Unforgettable Memory @ Lashio Shan Noodle 1689 views


"လားရှိုး"ဆိုတဲ့မြို့လေးကို ဘဝရဲ့ပျော်စရာအကောင်းဆုံးအချိန်မှာ ရောက်ခဲ့ဖူးပါတယ်.. တောတောင်အထပ်ထပ်ကာရံထားတဲ့ စိတ်ကူးယဉ်ဆန်တဲ့မြို့၊ သစ်ပင်အကြီးကြီးတွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းမြို့၊ အမှိုက်တစ်စမရှိဘဲ သန့်ရှင်းသပ်ရပ်တဲ့မြို့၊ အစားအသောက်မှာ အထူးကောင်းမွန်တာတွေများလှတဲ့ နေချင့်စဖွယ်မြို့လေးပဲဖြစ်ပါတယ်.. လားရှိုးကပြန်လာပြီး အစားအသောက်တွေကို အလွန်ပဲလွမ်းလှပါတယ်.. မနေ့ကတော့ www.mylann.com မှာ အမှတ်မထင် "လားရှိုး"ဆိုတဲ့ဆိုင်လေးကို တွေ့လိုက်မိတဲ့အချိန်မှာတော့ တကယ်စိတ်ဝင်စားသွားပြီး ချက်ချင်းပဲအရောက်သွားဖြစ်ခဲ့ပါတယ်.. ကျွန်မအလွမ်းတွေ ပြေမပြေဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်..

