ကိုရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #4 909 views


မင်္ဂလာပါခင်ဗျာ…
ဒီ Post ကို Bangkok ကနေ ရေးပါတယ်။ MyLann နဲ့ ပေါင်းပြီး ပရိတ်သတ်တွေအတွက် ရေးလာတာ အခုဆိုရင် ဒီ Series တစ်လပြည့်ပါပြီ။ ရုံးအလုပ် ကိစ္စတွေနှင့် မအားလပ်တဲ့ကြားက ဒီပို့စ်လေးတွေကို အချိန်ပေးပြီးရေးဖြစ်ဖို့ တော်တော်ကြိုးစားရပါတယ်။ စရေးတုန်းက ဒီလောက်ဖတ်ရှုသူများမယ်လို့ မျော်လင့်မထားပါဘူး။ အခုတော့ ဒီလောက် Like and Comment တွေများလာတော့ တာဝန်ပိုကြီးလာသလို အားအင်လည်းတက်လာပါတယ်။
ကဲ … တစ်လပြည့်အနေနဲ့ ရွေးချယ်ပြောပြမယ့် အစားအစာကတော့ Hot Pot (ဟော့ပေါ့) ပါ။

Hot Pot ဟာ.. လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀)ကျော်ထဲက လူသားတွေစတင်သုံးဆောင်ခဲ့တဲ့ အစားအစာလို့သိရပါတယ်။ မွန်ဂိုလီးယားနိုင်ငံကစတင်ခဲ့တယ်လို့ သိရပြီး အဲဒီ့နိုင်ငံမှာတော့ မြင်းသား၊ သိုးသား၊ အမဲသားတွေကို အဓိကထားစားသုံးလေ့ရှိတယ်လို့ သိရပါတယ်။ ဟော့ပေါ့ ယဉ်ကျေးမှုဟာ မွန်ဂိုးလီးယားကနေ တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံက နေရာဒေသမျိုးစုံကို ချက်ပြုတ်မှုပုံစံကွဲမျိုးစုံဖြင့် ပျံ့နှံ့သွားတယ်။ အဲ့ဒီကနေတစ်ဆင့် အင်ဒို၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ဘရူနိုင်းနိုင်ငံတွေထိ ပုံစံမျိုးစုံနှင့် ပျံ့နှံ့ခဲ့တယ်လို့သိရပါတယ်။

ဒီနေ့ Post မှာ ကျွန်တော်သွားရောက်ခဲ့ဖူးတဲ့ တရုတ်ပြည်နယ်စပ်မှာတော့ ဟော့ပေါ့ပုံစံက အစပ်ဘက်ကိုကဲနေတာကိုတွေ့ရပါတယ်။ 
စင်ကာပူနှင့် မလေးရှားမှာတော့ Steam-boat လို့ခေါ်ကြပြီး စင်ကာပူက ဟော့ပေါ့ပုံစံကတော့ တစ်ယောက်စာပုံစံမျိုးပါ။ Shopping Center တွေရဲ့ Food Court တွေမှာတွေ့ရလေ့ရှိပြီး ကျွန်တော်ကတော့ အရသာပေါ့တယ်လို့ ခံစားရပါတယ်။ Hot Pot အတွက် ဆော့စ်ကိုလည်း ကောင်းကောင်းရှာမတွေ့ခဲ့ပါဘူး။

ထူးခြားတာက မလေးရှားမှာပါ။ ၂၀၁၃၊ ဧပြီလမှာ မလေးရှားကို ရောက်ရှိခဲ့ပြီး Food and Décor က တင်ဆက်သူ ဦးမြင့်ဦးသာရဲ့ခေါ်ဆောင်မှုကြောင့် ကွာလာလမ်ပူမြို့လယ်က Jalan Alor ကို ရောက်ခဲ့ပါတယ်။
Steam-boat ဆိုတဲ့ အသုံးအနှုန်းကို အဲဒီမှာမှ စသိခဲ့တာဖြစ်ပြီး အဲဒီဟော့ပေါ့ပုံစံမှာတော့ တုတ်ထိုးထားတဲ့အသားချောင်းမျိုးစုံ၊ အသီးအရွက်မျိုးစုံကို စားပွဲဝိုင်းအလယ်မှာမြှုပ်ထားပြီး ပွက်ပွက်ဆူနေတဲ့ ဆလင်ဒါပုံစံအိုးထဲကိုနှစ်ထား၊ ကျက်ပြီဆို အချဉ်ရည်နှင့်တို့စား၊ အရည်လေးသောက်၊ ဒီလိုလေး စားရတာပါ။ 
မလေးရှားက Hot Pot (Steam-boat) ပုံစံကိုတော့ စင်ကာပူထက် ပိုပြီးနှစ်သက်မိပါတယ်။

