The Gallery Cafe 790 views


ပူုပြင်းလှတဲ့ ရာသီဥတုနဲ့ ဆိုရင် အေးအေးဆေးဆေးရှိတဲ့ ဆိုင်လေး တစ်ဆိုင်ကို သွားပြီး ကော်ဖီသောက် စာဖတ်တာ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့  တစ်ခုခု စားတာပဲ ဖြစ်ဖြစ် လုပ်ချင်တော့တယ်။ သိတဲ့ အတိုင်း ကိုယ်တွေ ရန်ကုန်မြို့ က အပူချိန်တော်တော် များနေတော့ အပြင်ထွက်စားရမှာ ခပ်လန့် လန့် ရယ်။
ကိုယ်လိုပဲ အေးအေးချမ်းချမ်းနဲ့ ကျယ်ကျယ်ဝန်းဝန်း ပြီး ကိုယ်စားချင် သောက်ချင်တာတွေလည်း ရတဲ့ တစ်နေရာကို MyLann မိတ်ဆွေတို့  တောင်းတကြမယ် ထင်ပါတယ်။

အခု နေရာကတော့ Gallery Café လို့ ခေါ်တဲ့ နေရာလေးပါ ။ ရန်ကုန်မြို့ ထဲက အိုအေစစ်လေး တစ်ခုလို့ လည်း ပြောလို့ ရတယ်။ Gallery Café ဆိုတဲ့ အတိုင်း ပန်းချီကားတွေနဲ့ အလှဆင်ထားတဲ့ ဆိုင်လေးက အင်းလျားလမ်းထဲမှာ ရှိပါတယ်။ အဲ့ အင်းလျားလမ်းဘက် ခြံနဲ့ ဝင်းနဲ့ ဆိုင်ဆိုပြီး ဈေးအရမ်းကြီးတဲ့ ဆိုင်လို့ တော့ မထင်လိုက်နဲ့  ။ တော်တော်လေး ဈေးချိုပြီး မိသားစုလိုက် ၊ ဘော်ဒါတွေနဲ့  အေးအေးချမ်းချမ်း လာစားလို့ ရတဲ့ အရမ်းကို တန်တယ်လို့ ပြောလို့ ရတဲ့ ဆိုင်လေးပါ။

ဒီဆိုင်လေးမှာ ဘာတွေ ရသလဲ ဆိုရင် ကော်ဖီကောင်းကောင်းရတယ်။Fresh Fruit, Smoothie, Frappe စတဲ့ အရသာလည်းရှိ ၊ ရာသီဥတုနဲ့ လည်း လိုက်ဖက်တဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေ ရတယ်။
ပြီးတော့ ထမင်း ၊ ဟင်း ၊ ပင်လယ်စာ အမျိုးမျိုး ရတယ်။ ဒီထဲက ကိုယ်တွေ မြည်းစမ်းခဲ့တာလေးတွေကို ဖောက်သည် ချပေးပါရစေ ။

" ကော်ဖီကောင်းကောင်းရတယ် "

ကော်ဖီ အမျိုးအစား စုံစုံလင်လင်ရှိတယ်။ Cappuccino , Americano , Latte , Mocha နဲ့ Ice coffee Series တော်တော်စုံတယ်။ ကော်ဖီချစ်သူများအတွက် ကော်ဖီကောင်းကောင်းသောက်လို့ ရတဲ့ တစ်နေရာလေး ဆိုလည်း မမှားပါဘူး ။ ဆိုင်လေးကလည်း အေးအေးဆေးဆေး ရှိတော့ ကိုယ့်ဖီးလ်လေးနဲ့  ကိုယ် ကော်ဖီလေး သောက် စာလေးဖတ် တကယ့်ကို Relax ပဲ ။

" သစ်သီးဖျော်ရည်မျိုးစုံ"

