စားလည်းစားမယ်။ သောက်လည်းသောက်ပါမယ်ဆိုတဲ့သူတွေအတွက် ပူစရာမလိုတဲ့နေရာလေးတစ်ခု သိချင်ကြလား? 590 views


ဒီနေ့ကကြာသပတေးနေ့ဆိုတော့ ဒီနေ့မဟုတ်လည်းမနက်ဖြန်ဖြစ်ဖြစ် ဘားလေးဘာလေးသွားရအောင် နေရာလေးတစ်ခုပြောပြအုံးမယ်။ စမ်းချောင်း၊ ကျွန်းတောလမ်း Junction Square အနောက်ဘက်ခြမ်းက ‘Yamonnar Bar & Restaurant’ ဆိုတဲ့ဆိုင်လေးပါ။ ဒီဆိုင်လေးကအရင်ကတော်တော်နာမည်ကြီးဆိုပဲ။ စားသောက်ဆိုင်ပုံစံမျိုးနဲ့ဖွင့်တာ။ အခုနောက်ပိုင်းမှာမှဆိုင်အပြင်ဆင်တွေပြန်ပြောင်းပြီး Bar ပုံစံမျိုး Upgrade လုပ်လိုက်တာ။ ဘားပုံစံတောင်သိပ်မပေါ်သေးပါဖူး။ ပြင်ဆင်နေတုန်းပဲလည်းသိရပါတယ်။ လောလောဆယ်တော့ ဒီဆိုင်လေးရောက်ဖြစ်တုန်း ဒီမှာရတဲ့အစားအစာနဲ့ သောက်စရာလေးတွေအကြောင်း ပြန်ပြောပြရမှာပေါ့။

 

ဒီမှာက အစားအစာတွေမဆိုးဘူး။ အစားကိုပိုအသားပေးထားတဲ့ပုံစံမျိုးပေါက်တယ်။ သန့်သန့်ရှင်းရှင်းလတ် လတ်ဆတ်ဆတ်နဲ့ ကိုယ်မှာထားတဲ့ဟင်းပွဲတွေအရ အရသာတွေလည်းသူ့ဟာလေးနဲ့သူတော့ အဆင်ပြေတယ်။ အယ်ကိုတို့သောက်ပြီး အယ်မတို့ကစားကြမယ်၊ ဆိုကြမယ်ဆို ဒီဆိုင်လေးအဆင်ပြေမှာပါ။

 

ဆိုင်ရဲ့အတွင်းပိုင်းကတော့ ပုံမှန်ပဲ သက်တောင့်သက်သာထိုင်လို့ရတဲ့ပုံစံမျိုးပဲ။ အဖွဲ့ထဲမိန်းခလေးတွေပါရင် အထဲမှာပဲထိုင်ပေါ့။ အပြင်ဘက်မှာထိုင်ရင်တော့ ရှေ့မှာကားလမ်းဆိုတော့မျက်စိတော့နည်းနည်းရှုပ်မယ်ပေါ့။ ဒါမဲ့အဲ့လိုဖီးလ်မျိုးနဲ့သောက်ချင်တယ်ဆိုရင်တော့ အရှေ့မှာပဲထိုင်ပါ။ အေးအေးဆေးဆေးလေးပါပဲ။

 

ဒီဆိုင်မှာပရိုမိုးရှင်းလေးတစ်ခုရှိတယ်ဗျ။ နေ့လည်(၄)နာရီကနေ ည(၇)နာရီအထိကို Happy Hour တဲ့။ Premium Beer ကို Buy2, Get1 ပေးထားတာ။ ဂျူလိုင်တစ်လလုံးဆိုလားပဲ။ အဲ့တော့ သောက်မယ့် အယ်ကိုတွေဆိုရင် အဲ့ဒီညနေပိုင်းအချိန်လေးတွေသွားပေါ့။ အချိန်လေးလည်းကောင်းတယ်။ ပရိုမိုးရှင်းလည်း ရတယ်။ ဘယ်လိုတောင်ပွဲခံကြမလဲ….?

