The Manhattan Fish Market 739 views


ပိတ်ရက်တုန်းက ဘော်ဒါတစ်ယောက်မွေးနေ့ ကျွေးမယ် ဆိုလို့  ရောက်သွားတဲ့ Manhattan fish market အကြောင်းကို MyLann မိတ်ဆွေများကို ဖောက်သည်ချချင်ပါတယ်။ Foodie ပီပီ ရတဲ့ အခွင့်အရေးကို လက်မလွတ်တမ်းပဲ စားဖြစ်ခဲ့တာလေးတွေကို ဓာတ်ပုံရိုက်ပြီး အစားအသောက်ချစ်သူ မိတ်ဆွေတွေကို ပြန်မျှဝေဖို့  တာဝန်ကလည်း ရှိတယ် မဟုတ်ပါလော အက်မင်တို့  သူငယ်ချင်းတွေရောက်သွားတော့ ကံကောင်းတယ်လို့  ဆိုရမလား အဲ့ဒီနေ့ မှာ Manhattan fish market က မီနူးအသစ်တွေ တိုးတယ်တဲ့။ စုစုပေါင်း ၅၃ မျိုးလောက်တောင် ရှိတယ် ဆိုပဲ ။ ဒါနဲ့ မွေးနေ့ ရှင်က ကြိုက်တာမှာ လို့  ပါမစ်ပေးလိုက်တာနဲ့  ကိုယ်တွေလည်း အားမနာစတမ်း မှာပါတော့တယ်။

မီနူးစာအုပ်ကို ဟိုလှန် ဒီလှန်နဲ့ အညွန်း ရေးထားတာတွေ လိုက်ဖတ် ပြီးတော့ ရွေးစရာတွေများတာနဲ့  Waiter လေးကို မေးရတယ်။ ဘယ်ဟာက ဘယ်လိုကောင်း ဘယ်ဟာက ဘာတွေပါ စသဖြင့်ပေါ့ ။ ကိုယ်တွေ အဖွဲ့ က လေးယောက် ဆိုတော့ အားလုံး အတူတူ စားလို့ ရတဲ့ ဟာလေးတွေပဲ မှာဖြစ်ကြပါတယ်။

ပထမဆုံး မှာဖြစ်တာက ‪#‎Oyster‬ Roulette ပါ ။ ဖန်ခွက်လေး လေးခွက်နဲ့ ထည့်ထားတဲ့ Oyster ပါ ။ Oyster ကို ခွက်နဲ့ လေးခုလောက် ထည့်ပေးထားပြီး အထဲမှာ သူ့ ဆော့စ်ရယ် ။ သံပုရာသီးစိတ်လေးရယ် ထည့်ပေးထားပါတယ်။ ပြီးတော့ ရေခဲတုံးလေးတွေ ထည့်ထားတဲ့ လေးထောင့် ပန်းကန်မှာ ခွက်လေးခွက်ကို တန်ဆာဆင်ထားပါတယ်။ သူက ဘာထူးခြားလဲ ဆိုတော့ အဲ့ဒီ Oyster လေးခွက်မှာ တစ်ခွက်က အရမ်းစပ်တဲ့ Spicy Source နဲ့ Oyster တစ်ခွက်ပါ ပါတယ်။ ပြောရရင် ကံစမ်းမဲ နိုက်သလိုပါ။ အရောင်တွေကလည်း အားလုံးတူနေတော့ ဘယ်ခွက်က အသေစပ်မလဲ ဆိုတာ မသိပါဘူး။ အဲ့ဒီမှာ စားမိတဲ့ ဘော်ဒါတစ်ယောက်က ကံစမ်းမဲပေါက်ပြီး နှာခေါင်းတွေ ဘာတွေ ပွင့်သွားရှာတယ် သူက လေးခွက်ပါ တစ်ပွဲကို ၇၉၀၀ ကျပ်ပါ။

နောက်တစ်ခုက ‪#‎Framing‬ Cheeesy Baked Rice ပါ ။ သူက ခဲပတ်ခွက်လေးနဲ့  အထဲမှာ ကြက်သွန်ဆော့စ် နဲ့  ရောနယ်ထားတဲ့ ထမင်း တစ်ထပ် ၊ ငါးတစ်ထပ် ၊ ချိစ်တစ်ထပ်ပါ ။ ကိုယ်အရမ်းကြိုက်တာလေးတစ်ခုက ကိုယ်တွေ အနားကို ချပေတဲ့ အခါ ဟင်းပွဲအပေါ်ဆုံးက ချီစ်ပေါ်မှာ မီးနဲ့ မှုတ်ပေးပါတယ်။ ဟင်းပွဲ နာမည်အတိုင်း Framing လုပ်ပေးတာပေါ့။ အထဲကို ဇွန်းနဲ့ နိုက်လိုက်ရင် ချိစ်တစ်ထပ် ၊ ငါးတစ်ထပ် ၊ ထမင်းတစ်ထပ်နဲ့  စားရတာ တော်တော်လေး အစပ်အဟပ် တည့်ပါတယ်။ ပြီးတော့ ဟင်းပွဲနဲ့ အတူတူပါတဲ့ ဘရိုကိုနီ စိမ်းစိမ်းလေးတွေကို စားရတာလည်း အရသာရှိပါတယ်။ တစ်ပွဲကို ၇၉၀၀ ကျပ်ပါ။

