ထျန်းရှန်း မွန်ဂိုရိုးရာ ဟော့ပေါ့ဆိုင် 788 views


ဒီဆိုင်လေးက ဗိုလ်ရာညွန့် လမ်းထဲမှာ ရှိပါတယ်။ ဆိုင်က အရမ်းတော့ မကြီးပါဘူး ။ ဒါပေမဲ့ ကိုယ်တွေ သွားစားကြည့်တဲ့ အခါ အရသာ တော်တော်ကောင်းပြီး တခြားဟော့ပေါ့ဆိုင်တွေနဲ့ မတူတာကြောင့်မို့ လို့  ရှယ်ပေးပါရစေ။

ဒီဆိုင်လေးကို ဗိုလ်ရာညွန့် လမ်းထဲက Hidden Gems လေးလို့ တောင် တင်စားချင်တယ်။ ဆိုင်လေးကလည်း သေးတော့ လူသိပ်မသိဘူး ။ ဒါပေမဲ့ စားဖူးတဲ့ ဘော်ဒါတစ်ယောက်က စားကြည့် တခြားဟော့ပေါ့ ဆိုင်တွေနဲ့ မတူဘူး ဆိုလို့  မြည်းစမ်းဖြစ်ခဲ့တယ်။

သူက မွန်ဂိုလီးယား စတိုင် ဟော့ပေါ့ပါတဲ့ ။ ထူးခြားတာ တစ်ခုက ဟော့ပေါ့ဟင်းရည်ပဲ ။ ရိုးရာဆေးမြစ်ဆေးဥတွေ အပွင့်အခတ်တွေ စုံနေတာပဲ ။ အဲ့ဒါကို ကြက်ပြုတ်ရည် နဲ့ ရောစပ်ပြီး ဟော့ပေါ့ ဟင်းရည် လုပ်ထားတာပါ။ အချိုနဲ့ အစပ်နှစ်မျိုးပါတယ်။ ဆေးမြစ်စုံ ထည့်ထားတဲ့ ဟော့ပေါ့ဟင်းရည်ချည်း သောက်ရင် တောင် အရသာ တော်တော်ရှိတယ်။ ကျန်းမာရေးအတွက် တော်တော်ကောင်းဆိုပဲ။ ဟင်းရည်ဆူလာပြီး ဆိုရင် အနံ့ ကလည်း ဆေးမြစ်နံ့ လေးတွေ တော်တော်မွှေးတယ်။ဟော့ပေါ့ဟင်းရည်ကို ပွဲအလိုက်ရောင်းပါတယ်။ နှစ်ယောက်စားလို့ ရတဲ့ တစ်ပွဲကို ၂၀၀၀ ကျပ်ရှိပါတယ်။ ၇-၈ယောက် အထိ စားမယ် ဆိုရင်တော့ အိုးအကြီးတစ်အိုးကို ၄၀၀၀-၄၅၀၀ ကျပ်ရှိပါတယ်။ သူက ဘူဖေးတော့ မဟုတ်ပါဘူး။

ကိုယ်ကြိုက်တဲ့ အသားတွေ အရွက်တွေ ကို မီနူးထဲမှာ ကြည့်ပြီး ပွဲအလိုက် မှာရတာပါ ။ အသားကတော့ ကြက်သား ၊ ဝက်သား ၊ အမဲသား ၊ ဆိတ်သား ၊ ပင်လယ်စာ စိတ်ကြိုက် ရွေးမှာလို့ ရပါတယ်။ တစ်ပွဲကို ၂၀၀၀ တန်ကနေစလို့  အစားစားရှိပါတယ်။ အသားတွေကလည်း လတ်လတ်ဆတ်ဆတ်ပါပဲ။ အသီးအရွက်တွေကလည်း ကိုယ်ကြိုက်လို ထည့်စားလို့ ရပါတယ်။

ကိုယ်အနေနဲ့ အကြံပြုချင်တာက ပုံမှန် အသားတွေ အရွက်တွေ အပြင် ဒီဆိုင်က ထူးခြားတဲ့ မွန်ဂိုစတိုင် အသားလုံးတွေ စားကြည့်စေချင်ပါတယ်။ အမျိုးအစား ၄၀ ကျော်လောက် ရှိပါတယ်။ အထဲမှာ အသားတွေကို ကြိတ်ပြီး လုံးထားတာတို့  ၊ ငါးဥလေးတွေကို ထည့်ပြီး လုံးထားတာတို့  ၊ တိုဟူးနဲ့ လုံးထားတာတို့ အစုံပါပဲ။ ဟင်းရည်ထဲ ထည့်ပြုတ်ပြီး စားရင် တော်တော်ကောင်းပါတယ်။ သူလည်း တစ်ပွဲချင်းစီမှာလို့ ရပါတယ်။

