The Square (Food by Nature) @ Novotel Hotel 1740 views


ရန်ကုန်မြို့ရဲ့ အချက်အချာနေရာတစ်ခုဖြစ်တဲ့ ပြည်လမ်းမပေါ် -

အဲ့ဒီလမ်းမကြီးပေါ်က ခမ်းနားထည်ဝါခြင်းတို့နဲ့အတူ အချိန်တိုကာလအတွင်း အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိနေသော၊ တဟုန်တိုး နာမည်ကျော်ကြားလာသော၊ ကမ္ဘာ့အဆင့်မှီ မြန်မာနိုင်ငံသားပိုင် ဟိုတယ်ကြီးတစ်ခုဆိုလျှင် "Novotel Hotel"ကိုဆိုလိုမှန်း အားလုံးသိကြပေလိမ့်မည်။  ထိုဟိုတယ်ကြီးတွင် နေ့လည်စာစားဖို့ အကြောင်းဖန်လာသောအခါဝယ်.. .. ..
ကြီးကျယ်ခမ်းနားလှတဲ့ "Novotel" ဟိုတယ်တွင် Restautant (၄)ခု ရှိနေပြီး French Restaurant, Japanese Restaurant, Chinese Restaurant နှင့် International Buffet Restautrant ဆိုပြီး နိုင်ငံတကာမှ အစားအစာတွေကို တစ်နေရာထဲတွင် ရရှိနိုင်အောင် စီစဉ်ဖွင့်လှစ်ထားပါတယ်။ ဒီနေ့အတွက် သွားရောက်မြည်းစမ်းဖြစ်ခဲ့တာကတော့ "International Buffet Restaurant" မှာပါ။ All Day Dining ဖြစ်တဲ့အတွက် နံနက်စာ၊ နေ့လည်စာ နှင့် ညစာ (၃)မျိုးစလုံး ရရှိနိုင်တဲ့ Buffet Restaurant ဖြစ်ပါတယ်။ နံနက်စာကို မနက် (၆)နာရီ မှ (၁၀:၃၀)နာရီထိ၊ နေ့လည်စာကို နေ့လည် (၁၂:၀၀)နာရီ မှ (၂:၃၀)နာရီထိ၊ ညစာကိုတော့ ညနေ (၆:၀၀) မှ (၁၀:၃၀)နာရီထိ သုံးဆောင်နိုင်ပါတယ်။ နံနက်စာအတွက် US$18, နေ့လည်စာအတွက် US$30 နှင့် ညစာအတွက် US$35 သတ်မှတ်ထားပါတယ်။ အသက် (၁၂)နှစ်အောက် ကလေးများကို လူကြီးဈေးနှုန်း၏ တစ်ဝက်ကောက်ခံမည်ဖြစ်ပြီး အသက်(၆)နှစ်အောက်ကလေးများအတွက်တော့ FOCရရှိမှာ ဖြစ်ပါတယ်။ (ဈေးနှုန်းများတွင် Taxပါပြီးဖြစ်ပါသည်။) ကျွန်မကတော့ နေ့လည်ခင်းမှ ရောက်ဖြစ်ခဲ့လို့ နေ့လည်စာစားဖြစ်ခဲ့ပါတယ်။ စားသောက်ဆိုင်ထဲကို ဝင်လိုက်တာနဲ့ တပြိုင်နက် ခမ်းနားထည်ဝါခြင်း နဲ့အတူ အမြင်ဆန်းသစ်မှုတို့က စိတ်ကိုလန်းဆန်းစေပြီး ဖော်ရွေသော ဝန်ထမ်းတို့ကလည်း နှစ်လိုဖွယ်အပြုံးနဲ့ ဆီးကြိုလို့နေပါတယ်။ သန့်ရှင်းသပ်ရပ်လှသော စားသောက်ဖွယ်ရာ အခင်းအကျင်းကို မြင်ရတဲ့တစ်ခဏမှာ အမြင်အာရုံဖြင့်ပင် စားချင်စိတ်ကို နှိုးဆွလိုက်နိုင်ပါတယ်။ ပထမဆုံး Main Dishes နှင့် Side Dishes ဟင်းပွဲများထားရာကောင်တာကို စတင်လေ့လာဖြစ်ပါတယ်။ ဟင်းစုစုပေါင်း (၈)မျိုးတိတိတည်ခင်းထားပြီး တစ်နေ့နဲ့တစ်နေ့ ဟင်းမထပ်ရအောင် စီစဉ်ချက်ပြုတ်တယ်လို့ သိရပါတယ်။ ဟင်းအမယ်တွေကို ပြောရမယ်ဆိုရင်တော့ "Stir Fried Mixed Vegetables, Roasted Baby Potatoes, Flat Noodles with Dry Shrimps, Pan Seared Sea bass with Lemon Butter, Sweet & Sour Prawn, Roasted Chicken Breasts with Herb, Myanmar Mutton Curry, Grilled Beef Tenderloin with Red Wine Sauce"တို့ပဲဖြစ်ပါတယ်။ အသီးအရွက်၊ အသား၊ ငါး နှင့် ပုဇွန် တို့ကို အစုံအလင်ပါဝင်စေခြင်းဖြင့် စားသုံးသူတို့အတွက် အဟာရမျှတစေရန် အထူးရည်ရွယ်ထားတာ တွေ့ရပါတယ်။ အသီးအရွက်စုံကြော်၊ အာလူးသေးသေးကင်၊ ညှပ်ဖတ်ပုဇွန်ခြောက်ကြော်၊ ငါးသေတ္တာထောပတ်ကင်၊ ပုဇွန်ချိုချဉ်၊ ကြက်ရင်ဖုံကင်၊ ဆိတ်သားအာလူးဟင်း၊ အမဲမိုးခိုသားကင် နှင့် ပုဇွန်တုံယမ်းဟင်းချို စသည်ဖြင့် ထူးခြားဆန်းပြားသော ဟင်းအတွဲအစပ်များကို မြည်းစမ်းဖြစ်ခဲ့ပါတယ်။ အင်မတန်နူးညံ့သော အမဲမိုးခိုသားမှာ လျှာပေါ်တင်အရည်ပျော်လောက်အောင် ကောင်းမွန်သည့်အပြင် အနံ့ရောအရသာပါ ပြည့်စုံလွန်းလှပါတယ်။ စိတ်တိုင်းကျတယ်ဆိုတာထက်ကို သာလွန်တဲ့ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ အမဲသားဟင်းပွဲပဲဖြစ်ပါတယ်။ ကြက်ကင်နှင့် အမဲကင် အကင်(၂)မျိုးပါသော်ငြားလည်း အခြေခံအရသာကအစ ကွဲပြားတာတွေ့ရပါတယ်.။ ငါးသေတ္တာငါးကို အိုးကင်းပူတိုက်ပြီး အပေါ်မှထောပတ်ကို အပူပေးကာ စမ်းထားသည်မှာလည်း ဆန်းသစ်သည့်အရသာ(၂)မျိုးကို တပြိုင်တည်းခံစားရစေပါတယ်။ လတ်လတ်ဆတ်ဆတ်ပုဇွန်ကို မမာစေဘဲ နုအိရုံအနေအထားဖြင့် စားကောင်းစေရန် ချိုချဉ်အရသာချက်ထားသည်မှာလည်း တခြားဟင်းများဖြင့် လိုက်ဖက်ညီလှပါတယ်။ အရောင်အသွေးစုံစုံလင်လင်ဖြင့် စားချင့်စဖွယ် အသီးရွက်စုံကြော်ကလည်း အရသာတွေ့ ထမင်းမြိန်စေရန် တစ်ဒေါင့်တစ်နေရာမှ ပါဝင်အားဖြည့်ပေးထားပါတယ်။ တကယ်ကို မြိုင်ဆိုင်လှတဲ့ ထမင်းပွဲကို သုံးဆောင်ရတဲ့အတွက် စိတ်တိုင်းကျလှပါတယ်.. ဒါ့အပြင် ဟင်းအရံအဖြစ် "အသုတ်"များကိုလည်း ကောင်တာတစ်ခုဖြင့် ထားပေးထားတဲ့အပြင်၊ မိမိကြိုက်နှစ်သက်ရာ အသီးအနှံများကို ရွေးချယ်ပြီး ချက်ချင်းကြော်၊ ချက်ချင်းစားနိုင်အောင် စီစဉ်ပေးထားတာလည်း ရှိပါတယ်။ အချိုပွဲကောင်တာမှာလည်း တကယ်ကို စုံစုံလင်လင်ခင်းကျင်းထားတာကြောင့် စိတ်တိုင်းကျ ရွေးချယ်ပြီး အချိုတည်းနိုင်ပါတယ်။ မိမိစိတ်ကြိုက် အားပါးတရ သုံးဆောင်ရတဲ့အတွက် စိတ်ကျေနပ်မှုကို အပြည့်အဝရရှိခဲ့ပါတယ်။ နေရာထိုင်ခင်းကတော့ အထူးပြောနေစရာမလိုဘူး ထင်ပါတယ်။ စားသောက်ဆိုင်တစ်ခုတည်းမှာပင် ဖြစ်လင့်ကစား တစ်ချို့နေရာက မိမိအိမ်ကဲ့သို့ နွေးထွေးမှုကို ခံစားရစေပြီး တစ်ချို့နေရာကတော့ နေရောင်အောက်မှာ သဘာဝရှုခင်းကို စီးမိုးခံစားရင်း ရွှင်လန်းတက်ကြွနေစေပါတယ်။ မိမိမှာ ကလေးငယ်နှင့်အတူ စားသောက်ဖို့ဖြစ်လာပြီဆိုလျှင် "ဘာကျွေးရမလဲ?" ဆိုတဲ့ စိတ်ပူပန်မှုကို ဖြေရှင်းပေးနိုင်ရန် "Menu for Kids" ဆိုတဲ့ ကလေးများအတွက် Menuသီးသန့် စီစဉ်ပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Buffet Menuထဲရှိ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး စသည်တို့ကို သုံးဆောင်နိုင်ရုံမျှမက မိမိစိတ်ကြိုက် ရွေးချယ်သောက်သုံးနိုင်ရန် နိုင်ငံတကာအသီးသီးမှ "ဝိုင်"တို့ကိုလည်း ထားရှိပေးထားပါတယ်။ စားသုံးသူ Customerများအတွက် လိုအပ်ချက်ဆိုတာ မရှိရအောင် အဖက်ဖက်မှ ဖြည့်ဆည်းပေးထားတာ တွေ့ရပါတယ်။ အရည်အချင်း ပြည့်ဝတဲ့ နိုင်ငံတကာမှ စားဖိုမှူးကြီးများရဲ့ အစားအသောက်များကို သုံးဆောင်ရင်း ရင်သပ်ရှုမောစရာ Novotel Hotel ကြီးရဲ့အပြင်အဆင်များအောက်မှာ ရင်ခုန်စရာနေ့ရက်လေးကို ပိုင်ဆိုင်ခဲ့ရလို့ စိတ်ကျေနပ်မှုအပြည့်အဝရရှိခဲ့ပါတယ်ရှင်..