မြေနီကုန်းက အဝစားဘူဖေးအကင်ဆိုင်လေး 1091 views


အဝစား ဘူဖေး အကင် ကောင်းကောင်း စားချင်သူများအတွက် မြေနီကုန်းက ဝတုတ်ကြီး အဝစား BBQ ဘူဖေး ပါ ။

ဆိုင်လေးက မြေနီကုန်း Ice berry ဘေးဘက် ကပ်လျက် ရတနာလမ်းထဲနည်းနည်းဝင်ရပါတယ် ။ အဲ့ဒီမှာ Wa Tote Kyee Special BBQ Buffet ဆိုပြီး ဆိုင်ဘုတ်တင်ထားတဲ့ အပေါက်လေးကို တွေ့ ပါလိမ့်မယ်။ အဲ့ဒီကနေ နှစ်ထပ်လောက် တက်သွားရင် ဝတုတ်ကြီးကို တွေ့ ပါပြီ ။

ဆိုင်လေးက မှန် ပတ်လည် ကပ်ထားပြီး ၊ အမဲရောင်ဆေးသုတ်ထားတဲ့ စားပွဲ ၊ ထိုင်ခုံများ နဲ့ ဆိုင်က ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ နေရာ ယူလိုက်ပြီးတော့ အကင်စားဖို့ အတွက် ကိုယ်စားချင်တာ ရွေးလို့ ရတဲ့ စာရွက်လေး ဝိတ်တာက လာချပေးတဲ့ အခါ အကင်အပြင် ၊ အသီးအရွက် ၊ အကြော် ၊ အချိုပွဲ စတာတွေကို ပါ ရွေးလို့ ရအောင် လုပ်ပေးထားပါတယ်။ Self Service တော့မဟုတ်ဘူးပေါ့။ နောက် အသားကင်စားဖို့  မီးဖိုလာချပေးပါတယ်။ မီးဖိုက မီးသွေး မီးဖိုလေးပါ ။ စားပွဲအထဲမှာ ထည့်မြုပ်ပေးထားပြီး အထဲကနေ ပြာတွေ ကိုအောက်က လေစုတ်ပေးထားပါတယ်။ ဒီတော့ ပြာတွေ ဘာတွေတော့ အပြင်ကို ထွက်ကျမလာပါဘူး ။

အကင်စားမယ် ဆိုရင် ကိုယ်စိတ်ကြိုက် အသား ၊ ပင်လယ်စာ စသဖြင့် ရွေးလို့ ရပါတယ်။ ဝက်သား ၊ ကြက်သား ကို အမျိုးမျိုး ခွဲထားတဲ့ အပြင် ပုဇွန်ကြိုက်သူများအတွက် ကျားပုဇွန် ၊ ရေချိုပုဇွန်ဆိုပြီး နှစ်မျိုးစားလို့ ရပါတယ်။ တခြား ပင်လယ်စာနဲ့ အသားလုံးတွေလည်း ရပါတယ်။ အဲ့ဒီထဲမှာမှ ကြက်ကင် နဲ့ ဘဲကင်ကလည်း သပ်သပ် ပါ ပါသေးတယ်။ ကိုယ့်ဖာသာ ကင်ရတာမျိုးမဟုတ်ဘဲ အကောင်လိုက် ကင်ပြီးသားကို ပိုင်းပြီး လာချပေးတာပါ ။ အသားတွေကလည်း လတ်လတ်ဆတ်ဆတ် ရှိပြီး စားလို့  ကောင်းပါတယ်။

အဲ့ဒီမှာ အကင်ပြီးရင် ကြိုက်တာတစ်ခုက အကြော်တွေပါ ။ ကြော်ပြီးသား ပုဇွန် ၊ ပြည်ကြီးငါး ၊ သုံးမျိုးအသားလုံးကြော် တွေကို တုတ်နဲ့ ထိုးပေးထားတာပါ ။ အချဉ်လေးနဲ့ တို့ စားရတာ တော်တော် ခံတွင်းမြိန်ပါတယ်။ ဂဏန်းပျော့ကြော်လည်း ဝါးရတာ အိအိလေးနဲ့ အထဲမှာ အသားတွေချည်း ပဲ ။ အက်မင်က ဂဏန်းကြိုက်တဲ့ သူဆိုတော့ ချပေးတဲ့ တစ်ပွဲလုံး အကုန်စားပျိုက်တယ်။ ကုန်သွားရင်လည်း ဝိတ်တာကို မှာလိုက်ရင် လာချပေးတာ မြန်ပါတယ်။