ထိုင်းမှာတော့ Hot Pot ကို အသားကင်နှင့် တွဲစားအောင် ဖန်တီးထားတဲ့ ပုံစံကို (Mu Ka Hta) လို့ ခေါ်ပါတယ်။ အိုးအပေါ်မှာအသားကင်၊ ဘေးမှာဟော့ပေါ့ပြုတ်၊ ချဉ်ငံစပ်အရသာကဲတဲ့ ထိုင်းဆော့စ်လေးတွေနှင့် တွဲစား၊ အား..ပြောရင်းတောင် စားချင်လာပြီဗျာ။ ဘန်ကောက်ဝန်းကျင်မှာ အရမ်းကောင်းတဲ့ Mu Ka Hta ဆိုင်တွေကိုတွေ့ခဲ့ရပါတယ်။ ရောက်ရင် သွားစားကြည့်ကြပါဦးဗျာ။ ရန်ကုန်မှာလည်း ဒီအစားအစာကို Thai Pot မှာ ရနိုင်ပါတယ်။

ဂျပန်မရောက်ဖူးပေမယ့် ဂျပန်က Shabu-Shabu Hotpot ကိုတော့ ခဏခဏစားခဲ့ရပါတယ်။ Shabu-Shabu နှင့် အခြား Hotpot တွေရဲ့ အဓိကကွာခြားချက်ကတော့ ဟင်းသီးဟင်းရွက်ပြုတ်ရည်ကို အသားရဲ့သဘာဝအရသာမပျက်စေဘဲ ခဏလေးနှစ်၊ ကျက်တာနှင့် ဆော့စ်နှင့်တို့စား၊ ထမင်းနှင့်တွဲစားရတဲ့ပုံစံမျိုးပါ။ အခု Shabu-Shabu လို့ အမည်တပ်ထားကြပေမယ့် ကျွန်တော်စားခဲ့ဖူးတဲ့ မူလဂျပန် Shabu-Shabu စားသုံးပုံမျိုးနှင့်တော့ကွာခြားနေတယ်လို့ ထင်ပါတယ်။

ဘန်ကောက်ရောက်ဖူးသူတိုင်းက MK Hotpot ကိုတော့ ဖြစ်အောင်သွားစားလေ့ရှိကြပါတယ်။ ကြော်ငြာအားလည်း ကောင်းတဲ့ MK Hotpot ကိုတော့ ဘန်ကောက်မြို့အနှံ့မှာ လက်ညှိုးထိုးမလွဲပါပဲ။ ခုံနေရာရဖို့တောင် တန်းစီရဖူးပါတယ်။ MK ဆိုင်ကတော့ Hotpot က ပုံမှန်အရသာပါပဲ။ ဒါပေမယ့် Hotpot နှင့် တွဲစားရတဲ့ ဘဲကင်နှင့် အခေါက်ကင်၊ အသားကင်ကတော့ ကမ္ဘာ့အကောင်းဆုံးလို့တောင် သတ်မှတ်ရပါတယ်လို့ ပြောကြပါတယ်။ (ကျွန်တော်ကတော့ တစ်နေ့ကပဲစားခဲ့ပါသေးတယ်၊ မပြန်ခင် MK ကို တစ်ခေါက်ထပ်သွားဖို့ ကြံစည်နေပါတယ်)

ကဲ၊ ရန်ကုန်ကိုပြန်သွားရအောင်ဗျာ။
Ocean မှာ အသစ်ဖွင့်လိုက်တဲ့ Shabu Shi ကို ကျွန်တော်မသွားဖြစ်သေးပါဘူး
“Mu Ka Hta” ကောင်းကောင်းကို စားချင်ရင်တော့ Thai Kitchen ကနေ အသစ်ဖွင့်လိုက်တဲ့ ဝေဇယန္တာလမ်း နှင့် သစ္စာလမ်းထောင့်၊ တောင်ဥက္ကလာပကကဆိုင်ကို သွားဖို့ ညွှန်းဆိုချင်ပါတယ်။
ဂျပန်စတိုင် Shabu-Shabu စစ်စစ်ကို စားချင်ရင်တော့ ဖိုးစိန်လမ်းထဲက OHSAMA ရှိပါတယ်။