‪#‎Curry‬ Hill Seafood - ဒီတစ်ခုကတော့ ကိုယ်အကြိုက်ဆုံးပါ ။ ဘာလို့ လဲ ဆိုတော့ Lobster ရယ် ၊ ယောက်သွားကောင် အမဲလေး Mussel တွေရယ် ၊ ငါးရယ် ကို အိန္ဒိယ အရသာ လိုမျိုး ဟင်းအနှစ် မဆလာနဲ့ ချက်ထားတာလေးပါ။ သူနဲ့ အတူတူ စားဖို့  baguette ပြင်သစ်ပေါင်မုန့် အရှည်လေးတွေကို အပိုင်ပိုင်းလေး နဲ့  ၊ ငရုတ်ပွသံပူရာကြော်တို့ ကို ခြင်းလေးနဲ့ တစ်ခြင်း ထည့်ပေးထားပါတယ်။

အဲ့ဒီ ပေါင်မုန့် မာမာလေးကို ဟင်းအနှစ်လေးနဲ့ တို့ ကာတို့ ကာ စားရတာက တော်တော် ကောင်းပါတယ်။ ဒီဟင်းပွဲကိုပဲ အများကြီးစားပစ်လိုက်တယ်။ Lobster ကလည်း ရှယ်ကောင်း။

မဆလာနံ့ လေးသင်းသင်းလေးနဲ့  ကိုယ်တွေ မြန်မာပါးစပ်နဲ့ တော်တော် တည့်ပါတယ်။ တစ်ပွဲကို ၁၄၉၀၀ ကျပ်ပါ ။ Slipper Lobster သုံးထားလို့ ဈေးကတော့ နည်းနည်းကြီးပါတယ် ။ ပြီးတော့ ကိုယ်လည်း ကြိုက်ပါတယ်

သောက်စရာ အနေနဲ့  ဖျော်ရည်လေးတွေလည်း မှာကြပါတယ်။ Dessert Menu က သီးသန့် ဆိုတော့ နာမည်ဆန်းဆန်းလေးတွေနဲ့ အအေးလေးခွက်မှာကြတယ်။ ဒါတွေကလည်း ဒီဆိုင်လေးနဲ့  နာမည်ကြီး ဖျော်ရည်တွေ ပါတဲ့ ။ နာမည်တွေကလည်း ထူးထူးဆန်းဆန်းပါ ။

‪#‎Lemon‬ grass ၊ ‪#‎Sunset‬ by the bay ၊ ‪#‎Passionate‬ Peach နဲ့  ‪#‎Happiness‬ Infusion တွေတဲ့ ။ တစ်ယောက် တစ်ခွက်စီမှာပေမဲ့ အရသာအကုန်သိအောင်ဆိုပြီး ခွက်လှည့်ပြီး သောက်ကြတယ်။ အဲ့ထဲမှာ ကိုယ်အကြိုက်ဆုံး ကတော့ Peach အရသာ ပိုရတဲ့ Sunset by the bay လေးပါ။ အဲ့ဒီ ဖျော်ရည်တွေရဲ့  ထူးခြားချက် တစ်ခုစီက ဖျော်ရည် စပ်ထားတဲ့ အရောင်နဲ့ အရသာက ကွာပါတယ်။ ဥပမာ လိမ္မော်ရောင်ရှိတဲ့ ဖျော်ရည် ဆိုရင် သောက်လိုက်ရင် လိမ္မော်အရသာလို့ ထင်ပေမဲ့ တကယ် အရသာက Mixed ဖြစ်နေတဲ့အတွက် Peach အရသာကို ပိုခံစားရပါတယ်။ ဒီလိုမျိုးလေးတွေပါ ။ လေးမျိုးစလုံး တစ်ခွက်ကို ၃၂၀၀ ကျပ်ပါတဲ့။

