ရိုးရာအခင်းအကျင်းနဲ့  ကိုးကန့် ခုပ်ဖူ စားသောက်ဆိုင် 797 views


ခုပ်ဖူ ဆိုင် ဆိုရင် ကိုးကန့် ရိုးရာ အစားအစာဆိုပြီး နာမည်ကြီးပါတယ်။ စပြီး စားဖူးတာ ကတော့ အလုံဘက်မှာ ဖွင့်ထားတဲ့ ဆိုင်ပါ။ အခုဆိုင်ကတော့ ကန်တော်ကြီး မျှော်စင်ကျွန်းနားက ဆိုင်လေးပါ။ ကန်တော်ကြီး မျှော်စင်ကျွန်းမှာကတော့ အခု နောက်ပိုင်း စားသောက်ဆိုင်တွေ တော်တော်လေးများလာပါပြီ။ ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက သွားခဲ့တာ ဆိုရင် ဆောက်လက်စ ဆိုင်တွေကော ၊ ဆိုင်အသစ်တွကော တော်တော်များများ တွေ့ ပါတယ်။ ကန်တော်ကြီးက မရောက်တာလည်း ကြာပြီ လူရှုပ်တာနဲ့  တကူးတက မသွားဖြစ်တာလည်း ပါတယ်။ အခုက ဘော်ဒါတစ်ယောက်က ကျွေးမယ် ဆိုလို့ တကူးတက ရောက်ဖြစ်သွားတာ။ သွားတဲ့ အချိန် မိုးကလည်း ကောင်းတော့ ခုပ်ဖူဆိုင် ရောက်သွားတဲ့ အချိန် ကွတ်တိ ဖြစ်သွားတယ်။ အစားအစာတွေက အစပ်ဘက်ပိုတဲ့ အစားအစာတွေ ဆိုတော့ ချမ်းစိမ့်စိမ့် ရာသီဥတုမှာ ပူနွေးနွေးလေး ဖြစ်သွားတာပေါ့။

ပထမဆုံး ဒီဆိုင်ကို သဘောကျတာက ဝါးတွေချည်း တစ်ဆိုင်လုံး သုံးပြီး ပြင်ဆင်ထားတာပါ။ ဝါးအကွင်းလိုက်နဲ့ လုပ်ထားတဲ့ နံရံ ၊ ဝါး ဘူးလေးတွေ ၊ ဝါးတံခါး ၊ ဝါးထိုင်ခုံ ၊ ဝါးစားပွဲ နောက်ဆုံး ထည့်စားတဲ့ ထမင်းပန်ကန်လုံးက အစ ဝါးပန်းကန်လုံး ပါ။ ဒီတော့ စဉ်းစားမိသေးတယ် ဒီလောက် များတဲ့ ဝါးတွေ အရွယ်စုံ ကို ဘယ်လိုများ သယ်လာပြီး လုပ်ထားသလဲ ဆိုတာ :D

ကဲ Intro တော့ ရှည်နေမှာ စိုးလို့  စားဖြစ်တာလေး ရှဲပါရစေ ။

ငါးမျှစ်ချဉ်ဟင်းရည်

မိုးရာသီအကိုက် ချဉ်စပ်စပ်လေး စားချင်တယ်ဆိုတော့ ငါးမျဉ်ချဉ် ဟင်းရည်လေး မှာလိုက်တယ်။ လာချပေတော့ တစ်ပုံတစ်ခေါင်ကြီး :P အဲလေ.. အများကြီး လူ၆ယောက်လောက် စားလို့ ရတဲ့ ဟင်းရည်ခွက်လိုက် လာချပေးတာ။ ကိုယ်င်္တွေကတော့ ဝါးခွက်လေးတွေနဲ့ တစ်ယောက်စာစီ ထည့်ပြီး စားကြတယ်။ ငါးက တော်တော်ချိုတယ်။ အသားတွေလည်းအများကြီးနဲ့ ပါ။ မျစ်ချဉ်ကလည်း ပေါပေါလောလောပဲ ။ မိသားစုလိုက် စားရင် ပိုတန်မယ် ထင်တယ်။ အများကြီးပါတော့ ကိုယ်တွေတောင် လေးယောက်ရှိတာ မနည်းစားရတယ်။ ဒီတော့ လူနည်းတော့ မတန်ဘူးလို့ တောင် ခံစားရတယ်။ သူက တစ်ပွဲ ၁၁၀၀၀ ကျပ်ပါတဲ့။