အဲ့ သစ်သီးဖျော်ရည် အမျိုးအစားကွဲ သုံးမျိုးလောက် ဒီဆိုင်မှာ ရတယ်။ Fresh Fruit , Smoothie , Frappe , စသဖြင့် အသီးကို သုံးမျိုးလောက် မိမိကြိုက်သလို ရွေးချယ် သောက်သုံးနိုင်ပါတယ်။ ကိုယ်သောက်ခဲ့တာ ဆိုရင် Fresh Fruit Series ထဲက Strawberry နဲ့  Avocado ကို ပေါင်းစပ်ဖန်တီးထားတာလေးပါ ။ အောက်အလွာက ထောပတ်သီးနဲ့  အပေါ်အလွာက စတော်ဘယ်ရီ ပါ ။ ဒီတော့ သောက်ကြည့်ရင် အရသာ နှစ်မျိုး ခံစားရမှာ ဖြစ်ပြီး ထောပတ်သီးအရသာ ခပ်စိမ့်စိမ့်လေးနဲ့ စတော်ဘယ်ရီ အရသာ ချိုချဉ်လေးပါ။ ဒါကလည်း ဒီဆိုင်က ဖန်တီးပေးထားတာ ဖြစ်ပြီး ပုံမှန် အသီးဖျော်ရည် တစ်ခွက် ၂၀၀၀ ကျပ် နဲ့ အသီးတစ်မျိုးထပ်ပေါင်းရင် ၅၀၀ ကျပ်ထပ်ပေါင်းပေးပါတယ်။ ခွက်ကလည်း အကြီးကြီးပါ ။ တော်တော်လေး သောက်လိုက်ရတယ်။ နောက်တစ်ခုကတော့ Frappe Series ထဲက Banana နဲ့  Oreo ရောထားတာလေးပါ။ Frappe ဆိုတာလေးက အသီးကို အရမ်းကြီးကြေအောင်လည်း မကြိတ်ထားပဲ ခပ်ပျော့ပျော့လေး သောက်ရတာလေးပါ။ Smoothie လောက်လည်း မပျစ်ဘူး ။ ဒီတော့ သောက်ရတာလေးက အသီးအရသာလည်း မပျက်သလို Oreo လေးလည်း ပါတော့ သောက်ရတာ တစ်မျိုးလေး ကောင်းပါတယ်။ တစ်ခွက် ၃၀၀၀ ကျပ်ပါ။

"ပင်လယ်စာ ထမင်းဝိုင်း"

ဒီ ဆိုင်မှာက ပင်လယ်စာ တော်တော် လက်ရာ ကောင်းပါတယ်။ ကိုယ်တွေမှာစားဖြစ်တာက ဂဏန်းမဆလာ ၊ ငါးခဲပတ်ကင်နဲ့  တံငါသည်ဟင်းပါ ။ဂဏန်းမဆလာက ချက်ထားတာ တော်တော် ကောင်းတယ်။ ဂဏန်းမဆလာလို့  ပြောပေမဲ့ မဆလာအနံ့ အရမ်းမပြင်းဘူး ။ ပြောရရင် ကိုယ်တွေလို မဆလာ အနံ့ အရမ်းမကြိုက်တဲ့ သူတွေ အတွက် အနေတော်ပဲလေ။ ပြီးတော့ အထဲက ဟင်းအနှစ်က စပ်ရှရှလေးနဲ့ ထမင်းနဲ့ နယ်စားရတာ တော်တော် အရသာရှိတယ်။ ဂဏန်းကလည်း တော်တော်လတ်တယ် ။ ဒီရာသီနဲ့ ဂဏန်းလတ်လတ်ဆတ်ဆတ်စားရတာ တကယ်ဖီလင်တစ်မျိုးပဲ ။ ဂဏန်းအကြီး နှစ်ကောင် ပါတယ်။ လူနှစ်ယောက်စာပေါ့။

နောက် ငါးခဲပတ်ကင် ။ ကိုယ်တွေလိုပဲ ဆိုင်ကို လာတဲ့ သူတော်တော်များများ မှာကြတာတွေ့ တယ်။ ဘာထူးခြားလဲ ဆိုတော့ သူ့ ထည့်ထားတဲ့ အဆာပလာပါ ။ ငရုတ်သီး၊ ကြက်သွန် ၊ နံနံ စတာတွေ ရောပြီး နှပ်ထည့်ထားပေးတယ်။ ငါးကလည်း မငြီဘူး ။ ဆလားဗီးယားငါးပါ ။ အရသာကလည်း စပ်သယောင် နဲ့ စားလိုက်ရင် အသားက မွမွလေးပါ။ ငါးကလည်း လတ်လို့ စားကောင်းပါတယ်။ ပြင်ဆင်ထားတာလည်း သပ်သပ်ရပ်ရပ်နဲ့ စားချင်စရာပါ။ လူလေးယောက်လောက် အေးဆေး စားလို့ ရတယ်။