နောက်တစ်ခုက ထိုင်ဝမ် ပုဇွန်ကြော်ပါ။ Shrimp Patties လို့  ခေါ်ပါတယ်။ စားလိုက်ရင် တစ်ခုပြီး တစ်ခု ထပ်စားချင်အောင် အရသာရှိပါတယ်။ ပြီးတော့ ကန်စွန်းဥကို ကြာဇံအမျှင်လေးတွေနဲ့ ပတ် ပြီး ကြော်ထားတာလေးပါ။ အပြင်မှာ ကြာဇံသားက ကြွပ်ရွနေပြီး အထဲက ကန်စွန်းဥက ချိုမြမြ လေးပါ။ တော်တော် ကောင်းပေမဲ့ တစ်ပွဲမှာ လေးခုပဲ ပါတော့ စားရတာ မဝဘူး tongue emoticon

ချစ်စရာကောင်းတာလေး တစ်ခုက ဝါးဘူးခြမ်းလေးမှာ ပုဇွန်ရယ် ၊ ပြည်ကြီးငါးရယ်ကို နူပ်နူပ်စဉ်းပြီး သွပ်ထားတာလေးပါ။ ကိုယ့်အတွက်ကတော့ ဒီလိုမမြင်ဖူးတော့ တော်တော်လေး ထူးဆန်းနေတယ်။ ဒါကို ဝါးပြားလေးနဲ့ ကလော်ပြီး ဟော့ပေါ့အိုးထဲ ထည့်ပြုတ်စားရပါတယ်။ အရသာကလည်း ဟင်းရည်ထဲ ပေါင်းလိုက်တော့ ပိုမွှေးနေတယ်။

ထျန်းရှန်းဟော့ပေါ့ ဆိုင်လေးက ဖွင့်တာ တစ်နှစ်ခွဲရှိပါပြီတဲ့ ။ မလေးရှားဘက်မှာလည်း ဆိုင်ခွဲတွေ ရှိတယ်လို့ ပြောတယ်။ သူက ထိုင်ဝမ်ဘက်က လာဖွင့်တဲ့ ဆိုင်ဆိုတော့ လူသိ သိပ်မရှိဘူး ထင်ပါတယ်။ကိုယ်တွေလို အမှန်အကန် စားသုံးသူတွေ မတွေ့ သေးတဲ့ နေရာလေးပါ။ ဒါပေမဲ့ ရှာရှာဖွေဖွေ စားတက်တဲ့ ကိုယ်တို့ လို လူတွေအတွက်ကတော့ တကယ် ကောင်းတဲ့ ဆိုင်လေးပါ။ သွားစားဖို့ လည်း ညွန်းပါတယ်။ အေးအေးလူလူရှိတယ်။ ဆိုင်ကလေးလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့  ဘော်ဒါတွေနဲ့  သီးသီးသန့် သန့် စားမယ်ဆိုရင် အဆင်ပြေတယ်။ မွန်ဂိုလီးယားစတိုင်ဆိုတော့ တခြားဆိုင်တွေနဲ့ တော့ အရသာ ကွဲပါတယ်။ အချိုမှုန့် တွေ ဘာတွေ မသုံးဘူးလို့ ပြောတယ်။ ဘူဖေးမဟုတ်တော့ အရံစားစရာတွေ ၊ အချိုပွဲတွေတော့ မရှိပါဘူး ။ ဒါပေမဲ့ ဟော့ပေါ့ကောင်းကောင်း စားရမှာပါ။ အဆီအဆိမ့်လည်း နည်းပါတယ်။

ကဲ မြည်းစမ်းချင်တဲ့ ဘော်ဒါတွေအတွက် ဆိုင်လိပ်စာလေးကို မျှပေးချင်ပါတယ်။

ဆိုင်က နည်းနည်းသေးတော့ လူသိပ်သတိမထားမိဘူး ။ နဝဒေးလမ်းနဲ ဗိုလ်ရာညွန့် လမ်းဆုံမှာ ရှိပါတယ်။ ဗိုလ်ရာညွန့် ဘက် ကို ပို သွားရပါတယ်။ ဆိုင်းဘုတ်အစိမ်းရောင်လေး ကပ်ထားပါတယ်။

လိပ်စာ အတိအကျဆိုရင်တော့..
"ထျန်းရှန်း ဟော့ပေါ့"
အမှတ်(၃၈/၄၀) ဗိုလ်ရာညွန့် လမ်း ၊ အပေါ်ဘလောက် ၊ ဒဂုံမြို့ နယ်
ဖုန်းနံပါတ်က - ၀၉ ၂၅၄ ၂၆၆ ၇၀၅ ၊ ၀၉ ၂၆၃ ၉၅၉ ၇၁၇ ပါ။

ပိတ်ရက်မှာ အစားကောင်းကောင်း စားနိုင်ကြပါစေ

Fred ( MyLann)