ဆတ်သားခြောက်ထောင်းသုပ်

ဆတ်သား မွမွလေးကို ကြက်သွန်နဲ့ ပါးပါးလှီးပြီး သုပ်ထားတာ။ ပဲဆီလေး ဆမ်းထားပေးတယ်။ ငရုတ်သီးစိမ်းကို လှီးပြီး ထည့်ပေးထားတယ်။ ဆတ်သားခြောက်စစ်တယ်။ပြီးတော့ ဈေးကလည်း မြောက်တယ် :P တစ်ပွဲကို ၇၅၀၀ ကျပ်ပါ။

အာလူးထောင်း

အာလူးထောင်ကတော့ ရှမ်းပြည်ဘက် က လက်ရာမျိုးပါ။ အာလူးကို အရသာတွေထည့်ထောင်းထားပြီး အပေါ်မှာ ဆီကျက် ၊ ငရုတ်သီးမှုန့် ကြော်ထားတာလေး လောင်းထားပေးတယ်။ အရသာကတော့ အပေါ့အငန် အနေတော်ပဲ ။ ဈေးကလည်း တစ်ပွဲ ၃၅၀၀ ကျပ်ပါ။

ပဲကော့ ကညွတ်ကြော်

ကညွတ်ရယ် ၊ နှစ်တစ်ရာသီးရယ်ကို ရော်ကြော်ထားတာလေးပါ။ အစပ်အဟက် တည့် အောင် ငရုတ်သီးခြောက်လေး ထည့်ပေးထားတယ်။ အရသာကတော့ ပုံမှန်ပါပဲ ။ စားလို့  တော့ ကောင်းတယ်။ ထည့်ပေးထားတဲ့ ဝါးခွက်လေးက ချစ်စရာလေး ။ ဈေးကတော့ တစ်ပွဲ ၆၀၀၀ ကျပ်တဲ့။

ငှက်ပျောဖူးသုပ်

ငှက်ပျောဖူးသုပ်ပတော့ ခပ်စိမ့်စိမ့်လေးပါ။ အရသာကတော့ တိုင်းရင်းသား ဆန်တယ် ပြောရမလားပဲ ဆီနည်းနည်းပဲ ထည့်ပြီး သုပ်ထားတော့ စားရတာသိပ်မအီဘူး ။ခရမ်းချဉ်သီး ထည့်ပေးထားတယ်။ နံနံပင်လေး အုပ်ပေးထားတယ်။ အစပ်ပိုတယ်။ တစ်ပွဲကို ၄၀၀၀ ကျပ်ပါ။

ဒီဆိုင်မှာအစားအစာတွေက တော်တော်လေး လတ်ဆတ်တယ်။ ပြီးတော့ အသီးအရွက်တွေကလည်း တော်တော်လေး ခံတွင်းမိန်တယ် ။ ပြီးတော့ တော်တော်လေးလည်း ကုန်ပါတယ်လို့  :P ။ မိသားစုလိုက် ၊ ဘော်ဒါတွေ အများကြီးလိုက် လာစားမှ ပိုတန်မှာပါ။ ကိုယ်တွေ လေးယောက်လောက် စားတာတောင် အကုန်မစားနိုင်ဘူး ။ တစ်ပွဲ တစ်ပွဲကို အများကြီးလည်း ထည့်ပေးထားတော့ ဈေးကလည်း ထပ်တူ လိုက်ပါတယ်။ Service လည်း မဆိုးပါဘူး။ ဒီတော့ ++ တွေလည်း ထပ်ပေးရတာရှိပါတယ်။ ကိုးကန့် ရိုးရာ စားချင်သူများ အတွက် ဒါမှမဟုတ် နိုင်ငံခြားစားသောက်ဆိုင်လေးတွေနဲ့  ပေးရတဲ့ ဈေးနှုန်းချင်းအတူတူ ဒီလို ရိုးရာဆိုင်သန့် သန့် လေးတွေမှာ စားချင်သူများအတွက် ဒီဆိုင်လေးကလည်း သင့်တော်ပါတယ် ဆိုတဲ့ အကြောင်း မျှဝေလိုက်ပါတယ်။

Fred (MyLann)