အချဉ်ကလည်း အရသာမတူတာ (၆)မျိုးလောက် လာချပေးပါတယ်။ မိမိနှစ်သက်တဲ့ အချဉ်ကို တို့ စား ရုံပါပဲ ။ ဆော့ချဉ် ၊ ငံပြာရည်ချဉ် ၊ ငရုတ်သီးချဉ် ၊ အစပ်ချဉ် ၊ အချိုချဉ် နဲ့  ကိုယ်ကြိုက်ရာ စားလို့ ရပါတယ်။ ကိုယ်ကတော့ အစပ်ချဉ်လေးကို ကြိုက်ပါတယ်။ ကိုယ့်ခံတွင်း နဲ့ တည့်လို့ ပါ။ အသားကင်နဲ့  စားရတာလည်း အဆင်ပြေတယ်လေ။

အကင်တွေကို ကိုယ်တိုင်ကင်ပြီး အချဉ်နဲ့ တို့ လိုက် စားလိုက် ၊ ဆလပ်ရွက်လေးထဲ အသားကင်ကို ထည့် အချဉ်လေး တို့ပြီး စားလိုက် လုပ်ရတာ လက်ကို မလည်ဘူး ။ ပူပူနွေးနွေးလေး စားရတာ ဆိုတော့ တကယ် ချွေးတောင်စို့ တယ်။

တစ်ခုတော့ ရှိတယ် အချိုပွဲ က နည်းနည်း အားနည်းပြီး Egg Tart နဲ့ ဗူးအချိုရည် အစုံပဲ ရတယ်။ Egg Tart လေးကတော့ ရွရွလေးနဲ့  စားလို့  ကောင်းတယ်။ အချိုပွဲအတွက် နောက်ပိုင်း ရာသီပေါ် သစ်သီးတွေကို ထပ်ပြီး ဖြည့်သွားမယ်လို့ တော့ ကြားပါတယ်။ ဖွင့်တာကလည်း မကြာသေးဘူး လို့ သိရတော့ စုံစုံလင်လင် ဖြစ်အောင် လုပ်နေဆဲလို့  ထင်ပါတယ်။

တစ်ယောက်ကို ၁၂၈၀၀ ကျပ်နဲ့ နှစ်ယောက်စားရင် နောက်ထပ် အပိုတစ်ယောက်က ဖရီးပါ။ နှစ်ယောက်စာ ပေးပြီး သုံးယောက် အဝ တွယ်လို့ ရတယ် ဆိုတော့ တန်ပါတယ်။ ဒီဆိုင်က Wifi Free ရတယ်။ Air Con နဲ့ ဆိုတော့ အေးအေးဆေးဆေး စားလို့ ရတယ်။ ဘော်ဒါတွေနဲ့  လာမယ်ဆိုရင် နေရာအတွက် Booking လုပ်လို့ လည်း ရတယ်တဲ့ ။ဆိုင်က လူ ၇၀ လောက် ဆန့် ပါတယ်။ အဝစား အကင်ဘူဖေးအတွက် နှစ်ယောက်စား တစ်ယောက် အပိုနောက်ထပ် တစ်ယောက် Free ကို မေလ ၁၁ ရက်နေ့ အထိ ပေးထားပါတယ်။ ဘော်ဒါသုံးယောက် ရှယ်ပြီး စားရင် မဆိုးဘူး တန်တယ်ပေါ့။ အချိန်လည်း ကန့် သတ်မထားဘူး ။ စားနိုင်ရင် ကြိုက်သလောက်စားပဲ ။ မြေနီကုန်းတဝိုက်မှာ အကင်စားမယ် ဆိုရင်တော့ ဒီဆိုင်လေးကိုလည်း ညွန်းပါတယ်လို့  ။

ဆိုင်လိပ်စာလေးက

Wa Tote Kyee
အမှတ် - ၂၃၀ ၊ ဗားကရာလမ်းနှင့် ရတနာလမ်းထောင့် ၊ စမ်းချောင်းမြို့ နယ်။
မြေနီကုန်း ဒဂုံစင်တာ၁ အရှေ့  ၊ Ice Berry အပေါ်ထပ် မှာပါ။
ဖုန်းနံပါတ်က - ၀၉ ၇၃၁ ၅၇၇ ၆၁ ၊ ၀၉ ၇၉၅၉၂၁ ၇၀၂ ပါတဲ့။ ဘိုကင် တင်ချင် တင်လို့ ရအောင်ပါ။

နံနက် ၁၁ နာရီကနေ ည ၁၀နာရီ အထိဖွင့်ပါတယ်တဲ့။

Fred(MyLann)