ကိုရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #1 942 views


MyLann သူငယ်ချင်းတို့ရေ၊ ဒီနေ့ကစပြီး MyLann က ထူးထူးခြားခြား အစီအစဉ်လေးတစ်ခုကို အပတ်စဉ် သောကြာနေ့ညတိုင်း တင်ဆက်ပေးသွားမှာပါ။
ဒီအစီအစဉ်လေးကတော့ MyLann ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ MRTV4 မှ Presenter ကိုရဲဝင့်သူရဲ့ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" ဆိုတဲ့ ကဏ္ဍလေးပဲ ဖြစ်ပါတယ်။

ကိုရဲဝင့်သူမှ Intro:
---------------------
အစားအစာဆိုတာ လူသားတိုင်းအတွက် နေ့စဉ်အာဟာရနှင့် ကျန်းမာရေးလိုအပ်ချက်တွေအတွက် နေ့စဉ်မရှိမဖြစ် မှီဝဲနေကြရတာပါ။ ကျွန်တော်ကတော့ အစားအစာတိုင်းကို ကျွမ်းကျင်သူတစ်ယောက်မဟုတ်ပေမယ့် အစားအစာတွေကို ချစ်မြတ်နိုးသူတစ်ယောက်ပါ။ ကျွန်တော်သွားရောက်ဖြစ်ခဲ့တဲ့နေရာဒေသတွေမှာ စားသုံးခဲ့သမျှ၊ မြည်းစမ်းခဲ့သမျှ အစားအစာတွေအကြောင်းကို MyLann ရဲ့သူငယ်ချင်းတွေကို ဝေမျှပေးခွင့်ရတဲ့အတွက် တကယ်ကျေးဇူးတင်မိပါတယ်။ MyLann မှာ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" ကဏ္ဍအတွက် ကျွန်တော်သိသလောက်၊ တတ်သလောက် ရှာဖွေတင်ဆက်ပေးသွားမှာပါ။ ဒါပေမယ့် ကျွန်တော်အပတ်စဉ်တင်ဆက်ပေးမယ့် နေရာ (၆)ခုက အစားအစာတွေဟာဆိုရင် သူတို့ရဲ့အရသာ၊ အရည်အသွေးအကောင်းဆုံးဆိုတဲ့ "စံ" တစ်ခုပေါ်မှာမူတည်ရွေးချယ်ထားတာမဟုတ်ဘဲ ကျွန်တော့်ပတ်ဝန်းကျင်က ကျွန်တော်လေ့လာမိသလောက်ကိုပဲ တင်ဆက်ပေးမှာပါ။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

"သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #1

ဒီအပါတ်အတွက်ကတော့ ရွှေမြန်မာတို့အသည်းစွဲ နံနက်စာတစ်မျိုးဖြစ်တဲ့ မြန်မာ့မုန့်ဟင်းခါးပဲ ဖြစ်ပါတယ်။

1) မြောင်းမြ ဒေါ်ချို
ငယ်ငယ်ကတည်းက လူတွေကြားထဲမှာ နာမည်ကြီးပြီးသားပါ။ ရန်ကုန်မြို့ရဲ့ ထိပ်တန်းမုန့်ဟင်းခါးဆိုင်တွေထဲမှာ တစ်ဆိုင်အပါအဝင်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတိုင်အောင် ဆိုင်ခွဲတွေနဲ့ ရပ်တည်လာခဲ့တာလည်းဖြစ်ပါတယ်။ ပျစ်နှစ်တဲ့ဟင်းရည်မှာ ငါးဖတ်တွေများတဲ့အပြင် အကြော်တွေကလည်း ကြွပ်ရွနေပါတယ်။ ဒါပေမယ့် မုန့်ဖတ်ကတော့ နည်းနည်းကြီးတဲ့အတွက် နှစ်သက်တဲ့လူရှိသလို၊ တချို့ကတော့မကြိုက်ကြပါဘူး။ ဘယ်ဆိုင်ခွဲကိုမဆို ဝင်လိုက်တိုင်းပြည့်ကြပ်နေလေ့ရှိတယ်။ အရသာကတော့ ပြောစရာမလိုအောင်ကောင်းမွန်တဲ့အတွက် မြည်းစမ်းကြည့်သင့်ပါတယ်ဗျာ။

