ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #6 1019 views


MyLann မှတင်ဆက်သော ရဲဝင့်သူရဲ့ "သူမြည်းစမ်းကြည့်ခဲ့သော အစားအစာများ" #6

-------------------------------------------------------------------------------------

မင်္ဂလာပါခင်ဗျ.. ဒီအပတ်အတွက် ဘယ်စားစရာအကြောင်းကိုရေးရင်ကောင်းမလဲလို့ တော်တော်စဉ်းစားလိုက်ရပါတယ်။ အဲဒီလိုစဉ်းစားနေရင်းနှင့်မှ မြန်မာလူမျိုးတွေရဲ့ မနက်ခင်းစာ ပဲပြုတ်ထမင်းကြော် နှင့် ဟင်း တွေအကြောင်းကိုရေးမယ်လို့ စဉ်းစားမိပါတယ်။ ပဲပြုတ်ထမင်းကြော်ဟာ လူတိုင်းနီးပါးနှစ်သက်တဲ့အစားအစာတစ်ခုပါ။ အချို့က ကြာညို(ပဲငံပြာရည်အနောက်) နှင့်ကြော်စားကြတာရှိသလို ပဲပြုတ်ကိုထမင်းပူပူ၊ ပဲဆီမွှေးမွှေးနှင့် ပဲထမင်းအဖြစ်နှယ်ပယ်စားကြရတာကလည်း အရသာတစ်ခုပါပဲ။ အဓိကတွဲဖက်အစားအစာအဖြစ် ကြက်ဥမွှေကြော်၊ ကြက်ဥဟပ်ဖရိုက်ကြော်တို့နှင့် စားလေ့ရှိသလို ဂေါ်ဖီချဉ်သုပ်၊ ချဉ်ပေါင်ကြော်၊ သရက်သီးသနပ်၊ ငရုတ်သီးကြော်တို့ဟာလည်း လိုက်ဖက်တဲ့ အရံဟင်းတွေပါပဲ။

ကဲ.. ဒီနေ့မှာတော့ ကျွန်တော်စားခဲ့ဖူးသမျှဆိုင်တွေထဲ ဟိုးငယ်ငယ်လေးထဲကနေ အခုအချိန်အထိ မှတ်မှတ်ရရဖြစ်နေတဲ့ ဆိုင်ကြီး၊ ဆိုင်သေး မခွဲခြားဘဲ ပဲထမင်းကြော်ဆိုင် (၆)ဆိုင်လောက်အကြောင်းကို ပြောပြပေးချင်ပါတယ်ဗျာ။

 

(၁) နေပြည်တော် (၁၁၅)မိုင် Feel Express က ပဲထမင်းနှင့် ပဲပြုတ်ထမင်းကြော်

         ရန်ကုန်-မန္တလေးခရီးကို ညဘက်သွားဖြစ်တိုင်း စားဖြစ်တဲ့ထမင်းကြော်ပါ။ Feel ရဲ့ထုံးစံအတိုင်း Quality Control အသုံးပြုထားတဲ့ပစ္စည်းတွေရဲ့အရည်အသွေးတွေက လုံးဝစိတ်ချရပါတယ်။ ပဲပြုတ်ထမင်းကြော်နှင့်အတူ တွဲဖက်စားနိုင်မယ့် ဘာလချောင်ကြော်မျိုးစုံ၊ ငါးပိကြော်မျိုးစုံကိုလည်းရနိုင်သလို ကျွန်တော်အရမ်းကြိုက်မိတာတော့ ငါးရံ့ခြောက်ပါ။ ဆီနံ့မွှေးမွှေးလေးနဲ့ ငါးရံ့ခြောက်ဖုတ်လေးကို ပဲပြုတ်ထမင်းကြော်၊ ငရုတ်သီးကြော်၊ အချဉ်သုပ်တို့နှင့် တွဲဖက်စားလိုက်ရတဲ့အချိန်မှာ ညဘက်ခရီးပန်းလို့ ဟာနေတဲ့ဗိုက်ကို အကောင်းဆုံးအရသာနှင့် ဖြည့်စွက်ပေးနိုင်ပါတယ်။ ပဲပြုတ်ထမင်းကြော်နှင့်အတူ တွဲဖက်စားသုံးနိုင်ဖို့ အရသာကောင်းမွန်တဲ့ မြန်မာဟင်းမျိုးစုံကိုလည်း ရနိုင်ပါသေးတယ်။ နေ့လည်ဘက်တော့ မရနိုင်ဘူးထင်ပါတယ်။ ကဲ… ဒါကတော့ (၁၁၅)မိုင် Feel Express က ပဲပြုတ်ထမင်းကြော်အကြောင်းပါ။

 

