ကိုရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #5 1034 views


"သူမြည်းစမ်းကြည့်ခဲ့သော အစားအစာများ" #5
ဒီအပါတ်အတွက် ရေးစရာအစားအစာကို စဉ်းစားကြည့်လိုက်တော့ ဒီရက်ပိုင်းမှာတော်တော်စားဖြစ်နေတဲ့ အစားအစာတစ်ခုကိုစဉ်းစားလိုက်မိတယ်။ "အသားကင်" တွေပါ။ အသားကင်ကို ပုံစံမျိုးစုံရှိတဲ့အနက် ဒီအပါတ်မှာတော့ ကျွန်တော်ကတရုတ်စတိုင် ကြက်ကင်၊ ဘဲကင်နှင့် ၀က်အခေါက်၊ အသားကင်တွေကိုအကြောင်းကိုပြောပြချင်ပါတယ်။ ရှေး နှစ်ပေါင်းများစွာအထဲက တရုတ်လူမျိုးတွေရဲ့အဓိကအစားအစာအဖြစ် ဖြစ်တည်လာခဲ့တဲ့အသားကင်တွေကို ထမင်းနှင့်တွဲဖက်စားသုံးကြတဲ့အပြင် ခေါက်ဆွဲ၊ ဟင်းသီးဟင်းရွက်တွေနဲ့လဲ တွဲဖက်လို့ ဟင်းလျာပုံစံမျိုးစုံကိုလည်း ပြင်ဆင်ချက်ပြုတ်လာကြတာကိုတွေ့ရပါတယ်။ နီရဲကြွပ်ရွနေတဲ့ အသားကင်တွေဟာ အာရှတိုက်အစားအစာတွေရဲ့ထင်ရှားတဲ့ပုံရိပ်တစ်ခုအဖြစ် တည်ရှိနေခဲ့တာလည်း အထင်အရှားပဲဖြစ်ပါတယ်။ 
အသားကင်တွေထဲမှာတော့ ပုံမှန်ငရုတ်ဆီချဉ်ရည်နှင့် တွဲဖက်စားသုံးကြတဲ့အပြင် ဟောင်ကောင်လိုနိုင်ငံမှာတော့ ပဲငံပြာရည်အနောက် ပဲပိစပ်အချိုရည်အကြည်စတာတွေနှင့် တွဲဖက်စားသုံးကြတာကိုတွေ့ရှိရပါတယ်။ အသားကင်တွေဟာ ဟောင်ကောင်ရိုးရာဟင်းလျာတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာလဲ လူအများကနှစ်ခြိုက်စွာစားသုံးလေ့ရှိတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ကဲ ဒီအပါတ်မှာကျွန်တော်မြည်းစမ်းခဲ့ဖူးတဲ့ မှတ်မှတ်ရရ ဖြစ်စေခဲ့တဲ့ အသားကင်တွေအကြောင်းကို ပြောပြပါ့မယ်ဗျာ။

၁) ရွှေဘဲစားတော်ဆက်မှ ကြက်ကင်နှင့်ဘဲကင်
ကမ်းနားလမ်း ရွှေဘဲစားတော်ဆက်က ကျွန်တော့်အိမ်နဲ့ ကျောချင်းကပ်လျက်ပါ။ ငယ်ငယ်လေးထဲက ရွှေဘဲဆိုင်ရဲ့ ကြက်ကင် ဘဲကင်တွေကိုစားရင်းကြီးလာတယ်လို့တောင် ပြောလို့ရပါတယ်။ (အမေ က ဟင်းမချက်ရင် ကြက်ကင်ပဲဝယ်ထားတတ်တာ အခုထိပါပဲ) ငယ်ငယ်လေးကတည်းက ရွှေဘဲ ကြက်ကင် ဘဲကင်တွေရဲ့အရသာကို အရမ်းကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ ချဉ်ငံစပ် အချဉ်ပါ။ အရည်ခွံလေးတွေကြွပ်ရွနေတဲ့ ဘဲကင်လေးကို ချဉ်ငံစပ်ချဉ်ထဲက ခရမ်းချဉ်သီး ငရုတ်သီးနှင့် ကြက်သွန်ဖြူအနှစ်လေးနဲ့ တွဲစားလိုက် ... အားပါး ... ဆွေမျိုးမေ့အောင်ကိုကောင်းတာပါ။ ဘဲကင်ရဲ့သဘာဝအရသာက အချဉ်နဲ့ တွဲဖက်လိုက်တော့ ပြိုင်ဖက်ကင်းသွားပါတယ်။ ရွှေဘဲစားတော်ဆက် ချဉ်ငံစပ်အချဉ်ကတော့ ကျွန်တော့ဘဝရဲ့အကြိုက်ဆုံးအချဉ်ပါပဲ။ ဘယ်အစားအစာနဲ့မဆို လိုက်ဖက်တယ်လို့ခံစားရပါတယ်။ ငရုတ်ချဉ်ကလည်းကောင်းတယ်။ ကျွန်တော့်သူငယ်ချင်းတွေများများလည်း ကျွန်တော်နဲ့အကြိုက်တူမယ်လို့ထင်ပါတယ်။ 