ပြီးတော့ တံငါသည်ဟင်းပါ ။ ပင်လယ်စာအစုံအလင် ထည့်ပေးထားပါတယ်။ ပြည်ကြီးငါး ၊ ပုဇွန် ၊ ဆလာဗီးယားငါး ၊ ငါးတန်ငါးခေါင်း နဲ့ အချဉ်အတွက် ရှောက်ရည်လေး ထည့်ထားတော့ ချဉ်စပ်လေးပါ ။ အရည် ချည်းသောက်ရင်တောင် ဗိုက်တင်းလာတယ်။ ထည့်ထားတဲ့ အဆာပလာတွေကလည်း မွေးနေတာပါပဲ ။ လူ ၅ယောက်လောက် စားလို့ ရတယ်။ ပူပူ့စပ်စပ် အရသာ ကြိုက်သူများ အကြိုက်ပဲ။

ဒါကတော့ ပင်လယ်စာ ထမင်းဝိုင်းလေးပါ။ ဒါတွေ အားလုံး ဟင်းတစ်ပွဲစီကို ၅၀၀၀ ကျပ်ပါပဲတဲ့ ။ တကယ်တန်ပါတယ်။ မိသားစုလိုက်စားရင် တစ်သောင်းခွဲ ကျော်လောက်နဲ့ တကယ်ဗိုက်ပြည့်တယ်။ နေရာထိုင်ခင်းကလည်း အေးအေးဆေးဆေး ရှိပြီး ခြံဝင်ထဲမှာ ဆိုတော့ မြို့ ပြ ဆူညံသံတွေ မရှိဘူး ။ လုံးဝ စိတ်ချမ်းသာတယ် ကိုယ်ပိုင် ကားနဲ့ လာရင်လည်း ကားထားတဲ့ နေရာက တော်တော်ကျယ်ပါတယ်။

မွေးနေ့ ပွဲတွေ ၊ ပါတီတွေလုပ်ရင်လည်း အဆင်ပြေတယ်။ ကိုယ်တွေချည်း သီးသန့် ပဲ ဆိုတော့ တကယ်အေးဆေးမဲ့ နေရာလေးပါ ။Private အခန်းလည်း ရှိသလို ။ Outdoor ကျယ်ကျယ်ဝန်းဝန်းလည်း ရှိတယ်။ အိုကေ ဒီ မြို့ ထဲက အိုအေစစ်လေးရဲ့ အဓိက အချက်အလက်လေးတွေကိုလည်း မျှဝေပေးပါအုံးမယ်။
ဒီနေရာလေးက အင်းလျားလမ်း ဆိုပေမဲ့ အင်းလျားလမ်းထဲ ဝင်လာရင် Technoland ဆိုတဲ့ ကွန်ပျူတာ ဆိုင် ဆိုင်းဘုတ်ကြီး တွေ့ ပါလိမ့်မယ်။ အဲ့ဒီဘေးလမ်းလေးကို ဝင်လာရင် Galley Café ဆိုင်းဘုတ်လေး ကပ်ထားပါတယ်။ ကားထားတဲ့ နေရာလည်း အကျယ်ကြီးတွေ့ ပါလိမ့်မယ်။ တကယ် အေးအေးဆေးဆေး စားသောက်မယ်၊ အနားယူမယ်ဆိုရင် သွားဖို့ အကြံပြုပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ နံနက် (၉)နာရီ ကနေ ည (၁၁)နာရီ အထိပါ။
လိပ်စာ အတိအကျပြောပြရရင်

Gallery Café
အမှတ်- ၉၈-စီ ၊ အင်းလျားလမ်း ၊ ကမာရွတ်မြို နယ် ၊ ရန်ကုန်

ဒီအနီးအနားတဝိုက်က ထမင်းနဲ့  ပင်လယ်စာချက်တွေ အော်ဒါမှာရင်လည်း ပို့ ပေးပါတယ်တဲ့။ ဖုန်းက ၀၉ ၄၄၀ ၆၅၀၀ ၄၀ ပါ။

ကမာရွတ် ၊ စမ်းချောင်း ၊လှိုင် ၊ ရန်ကင်း ၊ တောင်ဥက္ကလာ စတဲ့ မြို့ နယ်တွေကို ပို့ ပေးတယ်လို့  ပြောပါတယ်။

Fred ( MyLann)