ရဲဝင့်သူ၏ "သူမြည်းစမ်းကြည့်ခဲ့သောအစားအစာများ" Series #7 942 views


MyLann မှတင်ဆက်သော ရဲဝင့်သူရဲ့ "သူမြည်းစမ်းကြည့်ခဲ့သော အစားအစာများ" #7

MyLann ပရိတ်သတ်စာဖတ်သူများအားလုံးပဲ.. မင်္ဂလာပါဗျာ ကျွန်တော်မြည်းစမ်းကြည့်ခဲ့ဖူးတဲ့နေရာစုံက အခုဆိုရင် (၇)ပတ်မြောက်ကိုရောက်လို့လာပါပြီဗျာ။ ဒီတစ်ပတ်အတွက် ကျွန်တော်ရွေးချယ်ထားတဲ့အစားအစာကတော့ ငါးဖယ်သုပ် (သို့) ငါးဖယ်အစာသွပ်ပါ။ 
ပြောရမယ်ဆိုရင်တော့ ငါးဖယ်သုပ်နှင့် ငါးဖယ်အစာသွပ်ဟာ ကျွန်တော့်ရဲ့အကြိုက်ဆုံး၊ စားလေ့စားထအရှိဆုံးအစားအစာတွေပါဗျ။ ၂၀၁၀ခုနှစ်ဝန်းကျင်ကာလတွေမှာ ကျွန်တော်ဟာ ပေါင်(၂၃၀)ကျော်လူဝကြီးဘဝကနေ (၁၆၀)ဝန်းကျင် ပုံမှန်လူတစ်ယောက်ဖြစ်လာအောင် Diet လုပ်ခဲ့ရတဲ့နေ့တွေရဲ့အဓိကအစားအစာတွေထဲမှာ ငါးဖယ်သုပ် (သို့) ငါးဖယ်အစာသွပ်က ရှေ့တန်းကပါပဲ။
အမေက ငါးဖယ်လုံးကိုကြော်၊ ဆီကိုသေချာစစ်ပြီး ရေခဲသေတ္တာထဲထည့်ပေးထားတယ်။ (ကိုလက်စထရောမများအောင် ပဲပိစပ်ဆီသုံးပါတယ်) ကျောင်းကပြန်လာပြီဆိုရင် ငါးဖယ်လုံးတွေကိုညှပ်၊ ပဲကြာဇံ၊ ဂေါ်ဖီ၊ ကြက်သွန်၊ ရှောက်ရွက်၊ နံနံပင်၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်ရွှဲရွှဲ၊ သံပုရာရည်ရွှဲရွှဲနှင့်သုပ်စားရတဲ့အရသာဟာ တကယ့်ကိုမမေ့နိုင်စရာပါပဲ။
ယုဇနပလာဇာ၊ မင်္ဂလာဈေးဘက်ရောက်ဖြစ်တိုင်းလဲ စားဖြစ်တဲ့အစားအစာက ငါးဖယ်အစာသွပ်ပါပဲ။ ဝိတ်လျှော့ချင်တွေ၊ ညဘက်အစားရှောင်သူတွေအတွက်တော့ တကယ့်ကိုအကောင်းဆုံးအစားအစာပါပဲဗျာ… ကဲ ကျွန်တော်ဆိုင်တွေအကြောင်းကို ပြောပြမယ်နော်။

(၁) ကျောက်မြောင်း၊ သီတာလမ်းထိပ်က ငါးဖယ်အစာသွပ်ဆိုင်
ကျောက်မြောင်းမှာတော့ တကယ့်ကိုနာမည်ကြီးပါပဲ။ မသိသူမရှိပါဘူး၊ အရမ်းကိုသန့်ရှင်းတဲ့အပြင်အဆင်၊ ငါးဖယ်အစစ်ကိုအသုံးပြူထားပြီး သုံးစွဲတဲ့ပစ္စည်းတွေကအစ တကယ်ကို Quality ကောင်းပါတယ်။ ငါးဖယ်အစစ်ရဲ့အရသာက ငါးခြစ်နှင့်တော်တော်ကွာခြားပါတယ်။ အဲဒီဆိုင်မှာ ငါးဖယ်ခြစ်အစစ်နှင့်ပြုလုပ်ထားတဲ့ငါးဖယ်အစာသွပ်ကို ခံစားနိုင်ပါတယ်။ ဈေးကတော့ နည်းနည်းပိုပေမယ့် စားရတဲ့အရသာနှင့်တန်ပါတယ်။ ချစ်စရာကောင်းတဲ့ပုံစံနှင့် ပဲပြားအစာသွပ်တွေလည်းရနိုင်ပြီး ပဲပြားရော၊ ငါးဖယ်ရောအတွက်သုံးတဲ့ ကြက်သွန်ဖြူဆီချက်လေးက အရမ်းမွှေးပျံ့နေပြီး ပဲပြားအစာသွပ်မှာဆိုရင်တော့ ထည့်ပေးတဲ့ပုစွန်ခြောက်က နီရဲကြွပ်နေတဲ့ကြပ်တိုက်ခြောက်အမျိုးအစားဖြစ်လို့ တအားမွှေးပါတယ်။ အချဉ်နှင့် ငံပြာရည်၊ ဆီချက်ကအစ သပ်သပ်ရပ်ရ်ထည့်ပေးတတ်ပြီး သဘောကောင်းတဲ့ဆိုင်ရှင်အန်တီကြောင့် ဒီဆိုင်ကကျွန်တော်ရဲ့ Favourite ပါပဲဗျာ။