၂) ဘန်ကောက်မြို့ ကျောက်ဖရားမြစ်တစ်ဖက်ကမ်းက မထင်မရှားဆိုင်လေးက ဝက်သားကင်
ဘန်ဘောက်ကိုအလုပ်ကိစ္စနှင့် သွားဖြစ်တိုင်း ဘန်ကောက်မြို့ရဲ့ကျောက်ဖရားတဖက်ကမ်းက Ibis River Side ဆိုတဲ့ Hotel မှာ တည်းခိုရပါတယ်။ အဲ့ဒီနေရာက ဘန်ကောက်မြို့ပြင်ကျတယ်လို့ ပြောလို့ရပါတယ်။ အဲဒီဟိုတယ်အနီးတဝိုက်မှာ တကယ်ကောင်းတဲ့ စားသောက်ဆိုင်လေးတွေစုနေပါတယ်။ အဲဒီဆိုင်လေးတွေထဲကမှ မနက်၇နာရီကနေ ၁၁နာရီလောက်ထိပဲဖွင့်တဲ့ ကွေ့တီယိုဆိုင်လေးတစ်ဆိုင်မှာ ရောင်းတဲ့ဝက်သားကင်အကြောင်းကိုပြောပြချင်ပါတယ်။ တကယ်ကိုထူးခြားပါတယ်။ နူးအိနေတဲ့ဝက်သားပေါ်မှာကပ်ပါနေတာက ကြွပ်ရွနေတဲ့အခေါက်ပါ။ သုံးထပ်သားလို့ပြောရအောင်လဲ အသားနှင့်အခေါက်ကြွပ်ကြွပ်ဝါဝါလေးကြားမှာ အဆီဆိုတာပါးပါးလေးပဲတွေ့ရပါတယ်။ ဝက်ရဲ့ဘယ်အပိုင်းကိုကင်ထားတာလဲ။ ဘယ်လိုကင်ထားတာလဲ ကျွန်တော်တကယ်မသိပါဘူး။ အချဉ်အနေနဲ့မပေးဘဲ ပဲငံပြာရည်အနောက်နဲ့တို့စားရပါတယ်။ ကျွန်တော်ကတော့ ကွေ့တီယိုစားရင်း အဲ့ဒီဝက်သားကင်လေးကို ကွေ့တီယိုငရုတ်ချဉ်လေးနှင့်တို့စားဖြစ်ပါတယ်။ ကွေ့တီယိုခေါက်ဆွဲလေးနှင့် တွဲစားလိုက်ရတော့ အရမ်းကိုကောင်းပါတယ်။ သွားဖြစ်ခဲ့တဲ့ ၈ရက်မှာ ၇ရက်ကတော့ အဲ့ဒီဆိုင်လေးကအစားအစာတွေနှင့်ပဲ ဖြတ်သန်းဖြစ်ခဲ့ပါတယ်။

၃) ရန်ကုန်မြို့ မဟာဗန္တုလလမ်း (၁၇လမ်းနှင့်၁၈လမ်း)က ရွှေငါးစားတော်ဆက်ဟာ တရုတ်တန်းအနီးတဝိုက်က အစားအသောက်ကောင်းကြိုက်သူတွေအတွက်တော့ ဆိုင်ကောင်းတစ်ဆိုင်ပါပဲ။ အဲဒီဆိုင်က အသားကင်ခုတ်တဲ့တရုတ်အဖိုးကြီးကို အခုထိမြင်ယောင်တုန်းပါ။ နီရဲနေတဲ့အသားကင်တွေကို အဲဒီဆိုင်ရဲ့အထူးပြုလုပ်ထားတဲ့ဆော့စ်တစ်မျိုးနှင့် တွဲစားရပါတယ်။ အဲဒါကတော့ ဘဲကင်ကိုခွဲလိုက်ပြီးထွက်လာတဲ့အချိုရည်တွေပါ။ ပဲပုပ်စေ့လေးတွေပါတယ်။ အဲဒီအချိုရည်လေးနှင့် အသားကင်တွေကို တို့စားလိုက်ရတာ တကယ့်အရသာပါပဲ။