အနှစ်(၂၀)နီးပါး ရှိပြီဖြစ်တဲ့ ဒီဆိုင်လေးကို စမ်းချောင်းမြို့နယ်၊ စမ်းချောင်းမီးသတ်နားက ချမ်းသာလမ်းထဲမှာ ဖွင့်ထားပါတယ်.. ကျွန်မရောက်တဲ့အချိန်မှာ နံနက်စာစားချိန်မို့လို့ စားသုံးသူများနဲ့ စည်ကားနေပါတယ်.. အားလုံးတညီတညွတ်တည်း မှာယူနေကြတာက "ပဲနို့ရည်"ပါ.. ကျွန်မလည်း သူတို့နည်းတူ ပဲနို့ရည်တစ်ခွက်မှာယူလိုက်ပါတယ်.. ကိုယ်တိုင်လုပ်ထားတဲ့ ပဲနို့ရည်စိမ့်စိမ့်လေးက သဘာဝအတိုင်းအရသာလေးမို့ ကျွန်မသဘောကျသွားပါတယ်.. ကျွန်မလားရှိုးရောက်တုန်းက အသည်းအသန်ကြိုက်ခဲ့တာက "အမဲသားလုံးခေါက်ဆွဲ"ပါ.. အရမ်းစားချင်နေခဲ့တာ.. ရန်ကုန်က နာမည်ကြီးဆိုင်တွေမှာ သွားစားပေမဲ့လည်း လက်ရာမတူလို့ အကြိုက်မတွေ့ခဲ့ပါဘူး! အခု "လားရှိုး"ဆိုင်လေးကို ရောက်တော့ ကျွန်မစိတ်မကုန်စွာနဲ့ပဲ "အမဲသားလုံးခေါက်ဆွဲ"ကို မှာလိုက်ပါတယ်.. အို! အမဲသားလုံးဆိုပေမဲ့ အမဲသားပြားတွေရော၊ အမဲအူတွေရော အများကြီးပါလား.. အမဲသားလုံးက အကြောတွေမပါဘဲ ကောင်းသလို၊ အသားရော အူကပါ လုံးဝမညှီဘဲ တကယ်နူးညံ့ပြီး အနံ့လေးပါ မွှေးလှပါတယ်.. အရသာမှာ အချိုမှုန့်အရသာမပါလို့ သဘာဝအတိုင်းလေး စားကောင်းလှပါတယ်.. စေတနာအပြည့်နဲ့ အသားတွေ၊ အူတွေပါထည့်ထားလို့ ကျွန်မ စိတ်ကျေနပ်ရပါတယ်.. အဲ့ဒါနဲ့ နောက်ထပ်စားကောင်းတာ တစ်ခုလောက် ညွှန်းပေးပါဦးလို့ ဆိုင်ရှင်ကို ပြောလိုက်တော့ "ဆန်တိုဟူးသုတ်"လေး မြည်းကြည့်ပါလို့ ရှမ်းသံဝဲဝဲလေးနဲ့ ပြောလာပါတယ်.. ရန်ကုန်တို့ဟူးတွေလို အဝါရောင်မဟုတ်ဘဲ တို့ဟူးဖြူဖြူလေးကို ခရမ်းချဉ်သီးအနှစ်၊ ရှာလကာရေတို့နဲ့ သုတ်ထားပြီး ဂျင်းကိုတော့ အဖတ်လိုက်မတွေ့ရပေမဲ့ အဓိက အသုံးပြုထားတယ်လို့ ပြောပြပါတယ်.. အရသာ ချိုချိုချဉ်ချဉ်လေးနဲ့ ဆန်တို့ဟူးသုတ်လေးကို ကျွန်မစွဲလမ်းမိပါပြီ!! ဒီလောက်နဲ့ မရပ်နိုင်တော့ ဆိုင်ထဲဝင်လာတုန်းက တွေ့ခဲ့တဲ့ "ပေါက်ဆီပေါင်းအိုး"ဆီ စိတ်ကရောက်သွားပါတယ်.. ပေါက်ဆီကိုလည်း ကိုယ်တိုင်ပဲ လက်နဲ့ပြုလုပ်ပါတယ်တဲ့.. စက်နဲ့လုပ်ထားတဲ့ပေါက်ဆီလို မဟုတ်ဘဲ
အပြင်သားက အလွှာလိုက်လေးဖြစ်နေပြီးတော့ နူးညံ့တဲ့အနေအထားရှိပါတယ်.. ပေါက်ဆီအခွံက အရမ်းပျော့သွားရင်လည်း စားလို့မကောင်းတော့ဘူးဆိုတော့ အနေတော်လေးနဲ့ တော်တော်စားကောင်းပါတယ်.. (အပြန်မှာ (၃)လုံးပါဆယ် ဆွဲခဲ့သေးတယ် ) ပြီးတော့ ဆိုင်မှာ လူပိုသိပ်မထားဘဲ တစ်မိသားစုလုံး တက်ညီလက်ညီ အလုပ်လုပ်ကြတာ တွေ့ရပါတယ်.. "လွန်ခဲ့တဲ့ အနှစ်(၂၀) ရှမ်းခေါက်ဆွဲစရောင်းခါစ ရန်ကုန်သူ၊ ရန်ကုန်သားတွေ ခေါက်ဆွဲသိပ်မစားတတ်သေးတော့ ရောင်းရခက်ခဲခဲ့ပါတယ်.."လို့ ဆိုင်ရှင်မှ ပြောပြပါတယ်.. မုန်ညင်းချဉ်၊ ငရုတ်သီးအချဉ်စိမ်၊ ငရုတ်သီးကြော်တွေကအစ လူကြိုက်များလှတဲ့ ကိုယ်တိုင်လုပ် တွဲဖက်စားစရာလေးတွေဖြစ်ပါတယ်.. လူတိုင်းကို ဈေးသက်သက်သာနဲ့ စားစေချင်တဲ့စေတနာနဲ့ ဈေးအများကြီးမယူထားပါဘူးတဲ့.. ဟုတ်ပါတယ်.. "အမဲသားအမဲအူနိုင်းချင်း၊ အမဲသားလုံးအပြည့်"နဲ့ ခေါက်ဆွဲတစ်ပွဲမှ (၁,၅၀၀)ကျပ်ပဲ ပေးခဲ့ရပါတယ်.. မိဘမှတစ်ဆင့် သားသမီးထိပါ လက်ဆင့်ကမ်း သင်ယူလုပ်ကိုင်နေတာ တွေ့ရတော့ အတုယူစရာ ဖြစ်ရပါတယ်.. နောက်လည်း ဒီထက်အရသာရှိတာတွေ ချက်ပြုတ်နိုင်ပြီး သက်သာသောဈေးနှုန်းနဲ့ ရောင်းချနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်.. ဒီနေ့တော့ သေချာပေါက် ကျွန်မအလွမ်းပြေတဲ့နေ့ပါပဲရှင် !!

http://www.mylann.com/yangon/places/detail/lashio-shan-noodle