 

သောက်စရာနဲ့ပတ်သတ်လို့ Beer ရတယ်။ Cocktail နဲ့ အခြားအအေးတွေ၊ Soft Drinks တွေရတယ်။ အယ်မတို့အတွက်ဆိုရင်လည်း အသီးဖျော်ရည်ရတယ်။

ကိုယ်တွေအဖွဲ့သောက်ခဲ့တာက Cocktail တွေမှာဆို  Mojito, Zombie, Daiquri, Kamikazi အဲ့ဒါတွေသောက်ခဲ့တယ်။ အဲ့ဒီမှာတစ်ခုပြောချင်တာက ဆိုင်ရဲ့မီနူးမှာကြယ်လေးတွေကိုအရောင်လေးတွေနဲ့ ပြထားတယ်။ ကြယ်နည်းရင် ပျော့တယ်။ ကြယ်များရင်တော့အပြင်းပေါ့။ ကိုယ်သောက်နိုင်တဲ့ပေါ်မူတည်ပြီး ချိန်ဆမှာလို့ရပါတယ်။ ဈေးနှုန်းတွေကလည်းတစ်ခွက်ကို ပျမ်းမျှ (၃၀၀၀)ကနေ (၅၀၀၀)အတွင်းပဲရှိပါတယ်။ ဒါနဲ့ဒီက Signature လို့ပြောမလား…. Kirin Monster Draft ဆိုတာ။ အဲ့ဒါလေးကဘီယာနှစ်မျိုးရောထားတာဆိုလား။ ဘီယာခရေဇီ ဆိုရင်တော့အဲ့ဒါလေးသောက်ကြည့်ပါလို့။ သူကတစ်ခွက်ကို (၃၈၀၀)ဆိုလားပဲ။

 

အစားသောက်နဲ့ပတ်သတ်လို့ ကိုယ်တွေစားခဲ့တာမှာဆိုရင် အရင်ဆုံးက ငါးရံ့ခြောက်ဖုတ် - အောက်မှာကြက်သွန်နီလေးတွေလှီး၊ ဆီလေးစမ်းပြီး အပေါ်ကနေ ငါးရံ့ခြောက်ဖုတ်လေးထားပေးထားတာ။ ဘယ်အပြောကောင်းမလဲ။ ဘီယာနဲ့ဆိုလိုက်တယ်ပေါ့။ ကိုယ်တွေဝိုင်းမှာအရင်ဆုံးကုန်သွားတာအဲ့ဒါလေးပဲ။ ငါးရံ့ခြောက်ဖုတ်ကိုထမင်းနဲ့ပဲစားကောင်းတယ်ထင်တာ။ အခုတော့အမြည်းအနေနဲ့ပဲကောင်းနေတာကိုး :P သူကတစ်ပွဲကို (၅၀၀၀)ကျပ်။

 

နောက် အမဲသားငရုတ်ကောင်းသံပြား - အမဲသားမှကင်ထားတာ ငရုတ်ကောင်းလေးလည်းပါတယ်။ အနံ့လေးကိုမွှေးနေရောပဲ။ ကျောက်အိုးပူလေးထဲထည့်ပေးထားတော့တော်တော်နဲ့လည်းအေးမသွားဖူး။ သူလည်းတော်တော်လေး မြည်းလို့ကောင်းသကွဲ့။ စားရတာအဆင်ပြေတယ်။ မွှေးမွှေးလေးနဲ့။ သူကလည်းတစ်ပွဲကို (၄၀၀၀)ကျပ်ပဲ။

 

ပြီးတော့ ဝက်လက်ပေါင်း - သူ့ကိုကသောက်တဲ့လူတွေတော်တော်များများကြိုက်တယ်လေ။ မသောက်တဲ့ကိုယ်လည်း ကြိုက်ပါတယ် :P အရမ်းလည်းမအီပဲသူ့အနှစ်လေးနဲ့သူစားကောင်းပါတယ်။ တစ်ပွဲကို (၅၅၀၀)ကျပ်။

 