၎) မိုးကောင်းဘုရားလမ်း Ho May ဟောင်ကောင်စားသောက်ဆိုင်မှအသားကင်များ
ကမ္ဘာကျော် ဟောင်ကောင်အသားကင်တွေကို ဟောင်ကောင်အရသာအတိုင်းစစ်စစ်အတိုင်းရရှိနိုင်မယ့်ဆိုင်တစ်ဆိုင်ပါ။ ဘဲကင် ဝက်သားကင်တွေကို သင့်တင့်တဲ့နှုန်းထားနှင့် ရရှိနိုင်တယ်။ တရုတ်ပြည်ကစားဖိုမှူးတွေ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အသားကင်တွေကို အခြားအစားအစာတွေနှင့်လည်း စားသုံးနိုင်ပါတယ်။ ဆိုင်အပြင်အဆင်လေးကလည်း ထူးခြားပါတယ်။ ကျွန်တော်ကတော့ ဒီဆိုင်လေးက ဝက်သားအသားချည်းပဲ ကင်ထားတာကိုတော်တော်ကြိုက်မိပါတယ်။

နီရဲပြီးကြွပ်ရွတဲ့ ဝက်သားကင်ဟာ ကျွန်တော်အကြိုက်ဆုံးတွေထဲကတစ်ဲခုပါပဲ။
၅) မောင်ထော်လေးလမ်းနှင့် ကုန်သည်လမ်းထောင့်က ကြက်သားကင်နှင့် ဝက်သားကင်
ခြောက်ထပ်ရုံးတစ်ဖက်လမ်း မောင်ထော်လမ်းနှင့် ကုန်သည်လမ်းထိပ်မှာ ထမင်းပေါင်းဆိုင်တစ်ဆိုင်ရှိပါတယ်။ (နာမည်မေ့နေပါတယ်.. ထောက်ပြပေးကြပါဦးဗျာ) အဲဒီဆိုင်ကထမင်းပေါင်းက တကယ်ကိုကောင်းမွန်သလို ထမင်းပေါင်းနှင့် တွဲစားရတာအသားကင်တွေကလည်း ထိပ်တန်းအရသာပါပဲ။ ပဲအချိုရည်အကြည်ကို ကော်ရည်ရိုက်ထားတယ်။ ငရုတ်ဆီကတော့ သိပ်မကြိုက်မိပါဘူး။ အဲဒီပဲအချိုရည်လေးနှင့် တွဲစားရတဲ့အသားကင်တွေရဲ့အရသာကိုလည်းတကယ်နှစ်သက်မိပါတယ်။ မနက် ၁၀နာရီကလောက်ကနေစပြီး ထမင်းစားချိန်ကျော်ရင်ကုန်ပါပြီ။ နေ့တိုင်းလူကအပြည့်ပါပဲ။ သွားမြည်းကြည့်ကြပါဦးဗျာ။

၆) ဖျာပုံလမ်းနှင့် ဗဟိုလမ်းထိပ်က ဝက်သားဆိုင်
ကျွန်တော်တို့က ဝက်သားဆိုင်လို့ အလွယ်ခေါ်လေ့ရှိတာက အဲဒီဆိုင်လေးမှာ ဝက်သားကင် အခေါက်ကင် ဝက်သားသုပ်မျိုးစုံ ကြာမဆိုင်ဝက်ခြေထောက်ပေါင်းစတာတွေကို ထမင်းနှင့်တွဲပြီးရောင်းချပါတယ်။ ဒီဆိုင်လေးက တစ်လောက online မှာပြန့်နေတဲ့ "ရန်ကုန်မြို့ရဲ့အကောင်းဆုံးအစားအစာ ၁၀၁မျိုး" စာရင်းမှာလဲ ပါပါတယ်။ အဲဒီဆိုင်လေးက ဝက်သားကင်နှင့် ဝက်ခေါက်ကင်သုပ်က လျှာလည်သွားရလောက်အောင်ကိုကောင်းပါတယ်။ ထူးခြားတာကအချဉ်ပါ။ မကျည်းရည်ကိုဖျော်ပြီး နည်းစနစ်ကျကျပြုလုပ်ထားတဲ့အချဉ်ပါ။ အသားကင်သုပ်အတွက်သုံးတဲ့ ကြက်သွန်ဖြူဆီချက်ကလည်းမွှေးနေတာပါပဲ။ အသားကင်တုံးလေးတွေက သေးသေးလေးတွေတုံးပြီးကင်ထားတာပါ။ ဒါကိုမှ ပါးပါးလှီးပြီး ခုနကအချဉ်လေးနှင့်သုပ်လိုက်တော့.. အားပါး.. ကျွန်တောသူငယ်ချင်း ဇော်ထက်တို့ စိုးညီတို့ကတော့ ဒီဆိုင်ရဲ့အသည်းစွဲဖောက်သည်ပါပဲ။ အသားစုံသုပ်ကလည်း အရမ်းကိုကောင်းတယ်နော်။ 
ကဲ.. ဒီတစ်ပါတ်အတွက်ကတော့ ဒီလောက်ပါပဲ.. နောက်တစ်ပါတ်မှာ ပြန်တွေ့ကြပါဦးမယ်ဗျာ...