အားလုံးစားပြီးတော့ ဗိုက်က တော်တော်လေး တင်နေပါပြီ ။ အဲ့ဒီမှာ ဘော်ဒါက သူတစ်ခါ လာစားတုန်းက ထူးထူးဆန်းဆန်း Dessert တစ်ခုစားဖူးတယ်တဲ့ ။ ငှက်ပျောကြော်ရယ် ၊ ရေခဲမုန့် ရယ် ၊ အုန်းနို့ ပူပူလေး ဆမ်းထားပေးတဲ့ မုန့် တဲ့ ။ နာမည်ရှာကြည့်တော့ ‪#‎Sizzling‬ Banana Fritters ပါ ။ အဲ့ဒါလည်း ကောင်းတယ် ကိုယ်တွေကို စားကြည့်ဆိုလို့  မှာလိုက်တယ်။ သူက ငှက်ပျောသီးကြော် ပူပူလေးအပေါ်မှာ ရေခဲမုန့် တင်ထားပြီး အပေါ်ကနေ အုန်းနို့ ဆမ်းထားပေးတာပါ ။ ပြီးတော့ ကျောက်အိုးပူလို ပန်းကန်ပူပူမှာ ထည့်ထားပေးတော့ အုန်းနို့ အပေါ်ကနေ ဆမ်းလိုက်တဲ့ အခါမှာ တရှူးရှူးထမြည်ပါတယ်။ အဲ့ဒါနဲ့ အားလုံး စိတ်ဝင်စားသွားပြီး ခေါင်းထောင်လာကြတယ်။ ဇွန်းလေးကိုယ်စီကိုင်လို့  ဗိုက်ဝနေသည်တိုင်အောင် ထိုအချိုပွဲကို နိုက်မြည်းပါတော့တယ်။ ငှက်ပျောကြော်ရယ် ရေခဲမုန့် ရယ်ကို ဇွန်းနဲ့  ထိုးချလိုက်ပြီး အောက်မှ အုန်းနို့ လေးတွေကို ကလော်လိုက်တဲ့ အခါမှာ သုံးမျိုးစပ်ထားတဲ့ အရသာဟာ ပါးစပ်ထဲ ဝင်လာပါတယ်။ ဟုတ်ကဲ့ ပါးစပ်ထဲ ပျော်ဝင်သွားတဲ့ ရေခဲမုန့် အရသာရယ် ၊ ငှက်ပျော်သီးကြော် ပူပူလေးရယ် ၊ အုန်းနိုးအရသာရယ်ဟာ ပါးစပ်ထဲမှာ ချိုမြမြလေးနဲ့  စားလို့  တော်တော် ကောင်းပါတယ်။

ကိုယ့်အနေနဲ့ ကတော့ Manhattan fish market ကို ကြိုက်ပါတယ်။ကိုယ်တွေလိုပဲ သူငယ်ချင်းတွေ အဖွဲ့ လိုက် လာကြတဲ့ သူတွေ ၊ မိသားစုလိုက် လာကြတဲ့ သူတွေ တော်တော်များများ ပါပဲ ။ ဒီဆိုင်လေးက ပင်လယ်စာတွေ ရတဲ့ ဆိုင်ဆိုပေမဲ့ ပုံမှန်စားနေကြ ပင်လယ်စာ ဆိုင်တွေလိုမျိုး မဟုတ်ဘဲ ထူးထူးဆန်းဆန်း အရသာနဲ့  စားစရာတွေ ရှိပါတယ်။ အစားအစာ တော်တော်များများဟာ ငါး ကို အဓိက သုံးတဲ့ အတွက် အဆီလည်း နည်းပါတယ်။ ဈေးနှုန်း ကတော့ နည်းနည်းကြီးတယ်လို့ ထင်ရပေမဲ့ စားရတဲ့ အရသာရယ် ၊ ဝန်ဆောင်မှုရယ် ၊ ဆိုင်အပြင်အဆင်တွေ စတာတွေက ကိုယ့်ကိုစိတ်ကျေနပ်မှု ပေးလို့  တန်ပါတယ်။

လူများနေတဲ့ အချိန်ဆိုရင် ဟင်းလျာ တစ်ခုနဲ့ တစ်ခု ချက်ပြုတ်တဲ့ အချိန်မှာ နည်းနည်းကြာတက်ပေမဲ့ မှာပြီး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပေးတာလို့ သိရတဲ့ အတွက် စောင့်ရတာ တန်တယ်လို့  ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဗိုက်အရမ်းဆာနေတဲ့ အချိန်တော့ နည်းနည်းသည်းခံဖို့ လိုပါတယ် ဟင်းပွဲ မီနူးတွေကလည်း အရင်ကထက် ရွေးစရာ ပိုများလာပြီ ဆိုတော့ အဆင်ပြေမယ် လို့  ထင်ပါတယ်။

Fred ( MyLann)