ငါးကြင်းမြီးကြွပ်ကြော် - လာချတော့ကြည့်လိုက်တာ သူ့ပုံစံကအဆန်းနော်။ အမြည်းကိုထောင်ပြီး ဘေးကအသားတွေကို အချောင်းအချောင်းပုံစံလေးတွေကြော်ထားတာ။ မဆိုးတော့မဆိုးဘူး။ စားကောင်းသားပဲ။ သူလည်းအမြည်းအနေနဲ့မိုက်တယ် :P ဈေးနှုန်းက (၆၀၀၀)ကျပ်။ ဒါလေးလည်းတော်တော် လေးစားရပါတယ်။

 

နောက် Mexican ကြက်ကင်ကလည်းမိုက်တယ်။ တကယ့်တကယ်စားမယ်ဆိုရင်တော့တစ်ယောက်စာပေါ့။ သူ့ရဲ့ကြက်ကင်ကအပြင်ကအရေခွံလေးကို နည်းနည်းလေးကြွပ်သယောင်ယောင်နဲ့ အထဲကအသားက အိအိလေးဖြစ်နေတာမျိုး။ သူနဲ့တွဲစားတဲ့ဆော့စ်ကလည်းစပ်စပ်လေးနဲ့။ စားရတာမဆိုးဘူးပဲ။ (၄၀၀၀)တဲ့။

 

နောက် လက်ဖက်သုပ် - ပုစွန်ခြောက်တွေထည့်ထားတာတော့အားရစရာကြီးပဲဗျ။ နည်းနည်းနောနောလား။ လက်ဖက်တွေ၊ အကြော်တွေကိုမှ ဂေါ်ဖီ၊ ခရမ်းချဉ်သီးနဲ့ပဲသုပ်ထားတာ။ မထူးခြားဖူးဆိုပေမယ့် သူ့ဟာလေးနဲ့သူ တော့စားရတာအဆင်ပြေတာပဲ။ မြည်းလို့ကောင်းတယ်ပေါ့ကွယ်။ အဲ့ဒါကတစ်ပွဲကို (၂၀၀၀)ကျပ်တဲ့

 

ဒါနဲ့ သောက်စရာလေးအနေနဲ့ကတစ်ခုမှာထားတာ။ ဘာလဲ.. ကြက်ဗူးသီး။ ကြက်ဗူးသီးဆိုထဲကတော့ ကောင်းပြီးသားပဲလေနော့။ သူ့ရဲ့အရသာကနည်းနည်းလေးပေါ့ပေမယ့် မဆိုသလောက်လေး စပ်တယ်။ ပုံမှန်ဆိုရင်တော့အစပ်သိပ်မပါဘူး။ စပ်စပ်လေးသောက်ချင်ရင်တော့ မှာထဲကကြိုပြောလို့ရတယ်။ အနံ့လေးလည်းမွှေးမွှေးလေးနဲ့ ပူပူနွေးနွေးလေးဆိုတော့  ခံတွင်းရှင်းတယ်ဗျာ။ သောက်ရတာမဆိုးဘူးပေါ့။

 

အသီးအရွက်အနေနဲ့ဆိုရင် ဂျပန်တို့ဟူးသီးရွက်စုံ။ အဲ့ဒါလေးလည်းမဆိုးဘူး။ အသီးရွက်အစုံလေးနဲ့ တို့ဟူးအိအိလေးနဲ့။ မြည်းကောင်းတယ်ဗျာ။ သူကတော့(၃၀၀၀)ကျပ်တဲ့။

 

စားစရာတွေအကြောင်းရော၊ သောက်စရာတွေအကြောင်းပါ ပြောပြီးသွားပြီ။ ဆိုင်ကမနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိဖွင့်ပါတယ်။ ဆိုင်က Junction Square နောက်ဖက်ခြမ်း၊ ကျွန်းတောလမ်းမပေါ်မှာပဲရှိပါတယ်။ ဆိုင်ဖုန်းနံပါတ်လေးက 01-534677 ပါ။

ကဲ TGIT မယ့်သူတွေရော၊ TGIF မယ့်သူတွေအတွက်ပါ လမ်းညွှန်ပေးခဲ့ပြီနော်။

 

Honey (MyLann)