(၂) ယုဇနပလာဇာဝန်းကျင်က ငါးဖယ်အစာသွပ်ဆိုင်များ
ယုဇနပလာဇာဝန်းကျင်မှာ ငါးဖယ်အစာသွပ်ဆိုင်တွေအများကြီးရှိုပါတယ်။ စက်ရုံတစ်ရုံတည်းကထွက်သလားထင်ရလောက်အောင်ပြင်ဆင်မှု၊ သုံးစွဲတဲ့ပစ္စည်းတွေကတူနေပေမယ့် အရသာကတော့ကွဲပြားပါတယ်။ ကျွန်တော်ကတော့ Main ဝင်ပေါက်နားကဆိုင်တွေမှာစားဖြစ်ပါတယ်။ အဲဒီဆိုင်တွေမှာသုံးထားတဲ့ ကြက်သွန်ဆီချက်မှာ ကြက်သွန်ဖြူကြော်က Ready Made ကိုသုံးထားတာဆိုတော့ မွှေးသင့်သလောက်မမွှေးဘူးလို့ခံစားရပါတယ်။ အရင်ကတော့ ရှောက်သီးမွှာလေးတွေကိုသုံးကြပေမယ့် အခုတော့ Ready Made ရှောက်ရည်တွေကိုသုံးလာကြတာကိုလည်း ခေတ်ကာလရံပြောင်းလဲမှုတစ်ရပ်အနေနဲ့ မြင်တွေ့လာရပါတယ်။ နောက်ပြောင်းလဲမှုတစ်ခုကတော့ ကောင်းသောပြောင်းလဲမှုပါ။ အရင်က ငရုတ်သီးစိမ်းတောင့်လေးတွေကိုသုံးပေမယ့် အခုတော့ငရုတ်သီးစိမ်းရည် (ရခိုင်ငရုတ်ရည်)ကိုသုံးလာကြပါတယ်။ အရသာဆန်းသစ်သွားတာပေါ့ဗျာ။ ငါးဖယ်ခြစ်အစစ်တော့မဟုတ်လောက်ဘူးလို့ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေးရတဲ့ဈေးနဲ့တန်ပြီး စားကောင်းလွန်းလို့ ကျွန်တော်ကတော့ ပလာဇာရောက်ရင်ဖြင့် မစားရမနေနိုင်ပေါင်ဗျာ။

(၃) ကလေးဘဝထဲကမှတ်မိရတဲ့ မင်္ဂလာဈေးရှေ့က ငါးဖယ်အစာသွပ်
ငယ်ငယ်က အဖေတကူးတက သွားဝယ်ကျွေးတဲ့ဆိုင်ပေါ့။ မင်္ဂလာဈေးရဲ့ဘေး၊ ဖန်စီနှင့်အရုပ်ဆိုင်တွေနား၊ ကြက်လျှာစွန်းဒံပေါက်နှင့် မျက်စောင်းထိုးလောက်မှာရှိတယ်။ စားသောက်ဆိုင်လေးတွေစုနေတဲ့နေရာမှာပါ။ ငယ်ငယ်ကစားဖူးတဲ့အရသာကို အရင်ပြောပြမယ်နော်။ ငါးဖယ်အစာသွပ်ကို ထူးထူးခြားခြားမမှတ်မိပေမယ့် ပဲပြားအစာသွပ်ကတော့ တကယ့်ကိုမမေ့နိုင်လောက်အောင်ပါပဲ။ ပဲပြားကြော်ကို ဂေါ်ဖီမျှင်မျှင်လေးတွေသွပ်၊ ကြက်သွန်ဖြူဥသေးလေးတွေနှင့်ချက်ထားတဲ့ ဆီချက်မွှေးမွှေးလေး၊ နီရဲနေတဲ့ပုစွန်ခြောက်အကောင်ကြီးတွေ၊ ပြီးတော့ကြွပ်ရွနေတဲ့မြေပဲဆံထောင်းစတာကို အပေါ်ကဖြူးထားတယ်။ အားပါး.. ပြောရင်းတောင်စားချင်လာပြီဗျ။ ငါးဖယ်ရဲ့အရသာကလည်း အပြင်ခွံမာမာလေးမှာ အထဲကငါးဖယ်အသားကချိုဆိမ့်လို့ တကယ်လို့မမေ့နိုင်စရာ ငယ်ဘဝရဲ့အရသာတွေပါ။ ဝမ်းနည်းဖို့ကောင်းတာက အခုအဲဒီဆိုင်လေးရှိသေးပေမယ့် ကျွန်တော်ပြောဖြစ်တဲ့ပုံစံမျိုး ဘယ်လိုမှပြန်မရနိုင်တော့ပါဘူးတဲ့။ ပြုလုပ်ရောင်းချတဲ့လူတွေလဲပြောင်း၊ ကုန်ဈေးနှုန်းတွေကတက်နဲ့ ကျွန်တော်ပြောပြခဲ့တဲ့အရသာဆိုတာ အိပ်မက်ထဲမှာပဲရှိပါတော့တယ်။