(၂) ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်က ပဲပြုတ်ထမင်းကြော်

         ရန်ကုန်မြို့ရဲ့ နာမည်ကြီးမြန်မာထမင်းဆိုင်တစ်ခုဖြစ်တဲ့ ခိုင်ခိုင်ကျော် မှာ နံနက်တိုင်း ပဲပြုတ်ထမင်းကြော် ရရှိနိုင်ပါတယ်။ ဝက်သားနီချက်၊ ဝက်သားအချိုချက်အပြင် ဟင်းမျိုးစုံလည်း ရနိုင်ပါတယ်။ ကျွန်တော်နှစ်သက်မိတာက ပဲပြုတ်ထမင်းကြော်နှင့် တွဲဖက်စားသုံးတဲ့ ဆိတ်သားဟင်းပါ။ အသားတုံးဟာ ညှီနံ့လုံးဝမရှိပဲ နူးညံ့အိစက်နေပြီး ကိုက်လိုက်တာနှင့် ပါးစပ်ထဲမှာ အရည်ပျော်သွားပါတယ်။ ဟင်းအနှစ်ကို ထမင်းကြော်နှင့် နယ်ပယ်စားရတာကလည်း လုံးဝကို ရှယ်ပါပဲဗျာ။ ပြီးတော့ တွဲဖက်ပါလာတဲ့ ငါးရံ့ခြောက်လေးတွေကို ရံဖန်ရံခါကိုက်ရတာလဲ အရသာတစ်မျိုးပါပဲ။

 

(၃) မဟာဗန္တုလလမ်း နှင့် ကုန်ဈေးတန်းလမ်းထိပ်က မနက်အစောကြီးဖွင့်တဲ့ လမ်းဘေးထမင်းဆိုင်

         ဒီဆိုင်လေးကို နံနက် (၄)နာရီလောက်မှာစဖွင့်ပြီး နံနက် (၇)နာရီဆိုကုန်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဆိုင်သိမ်းတာနဲ့ အဲဒီနေရာက ကားဂိတ်ဖြစ်သွားလို့ပါ။ အဲဒီဆိုင်ကတော့ မကြာသေးမီက Online မှာ ပျံ့နှံ့ခဲ့တဲ့ “ရန်ကုန်မြို့ရဲ့အကောင်းဆုံးအစားအစာ စာရင်း” မှာလည်းပါဝင်ပါတယ်။ ပဲထမင်းကြော်က အရမ်းထူးခြားပေမယ့် အဓိက က အဲဒီဆိုင်လေးက ဝက်ချိုကြော် ပါ။ ဝက်သားသုံးထပ်သားလည်း ရနိုင်သလို အသားချည်းပဲလဲရနိုင်တယ်။ ဝက်သားက လုံးဝနူးညံ့နေပြီးတော့ သုံးထားတဲ့ ကြာညိုကလည်း တကယ့်ကို ထူးခြားပါတယ်။ စားဖူးခဲ့သမျှထဲမှာ အကောင်းဆုံး ဝက်ချို ဟင်းလျာတစ်ခုတစ်ခုလို့ ညွှန်းဆိုချင်ပါတယ်။ အချဉ်ကတော့ သခွားသီးခြစ်ကို ရှာလကာရည်စိမ်ထားတဲ့ပုံစံမျိုးတွေရပြီး ငရုတ်သီးကြော်လည်း ရနိုင်ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ ဘဲဥပေါင်းပါ။ ဘဲဥကိုမဆလာနှင့် အမွှေးအကြိုင်ကဲကဲလေးချက်ထားပြီး မာဆတ်နေတဲ့ ဘဲဥရဲ့အရသာက လုံးဝကိုထူးခြားလွန်းပါတယ်ဗျာ။

 

(၄) အနော်ရထာလမ်း နှင့် (၂၂)လမ်းထောင့်က ညဘက်ဖွင့်တဲ့ “ကာလိကော” ထမင်းကြော်

         ညဘက်မှဖွင့်တဲ့ဆိုင်ပါ။ ပဲပြုတ်ထမင်းကြော်အပြင် ဟင်းမျိုးစုံ၊ အသုပ်မျိုးစုံ၊ အအေးမျိုးစုံကိုလည်း ရနိုင်ပါတယ်။ ဒီဆိုင်လေးရဲ့ထူးခြားချက်ကတော့ ဟင်းတွေက အမြဲပူနွေးနေပြီး အသားကြော်တွေဆိုပြန်ကြော်ပေးပါတယ်။ ကန်စွန်းရွက်ကြော်ကလည်း တစ်ခါမှာရင် တစ်ခါကြော်ပေးတဲ့ပုံစံနှင့် ပူပူနွေးနွေးရနိုင်ပြီး ဟင်းအမျိုးအစားစုံလင်ပါတယ်။ ဒီဆိုင်က ဆိတ်စွပ်ကို တကူးတကလာစားကြတဲ့သူတွေအများကြီးရှိပြီး သစ်သီးဖျော်ရည်တွေရဲ့ အရသာကလည်း ကောင်းမွန်ပါတယ်။ ထူးခြားတာက သရက်ချဉ်သုပ်ကို အချဉ်အဖြစ်နှင့် အမြဲပေးလေ့ရှိပြီး ဟင်းရည်လည်းပေးပါတယ်။ ကျွန်တော်ကတော့ ဒီဆိုင်လေးကို အားလပ်တဲ့ညတွေတိုင်း သူငယ်ချင်းတွေနှင့်သွားလေ့ရှိပြီး မိုးလင်းပေါက်ဖွင့်တဲ့ဆိုင်ဖြစ်လို့ ညဘက် ဗိုက်ဆာတတ်တဲ့သူများအတွက်အဆင်ပြေပါတယ်။ ဒီဆိုင်က ပဲပြုတ်ထမင်းကြော်ကို ကြက်အူဟင်းနှင့် တွဲဖက်စားသုံးရတာကို ကျွန်တော်အနှစ်သက်ဆုံးပါပဲ။

