချလိုက်တော့မှ စပ်တာ…။ ဆော့စ်အရသာနဲ့ အသီးလေးတွေနဲ့ပေါင်းစပ်လိုက်တော့လည်း ပိုတောင်မိုက်သွားသလိုပါပဲ။ သူကတော့တစ်ပွဲကို (၃၈၀၀)ကျပ်ပါ။

 

ဒီကဟင်းပွဲတွေမှာဆိုရင် တော်တော်များများက Regular နဲ့ Large ဆိုပြီးခွဲခြားထားတယ်။ နှစ်ယောက်လောက်ဆိုရင်တော့ Regular နဲ့ရတယ်။ မိသားစုလိုက်စားမယ်၊ အုပ်စုနည်းနည်းတောင့်တယ်ဆိုရင်တော့ Large သာမှာလိုက်ပါ။

 

ကိုယ်ဒီဆိုင်ကိုကြိုက်မိတာလေးက သူ့ရဲ့အရသာလေးတွေကြောင့်ပါ။ အခုအက်မင်တို့စားလိုက်တဲ့ဟင်းပွဲတွေမှာဆိုရင် အရသာတွေကတစ်ခုနဲ့တစ်ခုမတူ ခပ်မိုက်မိုက်အရသာတွေ ချည်း။ မတူညီတဲ့အရသာတွေနဲ့ သိပ်စားလို့ကောင်းတယ်။ ထမင်းမစားချင်ဘူးဆိုလည်း ခေါက်ဆွဲနဲ့ပတ်သတ်တဲ့ မီနူးတွေရှိတယ်။

 

ဆိုင်ကမနက်(၉)နာရီကနေ ည (၉)နာရီအထိဖွင့်ပါတယ်တဲ့ရှင်။ ဆိုင်ကလည်းခပ်ကျယ်ကျယ်လေး။ လွတ်လွတ်လပ်လပ်နဲ့ အေးဆေးထိုင်လို့ရမယ့်ပုံစံမျိုးလေးပါပဲ။ Reservation လည်းလုပ်လို့ရတယ်။ ဖုန်းနံပါတ်က 09-783690036 ပါ။

 

ကဲ စိတ်ဝင်စားတယ်ဆိုရင်တော့ Junction City ရောက်ရင်စားကြည့်နိုင်ပါတယ်။

 

Honey (MyLann)

#MyLann #Online_Restuarant_Directory #Online_Food_Guide #Food_Review_in_Yangon #Foodie_Myanmar #Food_Review_in_Yangon #Food_Lover #Food_Crazy #Food

#The_Chicken_Rice_Shop #Chicken_Menu  

#Honey_Foodie