(၄) မင်းလမ်းက ငါးဖယ်သုပ်
ဘုရားစူးရပါစေ။ မင်းလမ်းကို ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကမှစားဖူးတာပါ။ နာမည်ကြီးမုန့်တီဆိုင်ကမုန့်တီက တကယ့်ကိုနာမည်ကြီးလောက်အောင်ကောင်းပါတယ်။။ အခုပြောပြချင်တာက ငါးဖယ်သုပ်ပါ။ စစချင်း ငါးဖယ်သုပ်မှာပြီး လာချတော့ ငါးဖယ်သုပ်ဟုတ်ရဲ့လားလို့တောင် ထင်မိတာပါ။ ငါးဖယ်ကြော်စစ်စစ် (ငါးခြစ်မဟုတ်ဟုထင်ပါတယ်)ကို ဂေါ်ဖီ၊ သခွား၊ ဥနီအမျှင်ရှည်လေးတွေနှင့် Ready Made ငရုတ်ဆီ Sauce ကိုသုံးပြီးသုပ်ထားတာပါ။ အရသာက စားနေကျနဲ့ကွဲထွက်လို့ထူးခြားနေပါတယ်။ အာလူးနှင့် နှမ်းနက်လဲ ပါပါသေးတယ်။ မင်းလမ်းချစ်သူတွေတော်တော်များများတော့ စားဖူးကြမယ်ထင်ပါတယ်။ မင်းလမ်းစတိုင်ပေါ့ဗျာ။ 

(၅) လသာလမ်း(၂၀)ထိပ်က ငါးဖယ်သုပ်နှင့်ငါးဖယ်အစာသွပ်
အိမ်နှင့်နီးတော့ အမြဲလိုလိုစားဖြစ်ပါတယ်။ ကြာဇံချက်၊ ရှောက်သီးသုပ်စတာတွေလဲရတယ်။ သန့်ရှင်းတယ်။ ငါးဖယ်လေးတွေကတော့ တကယ့်ကိုပြားစေ့ size ပါပဲ။ ဟဲဟဲ.. အရသာကမဆိုးဘူးလို့ပြောနိုင်ပါတယ်။ တရုတ်တန်းတဝိုက်နေသူတိုင်း စားဖူးကြမယ်ထင်ပါတယ်။ ငါးခြစ်နည်းနည်းရောတယ်လို့ ခံစားရပါတယ်။

(၆) မနက်မနက်ဆို (၁၈)လမ်းဈေးထဲမှာ ဒယ်အိုးများစွာနှင့်ကြော်ရောင်းနေတဲ့ ငါးဖယ်ကြော်ဆိုင်တွေရှိတယ်။ တကယ်တော့ ငါးခြစ်တွေပါ။ ဒါပေမယ့် အရသာက အရမ်းကိုကောင်းပါတယ်။ 

ကျွန်တော့အဘွားရဲ့အကောင်းဆုံးလျှို့ဝှက်ငါးဖယ်ကြော်နည်းတစ်ခုကိုမျှဝေပေးချင်ပါတယ်။ ငါးဖယ်(၁၀)သားကို အသားမှုန့်တစ်ဇွန်းပေါ့။ ဝယ်လာတဲ့ငါးဖယ်ကို ထောင်းတဲ့အခါ No ကြက်သွန်ဖြူ၊ No ဂျင်း၊ No ဆား၊ No အချိုမှုန့် ပါတဲ့။ ကြက်သားမှုန့်တစ်ခုပဲထည့်ပြီးစေး၊ ညက်နေအောင်ထောင်းပါက ထွက်လာတဲ့အရသာက အရမ်းအရမ်းကိုကောင်းလွန်းလို့ ကျွန်တော်ဆို အဖွားတစ်ခါကြော်ပေးရင် (၁၀)သားလောက်ပြိုက်ခနဲပါပဲ။ ကဲ..ဒီအပတ်တော့ ဒီလောက်ပါပဲ။ နောက်အပတ်မှာပြန်တွေ့ချင်ပါတယ်ဗျာ။