 

(၅) မန္တလေးမြို့က ထမင်းကြော်ဆိုင်များ

         ဒီဘက်နှစ်ပိုင်းမှာ မန္တလေးကို ခဏခဏရောက်ဖြစ်ပါတယ်။ ရောက်တိုင်း တည်းခိုဖြစ်တာက ဆေးရုံကြီးပတ်ဝန်းကျင်က တည်းခိုခန်းတွေမှာပါ။ ညနေ (၅)နာရီဝန်းကျင်ဆို အဲဒီနေရာအနီးတစ်ဝိုက်မှာ ထမင်းကြော်ဆိုင်လေးတွေ အလျှိုလျှိုပေါ်လာကြပါပြီ။ အများအားဖြင့် လှည်းကလေးတွေနှင့် ခုံတန်းရှည်တွေအများကြီးနှင့် ဖွင့်လှစ်လေ့ရှိပါတယ်။ ဟင်းတွေကတော့ တကယ်ကိုမျိုးစုံလွန်းလို့ ရွေးရတောင်ခက်ပါတယ်။ ထမင်းကြော်အတွက် တစ်ပွဲမှာရင် အခမဲ့ချပေးတဲ့ဟင်းလျာတွေက တကယ့်ကိုမျိုးစုံပါပဲ။ နှမ်းဖတ်ချဉ်သုပ်၊ သီးစုံချဉ်ရည်၊ မျှစ်ကြော်၊ ချဉ်ပေါင်ကြော်၊ ငရုတ်သီးကြော်၊ ငါးနီတူခြောက်သုပ်၊ အာလူးချက် စသည်ဖြင့်ပေါ့။ တွေ့ရခဲတဲ့ အညာစာထူးထူးဆန်းဆန်းဟင်းတွေလည်း ရှိသလို၊ အသုပ်မျိုးစုံကိုလည်း တွေ့ရပါတယ်။ ကြက်ကြော်သုပ်၊ ငါးဖယ်သုပ်ကစလို့ စောင်းလျားသီးသုပ်၊ စကားပွင့်သုပ်တွေအထိရနိုင်ပါတယ်။ မန္တလေးကထမင်းကြော်ဆိုင်တွေမှာ ပဲပြုတ်ထည့်မပေးပါဘူး။ မြေပဲဆံနီကြော်တွေထည့်ပေးထားတာပါ။ ပြီးတော့ ကြာညိုနှင့်ကြော်တာမဟုတ်ပဲ နနွင်းဆီချက်နှင့် ခပ်ဝါဝါလေးကြော်ထားတာပါ။ ဆီခြောက်ခြောက်နှင့် ထမင်းဝါကြော်လေးကို မြေပဲဆံကြော်ကြီးတွေရဲ့ ကြွပ်ရွဆိပ်သက်နေတဲ့ အရသာ၊ အညာချက်ဟင်းလျာလေးတွေရဲ့ထူးခြားမှု၊ အညာအရသာအသုပ်လေးတွေနဲ့ ပေါင်းစပ်လိုက်တော့ မန္တလေးမြို့ရဲ့ညတွေဟာ ကျွန်တော့်အတွက် ဒီထမင်းကြော်ညစာတစ်ခုနှင့်တင် ပြီးပြည့်စုံခဲ့တာ အမှန်ပါပဲ။ ဆိုင်တိုင်းလိုလို ဒီပုံစံရှိလို့ တစ်ဆိုင်ကောင်း မညွှန်းတော့ပါဘူးဗျာ။

         ကဲ..ဒီနေ့တော့ ဒီလောက်ပါပဲဗျာ၊ ကျွန်တော်စားဖူးခဲ့သမျှပဲရေးထားလို့ ဆိုင်ကောင်းတွေကျန်ကောင်းကျန်နေပါဦးမယ်။ ကျန်နေသေးရင် အောက်ဟာ မန့်ပေးခဲ့ကြပါဦးဗျာ။ ကျွန်တော်သွားမြည်းကြည့်လိုက်ပါဦးမယ်နော်ဗျ။

MyLann - အွန်လိုင်းစားသောက်ဆိုင်လမ်းညွှန်