(2) ဗိုလ်ကလေး ဒေါ်ညို
ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ ဟင်းရည်ပါ။ ချိုကြဲလေးဖြစ်တဲ့အတွက် ရန်ကုန်ကလူတွေအကြိုက်ပေါ့ဗျာ။ ငှက်ပျောအူမပါတဲ့အတွက် တစ်ချို့ကတော့ သဘောမတွေ့လောက်ပါဘူး။ ကြက်သွန်အနှစ်ကို အဓိကထားတဲ့အပြင် အိုးဘဲဥကတော့ ညိုညိုလေးနဲ့…. မုန့်ဟင်းခါးသုတ်လဲ ရပါသေးတယ်။

(3) တောင်ငူမုန့်ဟင်းခါးပုံစံကြိုက်နှစ်သက်သူတွေအတွက်တော့ လမ်း (၃၀)နှင့် ကုန်သည်လမ်းထိပ်မှာ မုန့်ဟင်းခါးဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ ဟင်းရည်ချိုကြဲလေးမှာ ထူးခြားတာက အပေါ်ယံအရည်ကြည်ဖြစ်နေပြီး အောက်မှာ ငါးအနှစ်များများနဲ့ပါ။ ပုံမှန် မုန့်ဟင်းခါးစားနိုင်ပြီး ငါးအနှစ်၊ မုန့်ဖတ်၊ ဟင်းရည်ကြည်တို့နဲ့ သုပ်ပေးပါသေးတယ်။

(4) စမ်းချောင်း၊ ကျွန်းတောလမ်း နှင့် ဟင်္သာတလမ်းထိပ်မှာရှိပြီး ညဘက်ပဲဖွင့်တဲ့ ကျွန်တော်စားနေကျ ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ မုန့်ဟင်းခါးထဲထည့်စားဖို့ ပဲသီး၊ ပူစီနံ၊ နံနံပင်၊ ကြက်သွန်မြိတ်လိုအရွက်တွေလည်းရှိလို့ ရှယ်ပဲ။ ညနေရောက်တာနဲ့ လူတိုးရတယ်ဗျ။

(5) ရန်ကုန်မှာလေ စမ်းချောင်းလမ်းလိုနေရာ၊ ဆူးလေဘုရားလမ်း (မြို့တော်ခန်းမဘေး)လိုနေရာမျိုးတွေမှာ မုန့်ဟင်းခါးဆိုင်တွေအများကြီးကို တစုတစည်းတည်းရှိပြီး ရုံးဆင်းချိန်တိုင်းမှာလူစည်ကားတာတွေ့ရပါတယ်။ ရန်ကုန်ကြိုက်ဦးစားပေးထားတဲ့အတွက် မုန့်ဟင်းခါးကြိုက်နှစ်သက်သူများ သွားရောက်လေ့လာသင့်ပါတယ်။

(6) တင်တင်အေး
နှစ်ပေါင်း (၂၀)ကျော်၊ (၃၀)နီးပါး ကြာမြင့်ခဲ့ပြီဖြစ်တဲ့ တင်တင်အေးမုန့်ဟင်းခါး ရန်ကုန်မြို့ခံတွေရဲ့သာရေး၊ နာရေးတွေမှာ နံပါတ်(၁) အဖြစ် ရပ်တည်နေဆဲပါ။ ပျစ်နှစ်တဲ့ဟင်းချို၊ ချိုအီတဲ့အနံ့၊ သေးသွယ်တဲ့မုန့်ဖတ်မျှင်၊ ရွေးချယ်စရာစုံတဲ့အကြော်တွေက ဒီဆိုင်ရဲ့ထူးခြားချက်တွေပါ။ ဒါပေမယ့် ဟင်းရည်ထဲမှာ အုန်းနို့ပါ မပါဆိုတာ ဒွိဟဖြစ်နေကြတုန်းပါ။ စမ်းချောင်းလမ်းထိပ်ကဆိုင်ကတော့ ကျွန်တောအမြဲစားနေကြပါ။ အုန်းနို့ခေါက်ဆွဲလည်းရတဲ့ ဒီဆိုင်ကတော့ တခြားဆိုင်တွေထက်တော့ ဈေးနည်းနည်းကြီးတယ်ဗျ။

ကဲ ဒီတစ်ခေါက်တော့ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါနော်။ နောက်တစ်ပါတ် "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" အစီအစဉ်လေးမှာ ဘာအစားအသောက်လေးကို မိတ်ဆက်ပေးမယ်ဆိုတာ မျှော်လင့်နေပေးပါနော်။