နှစ်သက်မိတဲ့ ဆိုင်တွေကတော့
(၁) ရွှေကောင်း
ရန်ကုန်မှာ ငယ်ငယ်လေးကတည်းက Hot Pot ဆို ရွှေကောင်း လို့ပြေးမြင်မိတဲ့ဆိုင်ပါ။ ဆိုင်ခွဲတွေက အများကြီးရှိတယ်။ အရင် Junction Mawtin ကဆိုင်မှာ စားဖြစ်ပါတယ်။ အဲ့ဒီဆိုင်က ဝက်ဘယာကြော် က Hotpot နှင့် တွဲစားလို့ အရမ်းကိုကောင်းပါတယ်။ အထူးခြားဆုံးကတော့ အချဉ်ပါ။ ကျွန်တော့်ပါးစပ်ထဲမှာတော့ ခုထိ ရွှေကောင်း ဟော့ပေါ့အချဉ်က အကောင်းဆုံးပါပဲ။

(၂) Yuding Hot Pot
ဖွင့်တာမကြာသေးပါဘူး။ အောင်မြင်လာတဲ့ဆိုင်ပါ။ တရုတ်ပြည်က စားဖိုမှူးတွေ ကိုယ်တိုင်စီမံတယ်။ ဟော့ပေါ့အပြင် အခြားဟင်းလျာတွေလည်းရတယ်။ ဈေးကလည်း အရမ်းသက်သာတယ်။ ဒီဆိုင်က ဟော့ပေါ့အစပ်က ကျွန်တော်အကြိုက်ဆုံးပါပဲ။ ဘယ်ဆိုင်က ဟော့ပေါ့ကိုမှ ဒီလောက်စွဲစွဲမြဲမြဲမစားခဲ့ဖူးဘူး။ တစ်လကို နှစ်ခေါက်တော့ ဒီဟော့ပေါ့အစပ်ကြောင့်သွားစားဖြစ်တယ်။ စီချွမ်ဟင်းခတ်အမွှေးအကြိုင်တွေကို များများသုံးထားတယ်။ အချဉ်ကလဲ ကောင်းတယ်။ အချိုပွဲအနေနဲ့ သစ်သီးတွေ၊ အရမ်းကောင်းတဲ့ ထောပတ်ပေါက်ပေါက်တွေကိုလည်း Free ချပေးသေးတယ်။ သွားစားဖြစ်အောင် သွားစားကြည့်လိုက်ပါဦး။ လိပ်စာက တောင်ဥက္ကလာပ၊ ရတနာလမ်းမကြီး (သံလမ်းအကျော်-စန္ဒာမေဖက်ထုပ်ဆိုင်ဘေး) မှာပါ။

(၃) Tasty Village Restaurant
စားသောက်ဆိုင်အနေနဲ့ ဖွင်တာတစ်နှစ်မပြည့်သေးခင်၊ မကြာမီကမှ ကိုးကန့် Hot Pot ကိုစတင်မိတ်ဆက်လိုက်ပါတယ်။ မာလာ၊ အချို၊ အစပ်၊ ခရမ်းချဉ်သီးနှင့် Tasty Village Special ဆိုပြီး အရသာ (၅)မျိုးရနိုင်တယ်။ အခြားအစားအစာတွေရဲ့ အရသာကလည်းကောင်းတယ်။ ဒီဆိုင်ရဲ့ထူးခြားချက်က Homemade အသားလုံးတွေပါ။ Readymade တွေကို မသုံးထားပဲ ဒီဆိုင်က စားဖိုမှူးတွေရဲ့ အသားအစစ်တွေနှင့် ပြုလုပ်ထားတဲ့ အသားလုံး၊ ငါးလုံးတွေကို ခံစားကြည့်နိုင်မှာမို့တကယ်ထူးခြားပါတယ်။ ကိုးကန့် Hot Pot နှင့် တွဲစားရတဲ့ Tasty Village အစိမ်းရောင်ဆော့စ်လေးကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ လိပ်စာက ကမာရွတ်၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဆင်မလိုက် အဆင်မြင့်ဈေးရဲ့အောက်မှာပါ။

ကဲ.. Hot Pot အတွက်တော့ ဒီလောက်ပါဘဲ။ နောက်တစ်ပါတ်အတွက် ဘာရေးရင်ကောင်းမလဲ မစဉ်းစားရသေးဘူး။ အကြံပေးကြပါဦး.. ကြိုက်ရင် Like & Share ပြီး Comment ပေးသွားပါဦးဗျာ။ MyLann ကိုလည်း ဆက်ပြီးအားပေးကြပါဦးလို့။ ကောင်းသောနေ့လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။